နိုင်ငံ၏ ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ငါးဖမ်းခြင်း၊ မသမာသည့် နည်းလမ်းများဖြင့် ငါးဖမ်းခြင်းတို့မှ ကာကွယ်ရန် အစီအစဉ်ချမှတ် ဆောင်ရွက်မည်

နိုင်ငံ၏ ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ငါးဖမ်းခြင်း၊ မသမာသည့် နည်းလမ်းများဖြင့် ငါးဖမ်းခြင်းတို့မှ ကာကွယ်ရန် အစီအစဉ်ချမှတ် ဆောင်ရွက်မည်
Published 29 December 2016
မင်းသီဟဇော်

နိုင်ငံ၏ ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ငါးဖမ်းခြင်း၊ မသမာသည့် နည်းလမ်းများဖြင့် ငါးဖမ်းခြင်းတို့မှ ကာကွယ်ရန် အစီအစဉ်များ ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံ၏ကမ်းရိုးတန်းနှင့် ဒီရေတောကဏ္ဍ ဆိုင်ရာ စီမံအုပ်ချုပ်မှုလုပ်ငန်းများ ပိုမိုတိုး မြှင့်ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး အဆိုပါ ဗဟိုကော်မတီ အနေဖြင့် နိုင်ငံ၏ ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ငါးဖမ်းခြင်း၊ မသမာသည့် နည်းလမ်းများဖြင့် ငါးဖမ်းခြင်းများကို ကာကွယ်ရန် အစီအစဉ်များ ချမှတ်ဆောင်ရွက်ရေးအတွက် ကြီးကြပ်လမ်း ညွှန်မှုပေးရန် အပါအဝင် အချက် ၁၀ ချက်ကို လုပ်ငန်းတာဝန်အဖြစ် ဆောင်ရွက်သွားမည်ဟု သိရသည်။
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီတွင် ဒုတိယသမ္မတ(၁)က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်(ရေ)မှ အဆင့်မြင့် အရာရှိကြီး တစ်ဦး၊ ပဲခူး၊ မွန်၊ ရခိုင်၊ ရန်ကုန်၊ တနင်္သာရီ၊ ဧရာဝတီတို့မှ ဝန်ကြီးချုပ်များ အပါအဝင် သက်ဆိုင်ရာ ဌာနများမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီသည် နိုင်ငံအဆင့် ကမ်းရိုးတန်း သယံဇာတ ဘက်စုံစီမံအုပ်ချုပ် လုပ်ကိုင်မှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကြီးကြပ်လမ်းညွှန်ခြင်း၊ နိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်း သယံဇာတများနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များအား စုစည်းရန်နှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှု စနစ်တစ်ခု တည်ထောင်ရန်အတွက် ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုး တန်းဒေသဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှု အစီအစဉ် (Integrated Coastal Resources Management Programme) တစ်ရပ် ရေးဆွဲချမှတ်ရန်နှင့် အဆိုပါ အစီအစဉ်ပေါ်တွင် အခြေခံ၍ ဒေသအလိုက် စီမံချက်များ ရေးဆွဲအကောင်အထည် ဖော်ရန်အတွက် ကြီးကြပ်လမ်းညွှန်ခြင်း၊ နိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းဒေသရှိ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်အတွက် လက်ရှိသဘာဝနယ်မြေ (Protected Areas) များအား စနစ်တကျ ထိန်းသိမ်းကာကွယ်နိုင်ရန်နှင့် သဘာဝနယ်မြေအသစ်များ ထပ်မံဖွဲ့စည်း ထိန်းသိမ်းနိုင်ရန်တို့ အတွက် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အဆင့် အစိုးရဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေး အတွက် ကြီးကြပ်လမ်းညွှန်ခြင်းတို့ကို ဆောင်ရွက်မည်ဟု သိရသည်။
ပင်လယ်ကမ်းရိုးတန်း သယံဇာတဆိုင်ရာ သုတေသနစခန်းများ ထူထောင်ရန်နှင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး ပီပီပြင်ပြင် ဆောင်ရွက်နိုင်ရန် အတွက် ကြီးကြပ်လမ်းညွှန်မှုပေးရန်၊ နိုင်ငံ၏ ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ငါးဖမ်းခြင်း၊ မသမာသည့် နည်းလမ်းများဖြင့် ငါးဖမ်းခြင်း (ဥပမာ ဖောက်ခွဲနည်းဖြင့် ငါးဖမ်းခြင်း၊ ပိတ်ပင်ထားသော ငါးဖမ်းကိရိယာများ အသုံးပြုခြင်း)၊ ထိန်းသိမ်းကာကွယ်ထားသော ဧရိယာများအတွင်း ဝင်ရောက်ငါးဖမ်းခြင်း၊ ကမ်းရိုးတန်းနှင့် ပင်လယ်ပြင်အတွင်း အညစ်အကြေးများ စွန့်ပစ်ခြင်း စသည်တို့မှ ကာကွယ်ရန်အတွက် ကမ်းရိုးတန်း သယံဇာတဆိုင်ရာ အစိုးရဌာန အဆင့်ဆင့်၊ တပ်မတော်ရေ၊ ပုဂ္ဂလိကကဏ္ဍနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်သော အစီအစဉ်များ ချမှတ်ဆောင်ရွက်ရေးအတွက် ကြီးကြပ်လမ်းညွှန်ခြင်း တို့ကိုလည်း နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent