တိုင်းပြည်အတွက် တာဝန်ကျေခဲ့ပါတယ်

တိုင်းပြည်အတွက် တာဝန်ကျေခဲ့ပါတယ်
Published 20 November 2015
ဘစံကောက်

ဒီကနေ့ မနက် ၅ နာရီ ထိုးကတည်းက ကျွန်တော်တို့ တစ်အိမ်လုံးနီးပါး နိုးနေကြပါပြီ။ ဒီကနေ့ နိုဝင်ဘာ ၈ ရက်မဟုတ်လား။
ညကလဲ အတော်ညဉ့်နက်မှ အိပ်ရာထဲ ဝင်ခဲ့ရတာမို့ ခေါင်းက နောက်နေပါတယ်။ မနေ့က တစ်နေ့လုံး ဖေ့စ်ဘွတ်ကိုဖွင့်ပြီး အကောင့်မှာ တက်လာတဲ့  Post တွေကို စောင့်ပြီး ဖတ်နေမိတယ်။ လူတွေကတော့ ကိုယ်ကြိုက်ရာကို အားပေးထောက်ခံတဲ့ Post တွေ တင်နေကြတာပါပဲ။ ဝိုင်းပြီးမှ မှတ်ချက်ပေး ကြတာတွေကလည်း ရှိသေးတယ်။ ကိုယ်နဲ့ သဘောထား မတူတဲ့သူတွေချင်းလည်း ဖုန်းထဲမှာ ဆဲနေကြတာပဲ။ မျက်စိတောင် မခံသာဘူး။
အမှန်တော့ ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိပါတယ်။ အစိုးရ အဖွဲ့မှာကိုပဲ အတိုက်အခံဆိုပြီး ရှိနေတာ မဟုတ်လား။ တကယ်လည်း ဒီလိုသဘောမျိုးရှိ တာဟာ တိုင်းပြည် ကောင်းဖို့အတွက်ပါပဲ။ အာဏာရှင် စနစ်မှာတော့ ခေါင်းဆောင်လုပ်တဲ့သူက မှန်တာပဲလုပ်လုပ်၊ မှားတာပဲ လုပ်လုပ်၊ ဘယ်သူကမှ မပြောရဲကြဘူး။ ဒီတော့ ကောင်းစရာရှိလည်းကောင်း၊ ဆိုးစရာရှိလည်း ဆိုးပေါ့။ အထိန်းအကွပ် မရှိတဲ့အခါကျတော့ အစိုးရအဖွဲ့ရဲ့လုပ်ရပ်တွေ မှားနေလည်း ဘယ်သူကမှ ပြုပြင်ပေးမယ့်သူမရှိဘူး။ သည်လိုနဲ့ပဲ ကျွန်တော်တို့ တိုင်းပြည်ကြီး ကမ္ဘာ့အလယ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားပြီး နောက်ကျ ကျန်ခဲ့ရတာပဲ မဟုတ်လား။
ခုတော့ နိုင်ငံရေးစနစ်က ပြောင်းလဲသွားပြီ။ လူတွေ ရဲရဲဝံ့ဝံ့ လွတ်လွတ်လပ်လပ်ကြီး မဟုတ်တောင် အတော်လေးတော့ ချောင်ချိလာတာ အမှန်ပဲဆိုတော့ ဒါလေးကို ကျွန်တော်တို့က မှန်မှန်ကန်ကန် အသုံးချတတ်ဖို့ လိုတယ်။ ကိုယ်နဲ့သဘောထားချင်း မတိုက်ဆိုင်တဲ့ မည်သူနဲ့မဆို လက်ဆွဲနှုတ်ဆက်ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ စိတ်မျိုး ထားနိုင်ဖို့လည်း လိုတယ်။ ကိုယ်တင်မြှောက် လိုက်တဲ့အစိုးရကို အမြဲတမ်း ဘာပဲလုပ်လုပ် ထောက်ခံနေရမယ်ဆိုတဲ့ စိတ်မျိုးလည်း ထားလို့ မဖြစ်ဘူး။ အစိုးရအဖွဲ့လုပ်ရပ်တွေ မှားနေတာတွေ့ရင် ပြည်သူတွေရဲ့သဘောထားနဲ့ မကိုက်ညီတာတွေ့ရင် ထောက်ပြနိုင်ဖို့ ကိုယ်က နိုင်ငံတကာနဲ့ဆိုင်တဲ့ ဗဟုသုတတွေလည်း ရှိအောင် ကြိုးစားရမယ်။ ကိုယ့်တိုင်းပြည်မှာ ဘာတွေလိုအပ်နေသလဲ။ ဘယ်လိုလုပ်ရင် ကောင်းလာမလဲ ဆိုတာမျိုးတွေလည်း ကိုယ်က သိထားရင် ကောင်းမယ်။ ဒါမှ ကိုယ်ရွေးချယ် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်ကို ခိုင်းလို့ရမှာပေါ့။
