ပါဝင်သင့်တဲ့ ၁၆ ရက်တာ

ပါဝင်သင့်တဲ့ ၁၆ ရက်တာ
Published 26 November 2015
ကျွန်း

အမျိုးသမီးတွေ အပေါ်မှာ နည်းမျိုးစုံနဲ့ အကြမ်းဖက်နေမှုတွေကို ရပ်တန့်စေဖို့၊ ပပျောက်စေဖို့ ပြုလုပ်တဲ့ ၁၆ ရက်တာ လှုပ်ရှားမှုကို နိုဝင်ဘာလ ၂၅ ရက်ကနေ ဒီဇင်ဘာလ ၁၀ ရက်အထိ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဆောင်ရွက်ကြပါတယ်။ နိုဝင်ဘာလ ၂၅ ရက်က ‘အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အကြမ်းဖက်ခံရမှု ပပျောက်ရေးနေ့’ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်ကတော့ ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့’ ဖြစ်ပါတယ်။ အမျိုးသမီးတွေကို ပုံစံမျိုးစုံ၊ နည်းမျိုးစုံနဲ့ အကြမ်းဖက်ခြင်းက လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်တဲ့အတွက် လူ့အခွင့်အရေးနေ့အထိ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ကြားထဲမှာ ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကာကွယ်သူ အမျိုးသမီးများနေ့’ (နိုဝင်ဘာ ၂၉)၊ ‘ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့’ (ဒီဇင်ဘာ ၁) နဲ့ ‘အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့’ (ဒီဇင်ဘာ ၃) လို့ သက်ဆိုင်တဲ့ အထင်ကရနေ့တွေလည်း ပါဝင်ပါတယ်။ ဒီနှစ်က တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ၁၆ ရက်တာ လှုပ်ရှားမှုတွေ စတင်ဆောင်ရွက်ခဲ့တာ ၂၄ နှစ်ပြည့်တဲ့နှစ် ဖြစ်ပါတယ်။ဒီရက်တွေ အတွင်းမှာ ၁၆ ရက်တာ လှုပ်ရှားမှု သမိုင်းနဲ့ ဖဲကြိုးဖြူ အကြောင်းကို မီဒီယာ များစွာကနေ ဖော်ပြ အသံလွှင့်ကြမယ်လို့ ယူဆတဲ့အတွက် ကျွန်မ ဒီဆောင်းပါးမှာ ချန်လှပ်ထားခဲ့ချင်ပါတယ်။ ၁၆ ရက်တာ လှုပ်ရှားမှုအတွက် ကျွန်မ ပြောပြချင်တာက အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုဆိုတဲ့အကြောင်း ဖြစ်ပါတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေလို့ ပြောလိုက်ရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုသာ မြင်ကြလေ့ ရှိပါတယ်။ ဒါတွေကိုတောင် အခြေအနေပေါ်မှာ မူတည်ပြီး အကြမ်းဖက်မှု မဟုတ်ဘူးလို့ ယုံကြည်ယူဆကြတာတွေ ရှိပါသေးတယ်။ ဥပမာအားဖြင့် အမျိုးသမီး တစ်ယောက်ကို ချစ်သူ၊ ဒါမှမဟုတ် အိမ်ထောင်ဖက်က အဓမ္မပြုကျင့်ခြင်းကို အကြမ်းဖက်တယ်လို့ လက်ခံဖို့ ခက်ခဲကြသလို အိမ်ထောင်ဖက်က အမျိုးသမီး တစ်ဦးကို ရိုက်နှက်တာကလည်း အကြမ်းဖက်တဲ့ကိစ္စ၊ အများနဲ့ဆိုင်တဲ့ ကိစ္စလို့ လက်ခံဖို့ ခက်ခဲတတ်ကြပါတယ်။ အမျိုးသမီးက အလိုတူခဲ့တယ်လို့ ယူဆကြတဲ့ အနေအထားမျိုးမှာလည်း အကြမ်းဖက်မှု မဖြစ်ဘူးလို့ ယူဆလေ့ ရှိပါတယ်။ ရုတ်တရက် ကြည့်ရင် အလိုတူစွာ လိုက်လျောခဲ့သလို ထင်မြင်ပေမယ့် တစ်စုံတစ်ခုနဲ့ အကျပ်ကိုင်ပြီး ငြင်းရခက်တဲ့ အနေအထားမျိုးရောက်အောင် ဖန်တီးခဲ့ရင်လည်း အဲဒါက အကြမ်းဖက်မှုပဲ ဖြစ်ပါတယ်။အကြမ်းဖက်တဲ့ လုပ်ဆောင်မှုတွေထဲမှာ ပါဝင်တာက