ကယားပြည် ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်းဒေသတွင် မိုးအဆက်မပြတ်ရွာသွန်း၍ မြေပြိုမှုများဖြစ်ပွားခဲ့သောကြောင့်အိုးအိမ်များနှင့် လမ်းများပျက်စီးခဲ့သော်လည်း ယခုအချိန်ထိပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခြင်းမရှိသေးကြောင်း ဒေသခံလူမှုရေးအဖွဲ့အစည်းများထံမှ သိရသည်။“ တစ်လကျော်လောက်က မြေပြိုတဲ့အခါ အိမ်တွေပါသွားသလို လမ်းတွေဆို လူတောင် မနည်းလျှောက်ရတယ် ။ သွားလာရေးအတွက် လိုခါးလိုတောင်ပေါ်လမ်းကို ဆိုင်ကယ်လမ်းလေး ပြန်ပေါက်အောင် ရပ်ကွက်ထဲကလူတွေ ဝိုင်းလုပ်ကြတယ် ။ ပေါက်တူးတွေ တူးရွင်းတွေနဲ့ဘဲ လုပ်ရတာလေ။ တောင်ပေါ်ရပ်ကွက်ဆိုတာ ဦးပိုင်သတ္တု ကုမ္ပဏီ ရှိတဲ့နေရာပါ ။ဒါတောင်မှ ပြန်လည်ထူထောင်ရေးအတွက် အခုထိ မလုပ်ပေးသေးတော့ တစ်ခြားရပ်ကွက်တွေဆိုဝေးသေးပေါ့ ” ဟု တောင်ပေါ် လူငယ်ပရဟိတအဖွဲ့မှ ကိုထွန်းထွန်းမှ ပြောဆိုသည်။မော်ချီးသတ္တုတွင်းဒေသတွင် တောင်ပေါ် ၊ လိုခါးလို ၊ ၁၆ကွေ့၊ ဇီးပင်ကွေ့၊ လေးအိမ်စုနှင့် ၁၃ ကုန်း စသည့်နေရာများတွင် အောက်တိုဘာ ၁၁ ရက်နေ့က မိုးအဆက်မပြတ် ရွာပြီးမြေပြိုသောကြောင့် လူ ၂၈ ဦး သေဆုံးကာ အိမ်ခြေ ၄၀ ခန့်၊ ပျက်စီး၍ ကန့်သတ်နယ်မြေများ သတ်မှတ်သဖြင့် လူဦးရေ ၃၀၀၀ နီးပါးခန့် အလုပ်အကိုင် မဲ့နေကြောင်းလည်း သိရသည်။“ ဒေသခံကတော့ ၁၀၀၀ လောက်က လောလောဆယ် ခဲတူးဖို့ ပိတ်ထားတော့အလုပ်မရှိဘူး ။ပြည်မက ရွေ့ပြောင်းကလေးတွေတော့ ပြန်လာချင်ကြတယ်။သူတို့လည်း ခဲပဲတူးချင်ပေမယ့် မရသေးဘူး။လမ်းတွေကတော့ မြေမပြိုခင်ကတည်းက ကောင်းကောင်း မလုပ်ခဲ့ဘူး။ကုမ္ပဏီက လုပ်ပေးမယ်ပြောတယ်။မလုပ်ပေးပါဘူး။သူတို့အရင်က လုပ်ခဲ့တဲ့လမ်းတွေလည်း မိုးရွာတော့ ပျက်တာပဲ အဖတ်တင်တယ်။ အခုထိ ထူထောင်ရေး မလုပ်သေးတော့ ဘယ်တော့လုပ်မလဲ မေးကြည့်ချင်တယ် ”ဟု ၁၃ ကုန်းရှိ သောသီခို လူမှုရေးအသင်းဝင် တစ်ဦးမှ ပြောဆိုလေသည်။ ထို့ပြင် တောင်ပေါ်နှင့် ၁၃ ကုန်းကျောင်းများအား ပိတ်ထားသဖြင့် ကလေး ၅၀၀ ခန့်မှာလည်း စာသင်ကြားနိုင်ခြင်းမရှိသေးကြောင်း၊ ကျောင်းများအား ဘူမိဗေဒပညာရှင်များမှ လာရောက်ကြည့်ရှုစစ်ဆေး ပြီးသော်လည်းယခုအချိန်ထိ ဒေသခံများမှာ မည်သည့်အဖြေမျှ မရရှိသေးကြောင်းလည်း သိရသည်။
မော်ချီးသတ္တုတွင်းဒေသတွင် မိုးအဆက်မပြတ်ရွာသွန်း၍ မြေပြိုကာ အိုးအိမ်နှင့်လမ်းများ ပျက်စီးခဲ့သော်လည်း ယခုအချိန်ထိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခြင်း မရှိသေး