ဒီမိုကရေစီစနစ်မှာ အစိုးရဆိုတာ ပြည်သူရဲ့အခိုင်းခံပါပဲ။ ပြည်သူက အစိုးရကို ခိုင်းတတ်ဖို့တော့ လိုတယ်။ အစိုးရအဖွဲ့အနေနဲ့လည်း ကိုယ်မဲရပြီး အနိုင်ရလို့ အစိုးရဖွဲ့နိုင်ပြီ ဆိုတာနဲ့ ပြည်သူကို ဗိုလ်ကျလို့ရပြီလို့ ထင်နေလို့တော့ မရဘူး။ ပြည်သူတွေ ပေးလိုက်တဲ့ မဲကြောင့် ရလာတဲ့နေရာလေးဟာ ပြည်သူ့ အကျိုးကို ဆောင်ရွက်ဖို့အတွက်ဆိုတာ မမေ့သင့်ဘူး။ သည်လို ပြည်သူတွေဘက်က ထားရှိရမယ့် တာဝန်တွေရှိသလို အစိုးရအဖွဲ့မှာလည်း တာဝန်တွေ ရှိလာပြီဆိုတာ ကောင်းကောင်း  နားလည်မှလည်း တိုင်းပြည်က တိုးတက်မှာ မဟုတ်လား။
သည်ကနေ့ နိုဝင်ဘာ ၈ ရက် မနက် ၆ နာရီမထိုးခင်မှာဘဲ ကျွန်တော်တို့မိသားစု မဲရုံကို စတင်ချီတက်ပါတယ်။ ကိုယ်တွေတင် တက်ကြွနေသလား မှတ်တယ်။ ရှေ့အိမ်။၊ ဘေးအိမ်၊ နောက်အိမ်က မိသားစုတွေလည်း တစ်အိမ်နဲ့တစ်အိမ် လှမ်းအော်ပြီး မဲရုံသွားဖို့ နှိုးဆော်နေတာတွေ ကြားရတော့ စိတ်ထဲ အံ့သြတောင်သွားမိတယ်။ အမှန်ပြောရရင် သည့်မတိုင်ခင် လေး ငါးလ အလိုလောက်က အထိ ပြည်သူတွေက ရွေးကောက်ပွဲကို စိတ်မဝင်စားကြသေးတာ တွေ့ရတယ်။ လူအတော်များများ ရင်ထဲမှာ နိုင်ငံရေးကို စိတ်ကုန်နေကြတဲ့ ပုံစံတွေလဲ တွေ့ရတယ်။ နှစ်ပေါင်းများစွာ ပုံစံခွက်ထဲမှာ ထည့်အထားခံရတော့လည်း စိတ်တွေက တော်ရုံနဲ့ ခေါက်ရိုးက မပြေချင်ဘူး။ ဒါပေမဲ့ သည့်နောက်ပိုင်း တဖြည်းဖြည်းနဲ့ လူတွေစိတ်ဝင်စားစ ပြုလာတာ တွေ့ရတယ်။ အမှန်ပြောရရင် သည်လိုအခြေအနေမျိုး ရလာအောင် အဓိက တွန်းအားပေးတဲ့ ကဏ္ဍက မီဒီယာကဏ္ဍ ဖြစ်လိမ့်မယ်လို့ ထင်တယ်။
သည်ကနေ့ခေတ်က တီဗွီစလောင်းတွေလည်း အိမ်တိုင်းမှာလိုလိုရှိကြတယ်။ များသောအားဖြင့် နိုင်ငံရေးနဲ့ပတ်သက်တဲ့ သတင်းလိုင်းတွေကို လူတွေက စိတ်ဝင်တစား ကြည့်လာတာလည်း တွေ့ရတယ်။ အထူးသဖြင့် တွန်းအားအပေးနိုင်ဆုံးကတော့ ပုဂ္ဂလိက ထုတ်ဝေတဲ့ သတင်းစာနဲ့ ဂျာနယ်တွေကြောင့် လို့ပြောရမှာပဲ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အမှောင်ချခံထားရတဲ့ သတင်းလွတ်လပ်ခွင့်၊ အထိုက်အလျောက် တိုးတက်လာတာနဲ့အမျှ ပြည်သူတွေက သတင်းတွေကို အသာငမ်းငမ်းနဲ့ သိချင်လာကြတယ်။ သည်တော့ ပြည်သူတွေရဲ့ အဓိကလိုအပ်တဲ့ သတင်းတွေကို ပုဂ္ဂလိက သတင်းစာတွေက ဖော်ပြပေးကြတယ်။ သည်ကတစ်ဆင့် ပြည်သူတွေဟာ နိုင်ငံရေးမှာ စိတ်ဝင်စားမှုမြန်ပြီး မြင့်တက်လာတာလည်း တွေ့ရတယ်။
