ရန်ကုန်မြို့တွင်းပြေးဆွဲမည့် အမြန်ဘတ်စ်ကားလိုင်းများတွင် အသုံးပြုမည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား အရည်အချင်း သတ်မှတ်ချက်များဖြင့် ခေါ်ယူမည်ဖြစ်ပြီး ၎င်းတို့အား လစာပေးသည့်စနစ် ကျင့်သုံးမည်ဖြစ်ကြောင်း သိရသည်။
အမြန်ဘတ်စ်ကားလိုင်းများတွင် ခေါ်ယူမည့် ယာဉ်မောင်းများအား ပညာအရည်အချင်း၊ အသက်၊ ကျွမ်းကျင်မှုနှင့် ၎င်း၏အရည်အချင်းများကို စိစစ်မည်ဖြစ်ပြီး ထိုသို့ စိစစ်ပြီးနောက် ၎င်းတို့အား Training ပေးပြီး ပြန်လည်ဆန်းစစ်ကာ တာဝန်ပေးမည်ဟု လျာထားကြောင်း သိရသည်။
“အတည်မပြုနိုင်သေးဘူး။ ဆွေးနွေးတဲ့ အဆင့်ပေါ့။ ပညာအရည်အချင်း၊ အသက်၊ ကျွမ်းကျင်မှု၊ ပြီးတော့ သူရဲ့အရည်အချင်းတွေကို စိစစ်မယ်။ ပြီးမှ အဲဒီသူတွေကို လေ့ကျင့်ပေးမယ်။ ပြီးတော့မှ ပြန်ဆန်းစစ်ပြီး တာဝန်ပေးမယ်လို့ လျာထားတယ်။ ဘတ်စ်ကားမောင်းတဲ့သူက “င” လိုင်စင်ရပြီးမှ လုပ်နိုင်မှာ။ “င” လိုင်စင်ဆိုတာ လိုင်စင်ရပြီး ငါးနှစ်ကြာမှ “င” လိုင်စင်ရတာ” ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။
အဆိုပါယာဉ်မောင်း နောက်လိုက်များအား လစာအပြင် ၎င်းတို့အတွက် အကျိုးခံစားခွင့်များလည်းပေးရန် ဆွေးနွေးနေသည်ဟု ဆိုသည်။
“ဘတ်စ်ကားအများပိုင်မှာ ညအထိပြေးချင်ရင် တစ်ဆိုင်းတည်း ပြေးလို့မရဘူး။ နှစ်ဆိုင်းပြေးမှရမယ်။ မနက် ၆ နာရီကနေ ည ၁၀ နာရီလောက်အထိ ဆွဲချင်ရင် တစ်ယောက်တည်းက ဘယ်လိုမှ မမောင်းနိုင်ဘူး။ အဲဒီတော့ သူ့ကို ညီညွတ်မျှတတဲ့ လစာ၊ အကျိုးခံစားခွင့် သတ်မှတ်သလို သူ့ကိုခံစားခွင့်ပေးရမယ်။ ဥပမာ နားရက်ပေးတာမျိုးတို့၊ ဘောနပ်ပေးတာမျိုးတွေ၊ လူမှုဖူလုံးရေးကိစ္စ လုပ်ပေးတာမျိုးတွေ၊ လူတွေကို အာမခံထားဖို့တွေ ကျွန်တော်တို့ဆွေးနွေးနေတယ်” ဟု ဦးလှအောင်က ဆက်လက် ပြောကြားသည်။
လက်ရှိ မထသယာဉ်လိုင်းများတွင် လုပ်ကိုင်နေသော ယာဉ်မောင်းယာဉ်နောက်လိုက်များသည် လစာစနစ်ဖြင့် ခန့်ထားခြင်း မဟုတ်သည့်အတွက် သူ့ထက်ငါ ခရီးသည်ရရှိရေး အပြိုင်အဆိုင်မောင်းနှင်၍ ယာဉ်စည်းကမ်းချိုးဖောက်မှုများ ရှိနေသည်ဟု သိရသည်။
“အခု မထသမှာ မောင်းနေတဲ့ ကားသမားတွေက မနက် အလုအယက်လာတယ်။ အိမ်က မနက်လေးနာရီ ထွက်တယ်။ ည ၁၀ နာရီမှ ပြန်ရောက်တယ်။ အဲဒီတော့ မိသားစုနဲ့ အချိန်လည်း နည်းတယ် ဒါကြောင့် ဒါဟာလည်း ပြင်ကို ပြင်ပေးသင့်တဲ့အချက်လို့ ကျွန်တော့်အနေနဲ့ ယူဆတယ်။ နိုင်ငံတကာမှာလည်း လစာပေးတဲ့စနစ်နဲ့ပဲ သွားတယ်။ ပြီးတော့ ဝင်ငွေကိုသိအောင် လက်မှတ်စနစ်နဲ့ လုပ်ဖို့ ဆွေးနွေးနေတယ်”ဟု ဦးလှအောင်က ဆိုသည်။
အမြန်ဘတ်စ်ကားလိုင်းများအတွက် ယာဉ်မောင်းနောက်လိုက်များ ခေါ်ယူရာတွင် လက်ရှိလုပ်ကိုင်နေသော မထသယာဉ်လိုင်းများမှ သူများလည်း ဝင်ရောက်လျှောက်ထားနိုင်သော်လည်း သတ်မှတ်အရည်အချင်းများ နှင့် ကိုက်ညီမှသာ လက်ခံမည်ဟု သိရသည်။
ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီက အမြန်ဘတ်စ်ကားလိုင်းများ ပြေးဆွဲရန် ပြည်ပမှ ကားအသစ်များ တင်သွင်းထားပြီး ဒီဇင်ဘာလကုန်တွင် ရောက်ရှိမည်ဖြစ်ပြီး ၂၀၁၆ ဖေဖော်ဝါရီတွင် အမြန်ဘတ်စ်ကားများ စတင်ပြေးဆွဲရန် လက်ရှိရှယ်ယာများ ထုတ်ရောင်းနေကြောင်း၊ အမြန်ဘတ်စ်ကားလိုင်းများကို ပြည်လမ်းနှင့် ကမ္ဘာအေးစေတီလမ်းတို့တွင် ပထမအဆင့်အနေဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် သီလဝါအထူးစီးပွားရေးဇုန်မှ ဗိုလ်တထောင်အထိ၊ ဒဂုံတက္ကသိုလ်မှ ပါရမီအထိနှင့် ရွှေပြည်သာမှ အောင်မင်္ဂလာအဝေးပြေးအထိ ပြေးဆွဲရန် လျာထားကြောင်း သိရသည်။
အမြန်ဘတ်စ်ကားလိုင်းများတွင် အသုံးပြုမည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား အရည်အချင်း သတ်မှတ်ချက်များဖြင့် ခေါ်ယူမည်ဖြစ်ပြီး လစာပေးသည့်စနစ် ကျင့်သုံးမည်















