ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူများကို စွဲဆိုထားသည့်အမှု ပယ်ဖျက်ပေးရန် လျှောက်ထားမှု တိုင်းတရားလွှတ်တော် ပယ်ချ

ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူများကို စွဲဆိုထားသည့်အမှု ပယ်ဖျက်ပေးရန် လျှောက်ထားမှု တိုင်းတရားလွှတ်တော် ပယ်ချ
Published 18 November 2015
အောင်ကျော်ထက်၊ရှိုင်းလင်းအောင်

ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း မှ ဖမ်းဆီးခံကျောင်းသား၊ကျောင်းသူများနှင့်  ဝန်းရံပြည်သူများအား တရားစွဲဆိုထားမှုမှာ ဥပဒေအရ မညီညွတ်သဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၅၆၁(က)အရ ပယ်ဖျက်ပေးရန် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့ လျှောက်ထားမှုကို နိုဝင်ဘာ ၁၆ ရက်က ပလပ် (ပယ်ချ) ခဲ့ကြောင်း သတင်းရရှိသည်။
 
ဖမ်းဆီးခံထားရသည့် ကျောင်းသားကျောင်းသူများနှင့် ဝန်းရံသူများအား တရားစွဲဆိုရာတွင် လုပ်ထုံးလုပ်နည်းများနဲ့ မညီသည့်အတွက် တရားစွဲဆိုထားမှုများအား ပယ်ဖျက်ပေးရန် အောက်တိုဘာ ၁ ရက်က ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး  နိုဝင်ဘာ ၁၆ ရက်တွင် ပလပ်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ တရားစွဲဆိုထားသည့် အမှုများပယ်ဖျက်ပေးရန် တောင်းဆိုမှု ပလပ်ခံရမှုနှင့်ပတ်သက်ပြီး ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်အား မေးမြန်းခဲ့ရာတွင် “ကျောင်းသာတွေနဲ့ဝန်းရံ ပြည်သူတွေကို တရားစွဲဆိုထားတဲ့ ပုဒ်မ- ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ နှင့် ၅၀၅(ခ) တွေကို ပယ်ဖျက်ပေးဖို့ လျှောက်တင်ထားတာ မနေ့က ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်က ပလပ်လိုက်ပါတယ်။ ဒါဟာ မတရားတာပဲ။ လူ့အခွင့်အရေးကြေညာစာတမ်းက ဒီကိစ္စမှာ ရဲဘက်ကလည်း တာဝန်ရှိတယ် အရေးယူရမယ်လို့ ကြေညာထားပြီးသားပါ။ အခုတော့ ရဲဘက်ကိုကျတော့ အရေးယူခြင်းမရှိတဲ့အတွက် အစိုးရကဘက် တစ်ဖက်တည်းကို လိုက်နေတဲ့အတွက် တရားမျှတမှုမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ နောက်တစ်ခုက ပုဒ်မ - ၅၀၅ (ခ) ဆိုတာ ရဲအရေးမပိုင်ဘူး။အဲဒါကို အမှုတစ်မှုတည်းမှာရောပြီး တရားစွဲတာလည်း မမှန်ကန်ဘူး”ဟု ၎င်းက ပြောကြားသည်။
 
“ကျွန်မတို့အမှုကို ပလပ်လိုက်တယ်လို့ ကြားတယ်။ အစောကြီးကတည်းက သိပြီးသားပါ။ တကယ်တမ်းပြောရရင် ခရိုင်ရုံးက တရားသူကြီးကကော ကျွန်မတို့ကိုစစ်နေတဲ့ မြို့နယ်တရားသူကြီးကော တရားစီရင်ရေးမှာ သူတို့ဆင်ခြင်တုံတရားနဲ့ လွတ်လွတ်လပ်လပ် တရားစီရင်ပိုင်ခွင့် မရှိဘူးဆိုတာ ဒီကိစ္စက သိသာထင်ရှားစေပါတယ်။ ဟိုးအရင် ပုံစံအဟောင်းကြီးအတိုင်းပဲ လုပ်တယ်လို့မြင်ပါတယ်။ ကျွန်မတို့ ရှေ့နေတင်ပြထားတာကလည်း သာမန်လူတစ်ယောက်တောင် နားလည်နိုင်တဲ့ တင်ပြချက်နဲ့တင်ပြထားတာပါ။ တကယ်တမ်းက တရားခွင်ဆိုတာက ဖောက်ထွက်နိုင်ရမယ်။ အခုဟာက အရင်ကလို သမားရိုးကျပုံစံအတိုင်းပဲ ပြန်သွားနေတယ်”ဟု ဖမ်းဆီးခံထားရသည့် ကျောင်းသားခေါင်းဆောင်တစ်ဉ်ီးဖြစ်သည့် မဖြိုးဖြိုးအောင်ကပြောကြားသည်။
 
အဆိုပါ ရုံးချိန်းတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့က နိုင်ငံရေးအကျဉ်းသားများနှင့် ကျောင်းသားများအား ပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ပြီး  ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံသူများက မြင်းခြံအကျဉ်းထောင်အတွင်း အကြမ်းဖက်မှုတရားခံ ဖော်ထုတ်အရေးယူပေးရေး၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုကော်မတီ၊ အစိုးရ၊လွှတ်တော်နှင့် NNER တို့ လေးပွင့်ဆိုင် သဘောတူထားသည့် သပိတ်မှောက်ကျောင်းသားများအား မဖမ်းဆီးရေးဆိုသည့် သဘောတူညီချက်အား ချိုးဖောက်ကာ ရဲတပ်ဖွဲ့က ကျောင်းသားများနှင့် ဝန်းရံသူများကို ဖမ်းဆီးခဲ့သဖြင့် မတရားသည့် တရားစီရင်ရေးအား ဆန့်ကျင်ကြ Anti Injustice movement စာတန်းတံဆိပ် ရိုက်နှိပ်ထားသည့် တီရှပ်များအား ရုံးထုတ်ရာတွင် ