ဒီမိုကရေစီပညာရေး သပိတ်မှောက်ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား စွဲဆိုထားသည့်အမှုကို ပယ်ဖျက်ပေးရန် လျှောက်ထားမှုကို ပဲခူးတိုင်းဒေသကြီး တိုင်းတရားလွှတ်တော်က ပယ်ချခဲ့သည့်အပေါ်

ဒီမိုကရေစီပညာရေး သပိတ်မှောက်ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား စွဲဆိုထားသည့်အမှုကို ပယ်ဖျက်ပေးရန် လျှောက်ထားမှုကို ပဲခူးတိုင်းဒေသကြီး တိုင်းတရားလွှတ်တော်က ပယ်ချခဲ့သည့်အပေါ်
Published 24 November 2015

ဒီမိုကရေစီပညာရေး သပိတ်မှောက်ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား စွဲဆိုထားသည့်အမှုကို ပယ်ဖျက်ပေးရန် လျှောက်ထားမှုကို ပဲခူးတိုင်းဒေသကြီး တိုင်းတရားလွှတ်တော်က ပယ်ချခဲ့သည့်အပေါ် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီထံ ကျောင်းသားများ၏ ရှေ့နေမှ တိုင်ကြားစာပို့
 
ဒီမိုကရေစီပညာရေး သပိတ်မှောက်ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို စွဲဆိုထားသည့်အမှုအား ပယ်ဖျက်ပေးရန် လျှောက်ထားမှုကို ပဲခူးတိုင်းဒေသကြီး တိုင်းတရားလွှတ်တော်က ပယ်ချခဲ့ခြင်းအပေါ် ဥပဒေ နှင့်အညီ လွတ်လပ်စွာတရားစီရင်ရေး ခံစားခွင့်မရရှိခဲ့ကြောင်း အချက် ၆ ချက်ပါဝင်သည့် စာတစ်စောင်ကို တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ကျောင်းသားများ၏ ရှေ့နေမှ နိုဝင်ဘာလ ၁၉ ရက်က   တိုင်ကြားစာပေးပို့ထားခဲ့ကြောင်း သိရသည်။
 
“အဲ့ဒီစာကို တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ (နေပြည်တော်) ကို တင်တယ်။ ဘာလို့လဲဆိုတော့ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ကချလိုက်တဲ့ အမိန့်သည် လွတ်လပ်စွာ တရားစီရင်ရေးဆိုတဲ့မူကို ခံစားခွင့်မရှိဘူး။ အဲ့ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၁၁(က)မှာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် သုံးခုဟာ တစ်ခုနဲ့တစ်ခု Check and balance အပြန်အလှန် ထိန်းညှိရမယ်ဆိုတဲ့ ပြဠာန်းချက်ရှိတယ်။ အဲ့တော့ အခုအုပ်ချုပ်ရေးမဏ္ဍိုင်က မှားနေတယ်။ မှားနေတာကို တရားစီရင်ရေးမဏ္ဍိုင်က မလုပ်ရဲဘူး။ အဲ့လိုမလုပ်ရဲတော့ ဥပဒေပြုရေးမဏ္ဍိုင် ပြုပြင်ပေးမှသာ ဒီကိစ္စကို ပြီးမြှောက်သွားမယ်။ အဲ့တော့ ဥပဒေပြုရေး ပြုပြင်ပေးဖို့ဆိုရင်  တရားဥပဒေစိုးမိုးမှု မရှိဘူး။ဒါက တရားစိုးမိုးမှုရှိအောင် လုပ်ပေးဖို့တောင်းတဲ့သဘောပဲ။ ပြီးတော့ လက်ရှိတရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌသည် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေတယ်လေ။ လက်ရှိအချိန်မှာ NLDပါတီက အခြေအနေကောင်းနေတဲ့အတွက် သူ့ရဲ့ဆုံးဖြတ် အတိုင်းအကောင်အထည်ဖော်နိုင်တဲ့ အင်အားအခွင့်အရေးသူ့မှာရှိတယ်။ အဲ့ဒါကြောင့် သူဆီတင်တာ” ဟု တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ပြောကြားသည်။      
 
ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ခဲ့သည့်စာတွင် လက်ပံတန်းမြို့မှာ အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် ပုဒ်မ ၇ခု ဖြင့် တရားစွဲဆိုထားမှုအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၆၁ အရ ပယ်ဖျက်ပေးဖို့ လျှောက်ထားမှုကို ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်က နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပယ်ချခဲ့ကြောင်း၊ အချက် ၂ တွင် တရားလိုရဲမှူးဖုန်းမြင့်ကို စစ်ဆေးပေါ်ပေါက်ချက်များအပေါ် အခြေခံ၍ ကျောင်းသား ခေါင်းဆောင် ကိုအောင်မှိုင်းဆန်း အပါအဝင် (၇၀)ဦးအတွက် အမှုကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၆၁ အရ တင်ပြခဲ့သောလျှောက်ထားလွှာကို အောက်တိုဘာလ ၂ရက်နေ့က ရုံးခန်းအတွင်းမှာ တိုက်ရိုက်လက်ခံခြင်း ရယူခဲ့ကြောင်း၊အချက် ၃ တွင် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဦးစိန်ဝင်း၏ ရှေ့မှောက်တွင် အပြီးသတ်လျှောက်ထားချက်ကို နှုတ်ဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း၊ပြည့်စုံတွင် တင်ပြနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁၆ရက်နေ့တွင် စီရင်ချက်နှင့် အမိန့်ကို ပဲခူးတိုင်းတရားသူကြီး ဦးကြည်သိန်းက ပြောင်းလဲရေးသား၍ ချမှတ်ခဲ့ကြောင်းကို တွေ့ရှိရပါသည်ဟု ဖော်ပြထားသည်။
 
ဆက်လက်၍ အချက် ၄ တွင် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ရုံး၏ စီရင်ချက်နှင့်အမိန့်တွင် လျှောက်ထားသူများဘက်မှ တင်ပြခဲ့သည့် ဥပဒေအချက်အလက်များအပေါ် မှန်ကန်မှုမရှိကြောင်း ထောက်ပြသုံးသပ်နိုင်မှု မရှိခဲ့ကြောင်းနှင့် ယေဘုယျဆန်သည့် သုံးသပ်ချက်များဖြင့်သာ ဖော်ပြခဲ့ကြောင်း တွေ့ရှိရကြောင်း၊ သို့ဖြစ်ပါ၍ တရားစွဲဆိုခြင်းခံနေသည့် ကျောင်းသူကျောင်းသားများနှင့် ဝန်းရံပြည်သူများမှာ တရားစွဲအဖွဲ့အစည်းဖြစ်သော ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ယနေ့ တိုင်ခံစားနေရကြောင်း အမှုတွဲတွင် ပေါ်လွင်ထင်ရှားနေပါလျက် ကုစားမှု တစ်စုံတစ်ရာမျှပေးခဲ့ခြင်း မရှိဘဲ လစ်လျူရှုလျက်လျှောက်ထားမှုကို ပလပ်ခဲ့ခြင်းမှာ “ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေး”ဟူသော တရားစီရင်ရေးဆိုင်ရာမှုများကို မျက်ကွယ်ပြုရာရောက်နေပါသည်ဟု သဘောရိုးဖြင့် ထင်မြင်မိပါကြောင်း ဖော်ပြထားပါသည်။
 
ထို့နောက် အချက် ၅ တွင် ယနေ့အချိန်တွင် အုပ်ချုပ်ရေးမဏ္ဍိုင်၏ တရားဥပဒေနှင့် မညီသော ဆောင်ရွက်ချက်များအပေါ် တရားစီရင်ရေးမဏ္ဍိုင်မှ လစ်လျူရှုခဲ့သည့် သာဓကအမှုပေါင်းများစွာ ရှိခဲ့ကြောင်းကို ကိုယ်တွေ့အားဖြင့်လည်းကောင်း၊ သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ လည်းကောင်း၊ ပြည်သူများ၏ ရင်ဖွင့်ပြောကြားချက်များအရ လည်းကောင်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီအနေဖြင့် သိရှိခဲ့ပြီးဖြစ်သည်ဟု သဘောရိုးဖြင့် ထင်မြင်မိပါသည်ဟု ဖော်ပြထားပါသည်။
နောက်ဆုံးအချက်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁(က) တွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအဏာ ၊အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းခြင်းတို့ပြုသည်”ဟူသောပြဠာန်းချက်နှင့်အညီ ကျန်မဏ္ဍိုင်နှစ်ရပ်၏ ဥပဒေနှင့်ညီညွတ်မှုမရှိသည့် ဆောင်ရွက်ချက်များအပေါ် Check and balance အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်း ပြုလုပ်ပေးပါရန် ရိုသေစွာနတင်ပြခြင်းဖြစ်သည်ဟု ပါရှိပါသည်။
 
နိုဝင်ဘာလ ၂၇ ရက်က ဒီမိုကရေစီပညာရေး သပိတ်မှောက်ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို စွဲဆိုထားသည့်အမှုကို သာယာဝတီမြို့နယ်တရားရုံးမှာ ၂၇ ကြိမ်မြောက် ရုံးထုတ်ခဲ့ရာ တရားစွဲဆိုခံထားရသည့် ဝန်းရံပြည်သူနှစ်ဦးမှာ ရှေ့နေပါဝါ ရုပ်သိမ်းထားသည့်အတွက် အမှုမစစ်ဆေးဘဲ ရုံးချိန်းပြန်ချိန်းခဲ့ကြောင်း သိရသည်။
 