လမ်းမှာသွားရင်းနဲ့ လူတွေကလည်း အများကြီးပဲ။ အလင်းရောင်မရှိတဲ့ အမှောင်ထဲမှာ သွားနေကြတဲ့ လူအချင်းချင်းတွေ့တဲ့အခါ အားရဝမ်းသာနဲ့ နှုတ်ဆက်ကြတယ်။ ကျွန်တော်တို့အိမ်နဲ့ မျက်စောင်းထိုးက မိသားစုတွေလည်း ကျွန်တော်တို့နဲ့ အတူပါလာတယ်။ သူတို့မိသားစုက အရမ်းဆင်းရဲကြပါတယ်။ တစ်နေ့လုပ် တစ်နေ့စား သမားတွေပါ။ အတန်းပညာလည်း နည်းပါးကြပါတယ်။ သူတို့တွေ မဲရုံကို အားရပါးရ ချီတက်လာတာတွေ့ရတော့ စိတ်ထဲအားရ ဝမ်းသာဖြစ်လိုက်တာလေ၊ ပြီး မေးကြည့်တယ်။ ဒီကနေ့ အလုပ်မသွားကြဘူးလား ဆိုတော့ မဲပေးချင်လွန်းလို့ သည်ကနေ့ နားလိုက်တယ်တဲ့ဗျာ။ ဘယ်လောက် အားရစရာ ကောင်းလိုက်သလဲ။ သူတို့လိုလူမျိုးတွေတောင် ကိုယ့်တိုင်းပြည် အပြောင်းအလဲအတွက် အားတက်သရော ရှိနေကြတယ်ဆိုတော့ ကျွန်တော်တို့ တိုင်းပြည် အောက်ကျနောက်ကျ ဖြစ်ခဲ့ရတာဟာ ပြည်သူတွေ တာဝန်မကျေလို့ မဟုတ်ဘူး။ ပြည်သူတွေ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ် ကင်းမဲ့လို့ မဟုတ်ဘူးဆိုတာ ကောင်းကောင်းကြီး ပေါ်သွားတာပေါ့။
မဲရုံကိုမရောက်ခင် လှမ်းကြည့်လိုက်တော့ ပါးစပ်က ဟာခနဲတောင် မအော်မိအောင် ထိန်းလိုက်ရတယ်။ အို နည်းပါဘူးလား။ မဲရုံရှေ့တန်းစီနေတဲ့ လူတန်းကြီးဟာ အနည်းဆုံး သုံးရာမအောက်ဘူး။ ဘယ်အချိန် ကတည်းကများ  လာပြီး တန်းစီနေကြပါလိမ့်လို့ တွေးမိတယ်။ မဲရုံရှေ့ကို ရောက်တော့ ကိုယ်နဲ့ သိကျွမ်းတဲ့လူတွေက အော်ပြီးနှုတ်ဆက်ကြတယ်။ ဘယ်အချိန်ကများလာပြီး တန်းစီနေကြတာလဲ မေးကြည့်တော့ ၅ နာရီမထိုးခင်ကပါတဲ့။ တစ်နေ့လုံးပေးလို့ရတာပဲ ဥစ္စာ။ ဘာလို့ အစောကြီးလာရတာလဲလို့ မေးကြည့်တော့ တစ်ယောက်က မဲမပေးလိုက်ရမှာ စိုးလို့ပါတဲ့။ လူတွေကများတော့ နောက်ဆုံးကနေ ဝင်ပြီး တန်းစီရတယ်။ ကိုယ့်နောက်မှာလည်း လာနေတဲ့လူတွေက အများကြီးရှိသေးတယ်။ တစ်ယောက်က သည်ပုံအတိုင်းဆို နေ့လယ်မှ ပြီးလိမ့်မယ်။ မနက်စာတော့ ငတ်ပါပြီလို့ ညည်းတဲ့အခါ တစ်ယောက်က ဟေ့ ဒီနေ့ ထမင်းငတ်ချင်ငတ်ပါစေ။ မဲပေးပြီးမှ ပြန်မယ်လို့ပြောတော့ အားလုံးကဝိုင်းပြီး ထောက်ခံကြတယ်။ ရယ်ကြမောကြနဲ့ ပျော်စရာကြီး။
