မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဝယ်လန်း ကျေးရွာမဲရုံတွင် ကြိုတင်မဲ မသမာမှု ပြုလုပ်သည်ဟုဆိုကာ မဲရုံမှူးအပါအဝင် ဆရာမသုံးဦးအား မဲနှစ်မဲကွာဟမှုဖြင့် ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းအောင်သူက တရားလိုပြုလုပ်ပြီး နိုဝင်ဘာ ၂၁ ရက်တွင် ချောင်းဆုံမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။
အမှုဖွင့် တိုင်ကြားခံရသည့် ဝယ်လန်းကျေးရွာ မဲရုံတာဝန်ကျ ဆရာမများမှာ မဲရုံမှူး ဒေါ်အေးဝင်း၊ ဒုမဲရုံမှူး ဒေါ်အေးအေးစိုးနှင့် မဲစာရင်းစစ်သူ ဒေါ်ချိုချိုထွေး ဖြစ်ကြောင်းနှင့် (ပ) ၂၂၇/၂၀၁၅၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ၅၉ (ဂ) ဖြင့် အမှုဖွင့်ထားကြောင်း ချောင်းဆုံမြို့မ ရဲစခန်းမှ စုံစမ်း သိရသည်။
“မူလဖြစ်စဉ်ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ မသိရဘူး။ ကျွန်တော့်ရဲ့ မဲရုံကိုယ်စားလှယ်တွေ လာပြောလို့သိရတဲ့ အနေအထားမျိုးပဲ ရှိပါတယ်။ အဲဒီမဲရုံ ကိုယ်စားလှယ်တွေက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ တိုင်ချက်ဖွင့်ပြီးတော့ တိုင်တယ်။ ခရိုင်၊ ပြည်နယ်နဲ့ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကို မိတ္တုပေးတယ်။ အဲဒီတိုင်တဲ့အပေါ် မူတည်ပြီးမှ ကျွန်တော်က ရဲစခန်းမှာ အမှုဖွင့်တာပါ” ဟု ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ဦးမင်းအောင်သူက Daily Eleven သတင်းစာသို့ ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “ဖြစ်စဉ်က ဝယ်လန်းကျေးရွာ မဲရုံမှာ ကြိုတင်မဲက မဲ ၄၀ ရှိ တယ်။ မဲ ၄၀ ထဲမှာ USDP ၂၇ မဲ ရတယ်။ မွန်အမျိုးသားပါတီက နှစ်မဲ။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက နှစ်မဲ။ NLD က ရှစ်မဲ။ ဘာမှမရိုက်ထားတဲ့ ပယ်မဲက တစ်မဲ။ အဲဒါကို မဲရုံကိုယ်စားလှယ်တွေရော၊ မဲရုံမှူးနဲ့ အဖွဲ့ဝင်တွေရော၊ ကော်မရှင်ကရောက အတည်ပြုပေးလိုက်ပြီး အသိသက်သေတွေကလည်း လက်မှတ်ထိုးပြီးမှ ပြီးသွားပြီ ဆိုပြီး ပြန်သွားကြ တယ်။ နောက်ကြာလို့မဲရုံကို လာပြန်ကြည့်ကြတော့ မဲရလဒ်တွေ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတာကို မဲရုံကိုယ်စားလှယ်တွေက သိရတယ်။ မဲရလဒ်ကို ပြန်ကြည့်တဲ့အခါမှာ ဘာမှမရိုက်ထားတဲ့ ပယ်မဲတစ်မဲက ပျောက်ပြီးတော့မှ ကျွန်တော့်ဆီက ၂၇ မဲက တစ်မဲလျော့ပြီးတော့မှ ၂၆မဲ ဖြစ်သွားတယ်။ ပြီး တော့ NLD ကရတဲ့ ရှစ်မဲက (၁၀) မဲ ဖြစ်သွားတယ်။ အဲဒါတွေကြောင့် ရဲစခန်းမှာ အမှုလာဖွင့်တာဖြစ်ပါတယ်။ ဒီအမှုအဆုံးထိ လုပ်ဆောင်သွားမှာပါ”ဟု ပြောကြားသည်။