“ဒီနေ့ရုံးချိန်းမှာ အားလုံးစုံပေမယ့် ဆေးကုသမှုခံယူနေတဲ့ ၈ ယောက်ထဲက ကိုမျိုးမြတ်စံနှင့် ကိုသိန်းတို့နှစ်ဦးက ရှေ့နေပါဝါကို ရုပ်သိမ်းထားတယ်။ ရှေ့နေကိုယ်စားလှယ်လွှဲစာတွေကို အောက်ရုံးမှာ ရုပ်သိမ်းထားတဲ့အတွက် ရှေ့နေလည်း မရှိဘူး။ သူတို့ကိုယ်တိုင်လည်း မရှိဘူး။ အဲ့ဒါကြောင့် အမှုမစစ်ဆေးဖြစ်ဘူး။ အဲ့ဒါကြောင့် ရုံးချိန်းချိန်းလိုက်တာ။ သူတို့ရှေ့နေရှိရင်တော့ ရှေ့နေတွေက သူတို့ ကိုယ်စား စစ်ပေးလို့ရတယ်။ ဒါပေမယ့် သူတို့က ရှေ့နေပါဝါတွေကို ရုပ်သိမ်းထားတဲ့အတွက် အမှုကို မစစ်ဘဲရုံးလိုက်တာ”ဟု ကျောင်းသားေတွေရဲ့ အကျိုးတော်ဆောင်ရှေ့နေ ဦးလှမျိုးမြင့်က ပြောသည်။
 
 လက်ရှိအချိန်တွင် အမှုကို စစ်ဆေးနေတာ ၈လခန့် ရှိပြီးဖြစ်သော်လည်း တရားလို ရဲမှူးဖုန်းမြင့် တစ်ဦးတည်းကိုသာ စစ်ဆေးနေဆဲဖြစ်တာကြောင့် ရှေ့နေဦးလှမျိုးမြင့်က “သက်သေက ၄၃ယောက် ရှိတယ်။ တရားလိုဦးဖုန်းမြင့်ကို စစ်တုန်းတောင် ဒီလောက်ကြာနေရင် ကျန်တဲ့ ၄၂ ဦးကို တစ်ပတ်ကို ၂ယောက်နှုန်းနဲ့ စစ်မယ်ဆိုရင်တောင် အနည်းဆုံး ၇လကျော် ၈လလောက် ကြာဦးမယ်။ ဒါက တရားလိုကို စစ်တာပဲရှိသေးတယ်။တရားခံဘက်က အယောက် ၇၀ရှိတယ်။တစ်ယောက်ကို ၁ပတ်စစ်မယ်ဆိုရင် အပတ်ပေါင်း ၇၀ကျော်ကြာမယ်။ ခံပြသက်သေကလည်း ၇၀ယောက်ရှိဦးမယ်ဆိုရင် အနည်းဆုံး ၂နှစ်ကျော်လောက် ကြာဦးမယ်။ အဲ့ဒါမို့လို့ အမြန်ဆုံးနည်းက အဲ့ဒါကို ပြည်ေထောင်စု တရားလွှတ်တော်ရုံးကို တက်ပြီးရင် အမှုကို ဖျက် အဲ့ဒါအလွယ်ဆုံးပဲ။ နိုင်ငံရေးရာထူးတွေကလည်း ပြောင်းသွားပြီ ၊ အဲ့ဒါမို့လို့ အခြေအနေ အခွင့်အရေးက သူတို့အတွက် သာပါတယ်။ အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာလည်း ဦးရဲထွဋ်ပြောကြားချက်အရ မျှော်လင့်လို့ မရတော့ဘူး။ ဘယ်လိုဟာမျိုးပေးရမလဲဆိုရင် ၁၉၈၉ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမှတ်၄ဆိုတာထွက်တယ်။အဲံဒီမှာအကုန်လုံးပါ တယ်။တရားရင်ဆိုင်နေရတဲ့သူလည်းပါတယ်။ပြစ်ဒဏ်ချမှတ်ခံထားရတဲ့သူလည်းပါတယ်။အစိုးရက တရားစွဲဆိုထားတဲ့သူတွေအားလုံး ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်။ အဲ့လိုအမိန့်မျိုးမှသာလျှင် ဒီအမှုက အကျုံးဝင်မယ်။”ဟုပြောသည်။
 
ယင်းအမှုကို လာမည့် ဒီဇင်ဘာလ ၁ ရက်သို့ ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရပါသည်။

Most Read

Most Recent