လူတစ်ယောက်ကို မဲပေးတာ။ သုံးမိနစ်လောက်တော့ ကြာတယ်။ ကိုယ့်အလှည့်ရောက်တော့ မဲလက်မှတ် သွားထုတ်ရတယ်။ ကိုယ်က သက်သေခံ လက်မှတ်ရပြီးသားဆိုတော့ မဲလက်မှတ်ထုတ်ရတာ လွယ်ပါတယ်။ တချို့က သက်သေခံလက်မှတ် မရသေးတော့ မှတ်ပုံတင်လေးတွေ ကိုင်လာကြတာ။ အဲဒါ မြင်တော့ မဲရုံတာဝန်ရှိသူတွေက မဲစာရင်း အမှတ်စဉ်ကိုမေးပြီး ရှာကြရပါတယ်။ ကိုယ့်အလှည့်မှာတော့ မဲလက်မှတ် ထုတ်ယူတဲ့နေရာမှာ နှစ်ခါစီ လက်မှတ်ထိုးရတယ်။ ပထမတစ်ခါက ကိုယ့်မဲစာရင်း အမည်ပါတဲ့ စာအုပ်မှာ နောက်တစ်ခါက မဲလက်မှတ်နဲ့တွဲလျက် ဖြတ်ပိုင်းမှာ။ အဲဒါထိုးပြီးတော့ ဆန္ဒပြုတဲ့ လက်မှတ်ကလေးရတယ်။ အဝါရောင်ပါ၊ အစွန်းအကွက်၊ အပြဲအစုတ်ပါ၊ မပါ မဲရုံမှူး လက်မှတ်ပါ၊ မပါ။ အသေအချာစစ်ပြီးမှ လက်ခံယူပြီး ဆန္ဒပြုတဲ့ အခန်းထဲကို ဝင်ခဲ့တယ်။ ပြီးတဲ့နောက်မှာမှ ကိုယ်ဆန္ဒပြုရမယ့် ပါတီနဲ့ ကိုယ်စားလှယ်အမည်ကို အသေအချာ ကြည့်ရတယ်။ အဲဒါပြီးတော့မှ တံဆိပ်တုံးကိုယူပြီး အမည်၊ ပါတီနဲ့တွဲလျက် အကွက်ထဲမှာ တံဆိပ်တုံးကို နှိပ်လိုက်တယ်။ နှိပ်ပြီးကြည့်လိုက်တော့မှ ကိုယ့်တံဆိပ်က ပြောင်းပြန်ကြီး ဖြစ်နေတယ်။ ကိုယ့်ဘာသာကိုယ်တောင် ရယ်ချင်တယ်။ ဒါပေမဲ့ ပယ်မဲ ဖြစ်မသွားလို့ တော်သေးတာပေါ့။
မဲပေးပြီးထွက်လာတော့ မှင်အိုးထဲမှာ လက်သန်းကလေး နစ်လိုက်ရတယ်။ ခရမ်းရောင် မင်လေးက ကျွန်တော့်မှာ စွန်းပေသွားတယ်။ ဒီမင်က နှစ်ပတ်အထိ ပျက်မသွားဘူးလို့ ဆိုပါတယ်။ မဲရုံကထွက်လာတော့ လူတိုင်းက သူတို့လက်သန်းလေးတွေ ထောင်ပြကြတယ်။ တာဝန်ကျေပြီ ဆိုတဲ့သဘောပေါ့။ မဲရုံကပြန်လာတော့ ကိုယ့်လမ်းထဲရောက်တဲ့အခါ ကလေးတွေက ဝိုင်းပြီးကြည့်ကြတယ်။ သူတို့မျက်နှာကလေးတွေက ကြည်ပြီးပြုံးနေတာပဲ။ လူကြီးတွေလက်မှာ စွန်းပေနေတဲ့ ခရမ်းရောင် မင်စွန်းကလေးတွေကို မြင်တဲ့အခါ သူတို့သဘောကျနေကြတယ်။ သိပ်မကြာပါဘူး။ နောင်အနာဂတ်ကို ရွေးချယ်ခွင့်တွေရ လာတဲ့အခါ သူတို့လက်ကလေးတွေမှာလည်း သည်လိုမင်မျိုးလေးတွေ စွန်းကြရဦးမှာပါ။ ပခုံးပြောင်းတာဝန်ကို မြန်မာပြည်မှာရှိတဲ့ လူငယ်တွေ ဆက်ပြီး ယူခွင့်ရကြဦးမယ်ဆိုတဲ့ သဘောပါ။ သူတို့လက်ထက်မှာလည်း တိုင်းပြည်ကောင်းဖို့ သူတို့တွေ တာဝန်ယူကြမှာပါ။
ကျွန်တော်ကတော့ ကျွန်တော့်တိုင်းပြည်အတွက် တာဝန်တစ်ခု ကျေခဲ့ပြီလို့ပဲတွေးပြီး ဝမ်းသာကြည်နူး ဖြစ်မိပါတယ်။

Most Read

Most Recent