အင်းတော် - ဗန်းမောက်ကားလမ်းတွင် မြေသားကြွတက်မှု၊ ပြိုဆင်းမှုများမှာ စစ်ကိုင်းပတ်ရွေ့ကြောနှင့် သက်ဆိုင်ခြင်းမရှိဘဲ သီးခြားဖြစ်စဉ်ဖြစ်ကြောင်း ဘူမိဗေဒဆိုင်ရာ မြေငလျင်ပညာရှင် ဦးစိုးသူရထွန်းက ပြောကြားသည်။
“ဒသခံတွေကို မေးတော့ မြေပြိုတာ ဖြစ်နေတာကြာပြီလို့ ပြောတယ်။ လွန်ခဲ့တဲ့ တစ်လခွဲလောက်ကတည်းက ဖြစ်တာတဲ့။ အခုဟာက နည်းနည်း ပိုများလာတယ်လို့ ပြောတယ်။မဆန်းဘူးပေါ့။ အဲ့ဒီနေရာက ပြိုတတ်တဲ့နေရာ ကန်နဲ့လည်းနီးတော့။ အဲဒီလိုပဲ သဘောရတယ်။ တကယ်တော့ ကိုယ်တိုင်ဆင်းကြည့်မှပဲ သိရမှာ။ အခုတော့ ဒေသခံတွေကို မေးနေတုန်းပဲ။ အဆင်ပြေရင်တော့ နီးတဲ့သူတွေကို သွားကြည့်ရင် ကြည့်မယ်။ သူတို့က ဖြစ်နေတာလည်းကြပြီ။ သိလည်း သိတယ်ဆိုတော့ လမ်းမဆိုတော့ ဆောက်လုပ်ရေးကလည်း လုပ်ပါလိမ့်မယ်။ စစ်ကိုင်းပြတ် ရွေ့ကြောနဲ့ မဆိုင်ဘူး။ ဒါက သီးခြားကိစ္စဖြစ်ပါတယ်”ဟု ဘူမိဗေဒပညာရှင် ဦးစိုးသူရထွန်းက ပြောကြားသည်။
အင်းတော်- ဗန်းမောက်ကားလမ်း မိုင်တိုင် ၂၀ မိုင် ၃ ဖာလုံခန့်မှာဖြစ်တဲ့ မြေသားကြွတက်မှု၊ ပြိုဆင်းမှုနဲ့ ပတ်သက်ပြီး ပူပန်မှုကို တွေ့ရကြောင်း၊ အဆိုပါနေရာသည် စစ်ကိုင်းပြတ်ရွေ့ အနောက်ဘက် ၁၀ မိုင်ခန့် အကွာ၊ ၎င်း၏တွဲဖက်ဖြစ်သော ကျောက်တန်းပြတ်ရွေ့၏ အရှေ့ဘက် ၁ မိုင်ခန့် အကွာ ဖြစ်ကြောင်း၊ ငလျင်ဖြစ်စဉ်နှင့် ဆက်စပ်မှုရှိသော မြေပြင်ပြောင်းလဲမှုဖြစ်နိုင်ရန် သဘာဝကျကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
ထ့ိုပြင် မြေပြင်အနေအထား တည်ရှိမှုအရ မဲဇာချောင်း၏ တိုက်စားသည့်ဘက်တွင် ရှိနေခြင်း၊ အောက်ခံကျောက်သည် ပျော့ပျောင်းသော အမျိုးအစား ဖြစ်နေခြင်းကြောင့် ငလျင်ဒဏ်ခံရခြင်းထက် မြေပြိုမှုဒဏ်ခံရ နိုင်မှုက ပိုနိုင်ခြင်းကြောင့် သတိထားသင့်သည်ဟု လတ်တလောရရှိသည့် အချက်အလက်များပေါ်တွင် မြေငလျင်ကော်မတီက သုံးသပ်ထားသည်။
“အင်းတော်မြို့ခံ ဘူမိဗေဒဆရာတစ်ယောက်နဲ့ အင်းတော်အင်းအနား ဗန်းမောက် - အင်းတော်ကားလမ်းပေါ်မှ မြေပြိုနေမှုအား သွားကြည့်ပါတယ်။ နိုဝင်ဘာ ၁၅ ရက်က ကားလမ်းမြေကြွတက်မှုသည် ခြောက်လက်မခန့်သာ ရှိသော်လည်း မိမိတို့သွားတော့ သုံးပေခန့် မြင့်တက်လာပါပြီ။ ကားလမ်းအနီးမှလည်း မြေတွေအက်ကွဲနေတာ နေရာတော်တော်များများမှာ တွေ့ရပါတယ်။ အင်းနဲ့ ပေ ၁၅၀ ခန့်အကွာ လယ်မြေအတွင်းမှာလည်း မြေသားတွေ မြေစာတွေ ထိုးထွက်နေတာ တွေ့ရပါတယ်။ ယနေ့အထိလည်း မြေစာတွေ ပြိုဆင်းနေကြောင်း သိရပါတယ်။ အောက်တိုဘာ ၁၁ရက်ကလည်း အခုနေရာနဲ့ ငါးမိုင်ခန့်အကွာ အင်းတော်မြို့နယ်မှာ ဆိပ်သာ၊ မန်ဖာကို ဗဟိုပြုပြီးတော့ ပြင်းအား ၄ ဒသမ ၅ ရှိ ငလျင်တစ်ခု လှုပ်သွားခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ အင်းတော် - ဗန်းမောက်ကားလမ်း မိုင်တိုင်အမှတ် ၂၀/၃အား မြေငလျင်ဌာန၊ ဘူမိဗေဒဌာနတို့က လာရောက်ကွင်းဆင်း လေ့လာသင့်ကြောင်း အကြံပြုအပ်ပါတယ်”ဟု အင်းတော်ဒေသခံ ဦးသိန်းဆွေဝင်းက ဆိုသည်။
အင်းတော်-ဗန်းမောက် ကားလမ်းတွင် မြေသားကြွတက်မှု၊ ပြိုဆင်းမှုများမှာ စစ်ကိုင်းပြတ်ရွေ့ကြောနှင့် သက်ဆိုင်ခြင်းမရှိဘဲ သီးခြားဖြစ်စဉ်ဖြစ်ကြောင်း မြေငလျင်ပညာရှင်ပြောကြား















