ရှမ်းပြည်နယ်၊ အလယ်ပိုင်း မိုင်းရှူးမြို့၊ ရပ်ကွက်(၄) တွင် နိုဝင်ဘာ ၁၇ ရက် ည ၉ နာ ရီအချိန်က ဆိုင်ကယ်ပေါ်မှ လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ပေါက်မှု ဖြစ်ပွားခဲ့ရာ တစ်လုံး ပေါက်ကွဲပြီး တစ်လုံးမှာ ရေမြောင်းထဲသို့ ပြုတ်ကျခဲ့သဖြင့် မပေါက်ကွဲခဲ့သော တစ်လုံးကို တပ်မတော်မှ ယနေ့ နံနက်ပိုင်းတွင် လာရောက် သိမ်းဆည်းသွားကြောင်း မိုင်းရှူးဒေသခံများထံမှ သတင်းရရှိသည်။နိုဝင်ဘာ ၁၇ ရက် ည ၉ နာရီတွင် မိုင်းရှူး မြို့၊ ရပ်ကွက် (၄)ရှိ ရေခဲစက်ရှေ့တွင် ဆိုင်ကယ်ပေါ်မှ လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ပေါက်မှုဖြစ်ပွားခဲ့ရာ တစ်လုံးမှာ ကွဲသွားပြီး တစ်လုံးမှာ မကွဲဘဲ ရေမြောင်းထဲသို့ ပြုတ်ကျခဲ့ကြောင်း၊ မကွဲသော လက်ပစ်ဗုံးကို တပ်မတော်မှ လာရောက်သိမ်းဆည်းခဲ့ကြောင်း၊ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လူနှင့် တိရစ္ဆာန်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။“ရေခဲစက် အိမ်ရှေ့မှာပေါ့။ လမ်းပေါ်မှာ ကွဲတယ်။ မကွဲတဲ့ တစ်လုံးကို တပ်မတော်က လာယူသွားတော့ တခြားတစ်နေရာမှာ ကွဲအောင် ထပ်ခွဲပေးလိုက်တာပေါ့။ သူက စနစ်တံက ဖြုတ်ပြီးပြီလေ။ မိုင်းရှူးဆေးရုံကတော့ ပြန်ဖွင့်လိုက်ပါပြီ။ မီဒီယာတွေ ပြောလွန်းလို့တဲ့။ ဒီလိုပဲ ဖြစ်ရမှာပေါ့။ ဘယ်သူလုပ်တာလဲတော့ မသိရဘူး။ လက်ပစ်ဗုံးက သေးသေးလေးပဲလေ။ ဒီမှာက ည ၇ နာရီဆို အိမ်ဝိုင်းထဲကို ရှိနေကြပြီ ဘယ်မှမသွားရဲဘူး။ ဒီနေ့လည်း ဟိုဘက်တွေမှာ ချနေတုန်းပဲလို့ သိရတယ်” ဟု မိုင်းရှူးကျားခေါင်းပါတီမှ နန်းကောဝ်ခမ်း က အတည်ပြုပြောကြားသည်။ရှမ်းပြည်နယ် လွိုင်လင်ခရိုင်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဒေသခံတိုင်းရင်းသား သောင်းကျော်တို့သည် စစ်ဘေးဒဏ်နှင့် ဝေးကွာရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း အောက်ခြေတွင် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေကြသော ပရဟိတအဖွဲ့များနှင့် လူမှုရေးအသင်းများထံမှ သတင်းရရှိသည်။