ထင်သာမြင်သာရှိတဲ့ အရာတွေချည်း မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာ၊ ပညာရေးပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ၊ ကိုးကွယ်မှုပိုင်းဆိုင်ရာ စတာတွေလည်း ပါဝင်ပါတယ်။ အလုပ်လုပ်ချင်တဲ့ အမျိုးသမီး တစ်ဦးကို အိမ်အပြင်ထွက် အလုပ်လုပ်ခွင့် မပေးတာမျိုးကလည်း အကြမ်းဖက်မှုထဲ ပါဝင်ပါတယ်။ သဝန်အတိုလွန်ပြီး အခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံခွင့်ကို ပိတ်ပင်ထားတာမျိုးတွေကလည်း အကြမ်းဖက်မှုထဲ ပါဝင်ပါတယ်။ ပညာသင်ခွင့် ပိတ်ပင်ခြင်းကလည်း အကြမ်းဖက်ခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ရရှိထားတဲ့ အချက်အလက်တွေအရ အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု အများစုကို သူတို့ရဲ့ ချစ်သူ၊ အိမ်ထောင်ဖက်စတဲ့ လက်တွဲဖော်တွေကနေ ပြုလုပ်ခြင်း ဖြစ်တယ်လို့ သိရှိရပါတယ်။အမျိုးသမီးတွေ အကြမ်းဖက်ခံရသလို အမျိုးသားတွေမှာလည်း အကြမ်းဖက်ခံရမှုတွေ ရှိပါတယ်။ ဒါပေမဲ့ ရာခိုင်နှုန်းအားဖြင့် ကြည့်ရင် (လိင်တူချစ်သူ အမျိုးသားတွေကို ထည့်မစဉ်းစားရင်) ကွာဟ နည်းပါးတဲ့အပြင် အမျိုးသားတွေရဲ့ အကြမ်းဖက်ခံရမှုကို ပတ်ဝန်းကျင်က မြင်လွယ်၊ လက်ခံလွယ်၊ သဘောပေါက်လွယ်လှပါတယ်။ အမျိုးသမီးတွေရဲ့ အကြမ်းဖက်ခံရမှုတွေက ယဉ်ကျေးမှုတွေ အစဉ်အလာတွေ အစွဲအလမ်းတွေ ယုံကြည်မှုတွေ ကြားထဲမှာ ဖြစ်ရိုးဖြစ်စဉ်တွေအဖြစ် နစ်မြုပ်ပျောက်ကွယ်နေတဲ့အတွက် ဒါကို သတိပြုမိလာအောင် အထူးတလည် လှုံ့ဆော် ဆောင်ရွက်နေကြရခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ရိုးရာ အစဉ်အလာ ပုံပြင်တွေကို ပြန်ကြည့်လိုက်ရင် အမျိုးသမီးဆိုတာ ဖခင်ရဲ့ ပိုင်ဆိုင်မှု၊ ယောက်ျားရဲ့ ပိုင်ဆိုင်မှုသာဖြစ်ကြောင်း နေရာများစွာမှာ ညွှန်းဆိုနေတာကို တွေ့ရှိရပါမယ်။ ဘုရင့်သမီးတော်လို နေရာမျိုးမှာ ရှိသူတွေတောင်မှ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ဖခင်က ဆက်သလို့ရတဲ့ ပစ္စည်းတစ်ခုလို အနေအထားမျိုးရှိကြောင်း ညွှန်းဆိုနေတာတွေကို တွေ့နိုင်ပါတယ်။ ဒီလို ပုံပြင်တွေ၊ ယုံကြည်မှုတွေကြားက ကြီးပြင်းလာကြတဲ့ လူသားတွေအဖို့ ဒါတွေဟာ အကြမ်းဖက်မှု ဖြစ်ကြောင်းမြင်ဖို့ အလွန်ကို ခဲယဉ်းပါလိမ့်မယ်။အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုရဲ့ အကြောင်းရင်း ဇာစ်မြစ်ကို ကြည့်ရင် ကျား- မရေးရာ တန်းတူညီမျှမှု မရှိစေတဲ့ အနေအထားတွေကြောင့်ဖြစ်ကြောင်း တွေ့ရှိရပါမယ်။ အမျိုးသမီးတွေ ဘယ်လိုနေရမယ်၊ ဘယ်လိုဖြစ်ရမယ်ဆိုတဲ့ စံနှုန်းသတ်မှတ်ချက်တွေ ယုံကြည်မှုတွေအပြင် အမျိုးသားတွေ ဘယ်လိုနေရမယ်၊ ဘယ်လိုဖြစ်ရမယ်ဆိုတဲ့ စံနှုန်းသတ်မှတ်ချက်တွေကလည်း ရေသောက်မြစ်တွေထဲမှာ ပါဝင်ပါတယ်။ လူမှန်း သိတတ်ခါစ ယောက်ျားလေးငယ် တစ်ဦးကို ‘မင်းယောက်ျား မဟုတ်ဘူးလား’ ဆိုတဲ့ စကားလုံးနဲ့ စံနှုန်းချမှတ်ပေးလိုက်တာက အကြမ်းဖက်မှုတွေ ဖြစ်စေမယ့် မီးပွားလေးတစ်စ ဖြစ်ပါတယ်။ အမျိုးသမီးတွေ လမ်းသွားရင် အော်ခြင်း၊ စခြင်း၊ ဘတ်စ်ကား အတက်အဆင်းမှာ ဘတ်စ်ကားစပယ်ယာတွေရဲ့ လက်ပါတဲ့ အပြုအမူစတဲ့ အသေးအဖွဲလို့ ထင်ရတာတွေကို မသိကျိုးကျွန်ပြုရာ၊ လက်ခံရာက နေသားကျလာပြီး ပိုမိုဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ဖြစ်စေမယ့် အခြေအနေကို ရောက်ရှိသွားခြင်း ဖြစ်ပါတယ်။ ပါဝါ မညီမျှမှု၊ ရထားတဲ့ ပါဝါကို အလွဲသုံးစား ပြုမှုတွေက ပြဿနာ အတော်များများရဲ့ ရေသောက်မြစ် ဖြစ်သလို အမျိုးသမီးတွေ အကြမ်းဖက်ခံရခြင်းရဲ့ ရေသောက်မြစ် တစ်ခုလည်း ဖြစ်ပါတယ်။UNDP, UNFPA, UN Women, Un Volunteers တို့ ပူးပေါင်းပြီး နိုင်ငံခြောက်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသန တွေ့ရှိချက်ကလေးက ထိတ်လန့်စရာ ကောင်းပါတယ်။ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၃ ခုနှစ် အတွင်းမှာ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ သီရိလင်္ကာနဲ့ ပါပူဝါနယူးဂီနီတို့မှာ ၁၈ နှစ်နဲ့ ၄၉ နှစ်ကြားမှာရှိတဲ့ အမျိုးသား ၁၀၁၇၈ ဦးကို လေ့လာခဲ့တာပါ။ အဲဒီမှာ ပါဝင်ဖြေဆိုသူ အမျိုးသားတွေထဲက လေးယောက်မှာ တစ်ယောက်က သူတို့ဟာ သူတို့ရဲ့ လက်တွဲဖော် အမျိုးသမီးတွေကို ရုပ်ပိုင်းဆိုင်ရာအရဖြစ်စေ လိင်ပိုင်းဆိုင်ရာအရဖြစ်စေ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဆိုကြပါတယ်။ အဲဒီအထဲက ၁၀ ယောက်မှာ တစ်ယောက်က သူတို့ဟာ အမျိုးသမီးတစ်ဦးကို ဖြစ်စေ၊ မိန်းကလေးငယ်တစ်ဦးကို ဖြစ်စေ အဓမ္မပြုကျင့်ခဲ့ဖူးတယ်။ တစ်နည်းအားဖြင့် မုဒိမ်းမှု ကျူးလွန်ဖူးတယ်လို့ ဆိုကြပါတယ်။ ကျူးလွန်ခဲ့သူ တစ်ဝက်က သူတို့ ပထမဆုံးအကြိမ် အဓမ္မ ပြုကျင့်ခဲ့ချိန်ဟာ သူတို့ရဲ့ ဆယ်ကျော်သက်အရွယ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။အကြမ်းဖက်မှု ကျူးလွန်ခဲ့သူတွေဟာ အကြမ်းဖက်မှုတွေ များပြားပြီး ပျော်စရာ မကောင်းတဲ့ မိသားစု၊ နေအိမ်တွေမှာ ကြီးပြင်းလာရတဲ့သူတွေ ဖြစ်လေ့ရှိတာကို တွေ့ရပါတယ်။ သူတို့က အမျိုးသားတွေဟာ အမျိုးသမီးတွေနဲ့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ပိုင်ခွင့် ရှိတယ်လို့ ယုံကြည်ကြပါသတဲ့။ အဓမ္မ ပြုကျင့်ခြင်းကို ကျူးလွန်ခဲ့ဖူးတဲ့ အမျိုးသား အများစုက သူတို့ ကာမဆက်ဆံမှုကို အလိုရှိတဲ့ ကာလတွေမှာ သူတို့လိုချင်တာအတွက် ခွင့်ပြုချက် ရယူနေစရာ မလိုဘူးဆိုတဲ့ အနေအထားကို ပြသဖို့အတွက် အဓမ္မ ပြုကျင့်ခဲ့တာလို့ ဆိုကြပါတယ်။ သူတို့မှာ ယောက်ျားဆိုတာ ကြမ်းတမ်းရမယ်၊ ထိန်းချုပ်လွှမ်းမိုးနိုင်စွမ်း ရှိရမယ်ဆိုတဲ့ ယုံကြည်ချက်တွေ ရှိကြပါသတဲ့။ ဖြေဆိုတဲ့ အမျိုးသားတွေရဲ့ ၈၇ ရာခိုင်နှုန်းက ယောက်ျားပီသခြင်းဆိုတဲ့ အဓိပ္ပာယ်က ကြမ်းတမ်းခြင်းလို့ ဆိုကြပါတယ်။ ဒီတွေ့ရှိချက် ဒီလူဦးရေလောက်နဲ့ အရာရာက ဒီအတိုင်း အမှန်ပါပဲလို့ ခြုံငုံကောက်ချက်ချလို့ မရပေမယ့် စတင်စဉ်းစားစရာ၊ ဦးတည်ဆောင်ရွက်စရာ အချက်ကလေးတွေကိုတော့ ရရှိခဲ့ပါတယ်။

Most Read

Most Recent