ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ဘူတာအနီးရှိ ပန်းခြံအဝိုင်းဘေး ခြုံပုတ်အစပ်တွင် နိုဝင်ဘာလ၂၇ ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်က ချိန်ကိုက်မိုင်း တစ်လုံးတွေ့ရှိခဲ့ကြောင်း သိရသည်။အဆိုပါ ချိန်ကိုက်မိုင်းအား ခရီးသွားပြည်သူတစ်ဦးက ကြွပ်ကြွပ်အိတ် အမဲရောင်ဖြင့်ထုပ်ထားသော မသကာၤဖွယ်ရာ အထုပ် တစ်ထုပ်တွေ့ရှိကြောင်း မီးရထားရဲစခန်းသို့ သတင်းပေးပို့ချက်အရနယ်မြေရဲစခန်းမှ တာဝန်ရှိသူများက ရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။မသကာၤဖွယ်ရာ အမဲရောင်ကြွပ်ကြွပ်အိတ်အတွင်း အလျား ရှစ်လက်မ၊ အမြင့် ခြောက်လက်မခန့်ရှိ ကတ်ထူ စက္ကူပုံးအတွင်း လေးလက်မခန့်ရှိ TNT 200 ဂရမ် ယမ်းတုံး လေးတုံး၊ အရှည်ခြောက် လက်မခန့်ရှိ အနီရောင်ယမ်းကြိုး နှစ်ချောင်း၊ အရှည် သုံးလက်မခန့်ရှိ အနီရောင်ယမ်းကြိုး ၂၆ ချောင်း၊ ဖယောင်းဖြင့် မံထားသော ဘောစေ့များပါ ကတ်လေးကတ်၊ ပန်းရောင်ဆပ်ပြာခွက်အောက်ခံ သုံးခု ၊ မီးခလုတ် တစ်ခု၊ ဒစ်ဂျစ်တယ် ချိန်ကိုက် နာရီ တစ်လုံး၊ 9 ဗို့ဓါတ်ခဲ နှစ်လုံးတို့အား တွေ့ရှိရပြီး ဒေသန္တရလုပ် ချိန်ကိုက်မိုင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ရှမ်းပြည်နယ်အတွင်း ချိန်ကိုက်မိုင်း တွေ့ရှိရမှုသည် သုံးရက်အတွင်း နှစ်ကြိမ်တွေ့ခဲ့ခြင်း ဖြစ်ကာ နိုဝင်ဘာ ၂၅ ရက်နေ့ ညပိုင်းကလည်း မန္တလေး-လားရှိုးပြည်ထောင်စု ကားလမ်းမကြီးဘေးရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့အဝင် Green Luck စက်သုံးဆီဆိုင် အနီးတွင် အချိန်ကိုက် မိုင်းထောင်ထားခဲ့မှုအား တွေ့ရှိခဲ့ပြီး ရှင်းလင်းမှု ပြုလုပ်ခဲ့ရကြောင်း သိရသည်။















