ပြင်ပဈေးကွက် တစ်ဒေါ်လာလဲနှုန်း ၁၃၀၅ ကျပ်ဝန်းကျင်အထိ ဆက်တိုက်မြင့်တက်လာကြောင်း ပြင်ပဈေးကွက်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။
ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းတွင် ဒေါ်လာတန်ဖိုး တိုးမြှင့်သတ်မှတ်ခြင်းနှင့်အတူ နိုဝင်ဘာ တတိယပတ်မှစ၍ မြင့် တက်လာခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ နောက်ဆုံးပတ် ၂၄ ရက် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၃၀၅ ကျပ် ဝန်းကျင်အထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၂၄ ရက်တွင် ဖြစ်ပေါ်နေသော ဗဟိုဘဏ်၏ သတ်မှတ်ဒေါ်လာလဲနှုန်း ကျပ် ၁၃၀၀ သည် နှုန်းရှင် ငွေလဲနှုန်းစနစ် စတင်ခဲ့သည့်၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်ဈေးဖြင့် နှိုင်းယှဉ်ပါက သုံးနှစ်ကျော်အတွင်း ၄၈၅ ကျပ် တိုးမြှင့်သတ်မှတ်ထားခြင်း ဖြစ်သည်။
ဗဟိုဘဏ် သတ်မှတ်ငွေလဲနှုန်းသည် နိုဝင်ဘာ တတိယပတ် ၁၆ရက် တစ်ဒေါ်လာလျှင် ၁၂၈၈ ကျပ်မှစ၍ နိုဝင်ဘာနောက်ဆုံးပတ် ၂၄ ရက်အထိ တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၀ အထိ ဆက်တိုက်တိုးမြှင့် သတ်မှတ်ထားကြောင်း သိရသည်။ နိုဝင်ဘာ ၂၄ ရက်တွင် နိုင်ငံခြားငွေကြေးလေလံတွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၀ နှုန်းဖြင့် အမေရိကန်ဒေါ်လာ ခုနစ်သန်းကို ရောင်းချခဲ့သည်။
ဗဟိုဘဏ်အနေဖြင့် နိုဝင်ဘာနောက်ဆုံးပတ် ၂၃ ရက်နှင့် ၂၄ရက် နှစ်ရက်အတွင်း နိုင်ငံခြားငွေကြေးလေလံ ဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာ ၁၄ သန်း ရောင်းချထားသည်။ ပြည်တွင်းပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာများ၌ တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၃၁၀ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၁၂၉၅ ကျပ်ဝန်းကျင် ရှိခဲ့သည်။
နိုဝင်ဘာ ၂၄ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၃၀၀ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ကျပ်၁၃၀၅ ဝန်းကျင်၊ ဝယ်ဈေး ၁၃၀၀ ကျပ် ဝန်းကျင်တွင် ရှိနေသည်။ ပြင်ပဈေးကွက်တွင် စင်ကာပူ တစ်ဒေါ်လာလျှင် ရောင်းဈေး ကျပ် ၉၃၀ ဝန်းကျင်၊ ဝယ်ဈေး ကျပ် ၉၂၀ ဝန်းကျင်နှင့် ယူရိုလဲနှုန်းမှာ တစ်ယူရို လျှင်ရောင်းဈေး ၁၃၈၈ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ကျပ် ၁၃၈၀ ဝန်းကျင်တွင် ရှိနေသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ် သတ်မှတ်ပေးနေသည့် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းနှင့် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေဈေးကွက်မှာ ကွာဟချက်များနေခြင်းကြောင့်ဟုဆိုကာ ဗဟိုဘဏ်၏ နေ့စဉ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို ဇူလိုင် ၁၃ ရက် တစ်ဒေါ်လာ သတ်မှတ်နှုန်း ကျပ် ၁၂၀၀ မှစ၍ တိုးမြှင့်သတ်မှတ်ခဲ့ပြီးနောက် လေးလအကြာတွင် တစ်ဒါ်လာလျှင် ကျပ် ၁၃၀၀ အထိ ကျပ် ၁၀၀ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။















