တရုတ်နိုင်ငံမှ ကမ္ဘာ့အမြင့်ဆုံး တံတားကြီးကို ဖွင့်လှစ်

တရုတ်နိုင်ငံမှ ကမ္ဘာ့အမြင့်ဆုံး တံတားကြီးကို ဖွင့်လှစ်
ဒီဇင်ဘာ ၂၈ ရက်က တရုတ်အနောက်တောင်ပိုင်း ကွေကျိုးပြည်နယ်တွင် ကမ္ဘာ့အမြင့်ဆုံးတံတားအား ရိုက်ကူးထားသော ဓာတ်ပုံ (Photo : AFP)
ဒီဇင်ဘာ ၂၈ ရက်က တရုတ်အနောက်တောင်ပိုင်း ကွေကျိုးပြည်နယ်တွင် ကမ္ဘာ့အမြင့်ဆုံးတံတားအား ရိုက်ကူးထားသော ဓာတ်ပုံ (Photo : AFP)
Published 30 December 2016
Ref: AFP

တရုတ်နိုင်ငံ၏ တောင်တန်းထူထပ်သော အနောက်တောင်ပိုင်း ပြည်နယ်နှစ်ခုကို ဆက်သွယ်ပေးထားသည့် ကမ္ဘာ့အမြင့်ဆုံး တံတားကို ယာဉ်များအသုံးပြုနိုင်ရန် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဒီဇင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။ ထိုတံတားကြောင့် ပြည်နယ်နှစ်ခုကြားမှ ခရီးကြာချိန်သည် လေးပုံသုံးပုံခန့် လျော့ကျသွားကြောင်း သိရသည်။
တောင်တန်းထူထပ်သော ယူနန်နှင့် ကွေကျိုးပြည်နယ်တို့ကို ဆက်သွယ်ပေးထားသည့် ပေဖန်ကျန့် တံတားသည် မြစ်တစ်စင်း၏အပေါ် ၅၆၄ မီတာ (၁၈၅၄ပေ) မြင့် သောနေရာတွင် တည်ရှိကြောင်း ကွေကျိုးပြည်နယ် သယ်ယူပို့ဆောင်ရေး ဌာန၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ချက်ထဲ၌ ဖော်ပြခဲ့သည်။
ယူနန်ပြည်နယ်ထဲမှ ရွှမ်ဝေမြို့နှင့် ကွေကျိုးပြည်နယ်ထဲမှ စွေချင်မြို့တို့ကြားမှ ခရီးကြာချိန်သည် ယခင်က လေးနာရီကျော်ရှိရာမှ ဒီဇင်ဘာ ၂၉ ရက်က တံတားဖွင့်လှစ်ပြီးနောက် တစ်နာရီဝန်းကျင်သာ ကြာမြင့်တော့သည်ဟု မျိုးရိုးအမည် တွမ်ဟုခေါ်သော ထရပ်ကားမောင်းသမား တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး အစိုးရမီဒီယာ ဆင်ဟွာတွင် ဖော်ပြခဲ့သည်။ “ဒီနေရာနှစ်ခုကို သွားလိုတဲ့လူ အတွက်တော့ အရမ်းကို သက်သောင့်သက်သာ ဖြစ်စရာပါ” ဟု တွမ်က ဆိုသည်။
၁၃၄၁ မီတာ ရှည်လျားသော ပေဖန်ကျန့်တံတားကို ဆောက်လုပ်ရန် ယွမ်ငွေ တစ်ဘီလျံ (ဒေါ်လာ ၁၄၄ သန်း) ကုန်ကျခဲ့ကြောင်း ကွေကျိုး နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။
လေးလမ်းသွား ပေဖန်ကျန့်တံတားသည် လေပြင်းဒဏ်ကို ခံနိုင်ရန် တည်ဆောက်ထားပြီး မြင့်မားလှသည့် တောင်ကြားများကို ကူးရန်အတွက် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများ ကျော်လွှားခဲ့ရကြောင်း China News Service က ဖော်ပြခဲ့သည်။ လေးနှစ်ကြာ တည်ဆောက်ခဲ့ရသော ယင်းတံတားသည် ဆင်းရဲသော ကွေကျိုးပြည်နယ်ကို ယူနန်နှင့် စီချွမ်ပြည်နယ်ရှိ အဝေးပြေးလမ်းမ ကွန်ရက်များနှင့် ချိတ်ဆက်ပေးမည် ဖြစ်သည်။
ပေဖန်ကျန့်တံတားသည် နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်ရှိ စိတုမြစ်တံတားကို ကျော်ဖြတ်ပြီး ကမ္ဘာ့အမြင့်ဆုံး တံတား ဖြစ်လာခဲ့သည်ဟု ပြည်နယ်သယ်ယူ ပို့ဆောင်ရေးဌာန၏ အစောပိုင်း ထုတ်ပြန်ချက် တစ်ခုထဲတွင် ဖော်ပြခဲ့သည်။
ကမ္ဘာ့အမြင့်ဆုံး တံတားအချို့မှာ တရုတ်နိုင်ငံတွင် တည်ရှိသော်လည်း ကမ္ဘာ့ကိုယ်ထည်အမြင့်ဆုံး တံတားမှာ ပြင်သစ်နိုင်ငံမှ ၃၄၃ ပေမြင့်သည့် နက်ရှိုင်းသော တောင်ကြားဖြတ် Millau တံတား ဖြစ်နေဆဲ ဖြစ်သည်။
Millau တံတားကို ကမ္ဘာ့ကိုယ်ထည် အမြင့်ဆုံးအဖြစ် သတ်မှတ်ရာတွင် မြေပြင်မှ တံတားထိပ်၏ အမြင့်ကို တိုင်းတာခြင်း မဟုတ်ဘဲ တံတားအောက်ခြေမှ တံတားထိပ်၏ အမြင့်ကို တိုင်းတာခြင်းဖြစ်သည်။

Most Read

Most Recent