ဆားလင်းကြီးမြို့နယ်ရှိ မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ စီမံခန့်ခွဲမှုရုံးခန်းမှ ဌာနမှူး ဖြစ်သူ မစ္စတာလီတချိုအား မြန်မာအလုပ်သမတစ်ဦးကို ညှဉ်းပန်းနှိပ်စက် အပြစ်ပေးမှုဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကာယကံရှင် မကြည်ကြည်မေနှင့် အလုပ်သမားအဖွဲ့အစည်း တာဝန်ရှိသူတို့၏ ပြောကြား ချက်အရ သတင်းရရှိသည်။
အလုပ်နားရက်တွင် အနားမပေးဘဲ ရုံးသို့လာရောက်ရန် ခေါ်ယူခြင်းကို အကျိုးအကြောင်းပြောကာ ငြင်းပယ်ခဲ့ပြီးနောက် ဌာနမှူးဖြစ်သူက ၎င်းတို့ကို အလုပ်ချိန်ပြောင်းလဲ သတ်မှတ်မှုများ၊ ဆူပူမာန်မဲမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် သုံးရက်တိုင် မတ်တတ်ရပ်စေခိုင်းခဲ့မှုကြောင့် ကျန်းမာရေးထိခိုက်ကာ အလုပ်မှ အနားယူခဲ့ရကြောင်း ကာယကံရှင် မကြည်ကြည်မေက ဆိုသည်။
“ကျွန်မနဲ့ မစုစုလှိုင်နဲ့က မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုရုံးမှာ ရုံးခန်းစားပွဲအလှဆင်တာ၊ ဧည့်ခံကျွေးမွေးတာတွေ လုပ်ရတာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက် မှာ အလုပ်သမားတွေကို မှတ်ဉာဏ်အလိုက် ဆုပေးပွဲလုပ်ပါတယ်။ အဲဒီနေ့က ကျွန်မတို့ နားရက်ပါ။ လူက နေလည်းမကောင်းတာနဲ့ မလာနိုင်ဘူးလို့ ဌာနမှူးကို ပြောခဲ့ပေမယ့် နောက်နေ့ အလုပ်ဆင်းချိန်မှာ ကျွန်မတို့ရဲ့ အလုပ်ချိန်တွေကို ပြောင်းပစ်တယ်။ ပုံမှန်ဆို ၄ နာရီမှာ အလုပ်ဆင်းချိန်ဖြစ်ပေမယ့် သူက ကျွန်မတို့ရဲ့ အလုပ်ဆင်းချိန်ကို ည ၈ နာရီ ပြောင်းလိုက်တာပါ။ ဒါက ကျွန်မတို့အတွက် အခက်အခဲ အများကြီးဖြစ်စေတာကြောင့် ပုံမှန်အလုပ်ချိန်အတိုင်းပဲ ကျွန်မတို့ ဆက်အလုပ်လုပ်နေခဲ့ပါတယ်။ ပြီးတော့ တစ်ပတ်ခန့် အကြာမှာ ဌာနမှူး လီတချိုက ဆူပူမာန်မဲတာတွေလုပ်တဲ့အတွက် မစုစုလှိုင်က ကြောက်ပြီး သူသတ်မှတ်တဲ့အချိန်အတိုင်း အလုပ်လုပ်ခဲ့တယ်။ ကျွန်မက ဒီလိုအကြောင်းမဲ့ ပညာပြတာမျိုးကို မကြိုက်တာရယ်၊ သူသတ်မှတ်ပေးတဲ့အလုပ်ချိန်က အခက်အခဲ အများကြီးရှိတာရယ်ကြောင့် ပုံမှန်အတိုင်းပဲ နေခဲ့တယ်။ အဲဒီမှာ ကျွန်မကို တစ်ရက်ကို ရှစ်နာရီ မတ်တတ်ရပ်ခိုင်းခဲ့တယ်။ သူက ထိုင်ခုံကနေထိုင်ပြီး အချိန်ပြည့်စောင့်ကြည့်နေတာ”ဟု ကံကုန်းကျေးရွာနေ မကြည်ကြည်မေက ပြောကြားသည်။
ထိုကဲ့သို့ အပြစ်ပေးစေခိုင်းမှု သုံးရက်ခန့်အကြာတွင် မြန်မာယန်စီကုမ္ပဏီ ဆေးခန်းသို့ သွားရောက်ခဲ့ရပြီး ဒေါက်တာဦးဇော်လင်း က ကြွက်သားများ ရောင်ရမ်းနေသော မကြည်ကြည်မေကို အနားယူရန် လိုအပ်သဖြင့် ခွင့်သုံးရက်ခန့်ပေးခဲ့ကြောင်း သိရသည်။
“ကျွန်မတို့ ကိုယ့်အလုပ်ကိုယ် တာဝန်ကျေအောင်လုပ်တယ်။ ဒီလို လူလူချင်း နိုင့်ထက်စီးနင်းလုပ်တာက ဥပဒေနဲ့မညီဘူး။ ပြီးတော့ နောင်မှာလည်း အလားတူဖြစ်ရပ်တွေ ရှိလာနိုင်တာမို့ လာမယ့်သီတင်းပတ်ထဲမှာ ဆားလင်းကြီးမြို့နယ်တရားရုံးကို သွားပြီး လီတချိုကို အရေးယူပေးဖို့ ဦးတိုက်လျှောက်ထားမှာပါ”ဟု မကြည်ကြည်မေက ဆက်လက်ပြောကြားသည်။
ထို့ပြင် သတ္တုတွင်းအလုပ်သမားရုံးအတွင်းရေးမှူး ဦးမြင့်စိုးကလည်း အထက်ပါ ဖြစ်ရပ်အပေါ် မျှတမှုရရှိစေရန် ထပ်မံတရားစွဲမှု ပြုလုပ်မည်ဖြစ်ကြောင်း၊ အလားတူ အလုပ်သမားအဖွဲ့အစည်းတာဝန်ရှိသူ မချောမေဇော်ကလည်း တရုတ်နိုင်ငံသားလီတချို ကို ယခုဖြစ်စဉ်အတွက် သီးသန့်တရားစွဲဆို သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
“အခုကျွန်တော်တို့ အလုပ်လုပ်နေတဲ့ စီမံကိန်းဟာ ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာပါ။ မြန်မာနိုင်ငံထဲက သယံဇာတတွေကို ထုတ်တာပါ။ ဒါပေမဲ့ လုပ်ခလစာဆိုရင်လည်း တရုတ်တွေနဲ့ ကျွန်တော်တို့တွေ ဘာမှမဆိုင်ဘူး။ အခွင့်အရေးဆိုရင်လည်း မျှမျှတတ လုံးဝမရှိဘူး။ အခုအခြေအနေက မြန်မာဆိုရင်ကို အနိုင်ကျင့်စရာတွေလို့ သူတို့ မြင်နေပုံရတယ်။ ဒီဖြစ်စဉ်အတွက် ကျွန်တော်တို့ အလုပ်သမားတွေကလည်း လက်မှတ်ထိုး ကန့်ကွက်မှာပါ”ဟု စီမံကိန်းလုပ်သားတစ်ဦး က ဆက်သွယ်ပြောကြားသည်။
မြန်မာအလုပ်သမတစ်ဦးအား ညှဉ်းပန်းနှိပ်စက်မှုဖြင့် မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ စီမံခန့်ခွဲမှု ရုံးတာဝန်ရှိသူ တရုတ်နိုင်ငံသားတစ်ဦးကို တရားစွဲဆိုမည်ဖြစ်ကြောင်း သိရ