“မဲရေတွက်တဲ့ အချိန်မှာလည်း မဲရုံကိုယ်စားလှယ်တွေ အားလုံးစောင့်ကြည့်ပါတယ်။ ဘယ်ကိုယ်စားလှယ်လောင်းက မဲဘယ်လောက်ရတယ်။ ပယ်မဲက ဘယ်လောက် ဖြစ်တယ်ကိုပေါ့။ အသေအချာလည်း ရေတွက်ထားပြီးပြီ။ အတည်လည်း ပြုထားပြီးပြီး။ ပုံစံ (၁၆) စာရင်းလည်း သွင်းထားပြီးပြီ။ မဲအားလုံး စစ်ဆေးကြေညာပြီးတော့ ကြိုတင်မဲ ပြန်စစ်တဲ့အခါမှာမှ ဒီလိုဖြစ်တာ။ မဲတွေရောသွားတာလည်း ဖြစ်နိုင်တယ်။ နဂိုရေတွက်ထားပြီးသား ကြိုတင်မဲရလဒ်နဲ့ နောက်ပြန်စစ်လို့ရတဲ့ မဲရလဒ်က မတူဘူး ဖြစ်သွားတယ်။ မဲအရေအတွက်က ကိုက်တယ်။ ဖြစ်ချင်တော့ ကြိုတင်မဲတွေကို ပြန်ရေတွက်တဲ့အခါမှာ NLD က (၁၀) မဲဖြစ်သွားပြီးတော့ USDP က (၂၆) မဲပဲ ဖြစ်သွားတယ်။ အဲဒါကို မဲရုံမှူးက မဲနှစ်မဲ ကို NLD မှာ ထည့်လိုက်ပါတယ် ဆိုပြီးတော့ စွပ်စွဲတာပါ”ဟု အမှုဖွင့် တိုင်ကြားခံရသည့် ဝယ်လန်းကျေးရွာ မဲရုံ၊ မဲရုံမှူး ဆရာမ ဒေါ်အေးဝင်းက ပြောကြားသည်။
“ဝယ်လန်းကျေးရွာ မဲရုံကိစ္စနဲ့ ပတ်သက်ပြီး မဲရုံမှူးကလည်း နဂို ပုံစံ (၁၆) မှာ ရေးသွင်း ထားတဲ့စာရင်းနဲ့ပြန်စစ်တဲ့ စာရင်းက ကွဲလွဲနေတဲ့အတွက် ဘယ်လိုလုပ်မလဲဆိုပြီး မဲရုံ တာဝန်ရှိတဲ့သူတွေနဲ့ညှိနှိုင်းတယ်။ အဲဒီအချိန်မှာ မဲရုံကိုယ်စားလှယ်တချို့ကလည်း ပြန်သွားကြတော့ တချို့လောက်ပဲ ကျန်ခဲ့တယ်။ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်နဲ့ အတွင်းရေးမှူးကလည်း ရောက်လာတယ်။ မဲရုံမှူးက ပုံစံ (၁၆) စာရင်းနဲ့မဲလက်မှတ်က စာရင်းက မှားနေပြီ။ အဲဒီတော့ မဲရုံအဖွဲ့ အနေနဲ့ဘယ်လိုလုပ်ကြမလဲလို့ပြောတယ်။ လုပ်ထုံးလုပ်နည်းအရ ပုံစံ (၁၆) စာရင်းနဲ့ မဲလက်မှတ်က စာရင်းနဲ့တူညီဖို့လိုတဲ့အတွက် နဂို ပုံစံ (၁၆) ထဲ ရေးသွင်းထားတဲ့ စာရင်းကို ဖျက်ပြီး နောက်ဆုံး ပြန်စစ်ထားတဲ့ မဲစာရင်း ရလဒ်ကို ပြန်ပြင်ပြီး ထည့်သွင်းလိုက်တယ်။ အဲဒီအချိန် မဲရုံမှာရှိတဲ့ တာဝန်ရှိတဲ့သူ ကိုးဦးကလည်း သဘောတူတယ်။ မဲလက်မှတ်က စာရင်းနဲ့ပုံစံ (၁၆) မှာရေးသွင်းထားတဲ့ စာရင်းအကိုက် လုပ်လိုက်တယ်လို့ကျွန်တော်တို့ဆီမှာ လာဖြေရှင်းတယ်”ဟု ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းရီက ပြောကြားသည်။
ချောင်းဆုံမြို့နယ် ဝယ်လမ်း ကျေးရွာ မဲရုံ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် မဲရလဒ်မှာ ဦးမင်းအောင်သူ (USDP) မှ (၂၀၉) မဲ၊ ဒေါ်ခင်ဌေးကြွယ် (NLD) မှ (၂၂၆) မဲရရှိပြီး ချောင်းဆုံမြို့နယ် တစ်ခုလုံး အနေဖြင့် ဦးမင်းအောင်သူ (USDP) မှ (၁၆၆၁၃) မဲ၊ ဒေါ်ခင်ဌေးကြွယ်မှ (၂၃၅၈၀) မဲရရှိခဲ့ပြီး ဒေါ်ခင်ဌေးကြွယ် (NLD) က ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ရွေးချယ်ခံခဲ့ရသည်။
ကြိုတင်မဲ မသမာမှု ပြုလုပ်သည်ဟုဆိုကာ မဲရုံမှူး အပါအဝင် ဆရာမသုံးဦးအား မဲနှစ်မဲ ကွာဟမှုဖြင့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းက အမှုဖွင့်တိုင်ကြား















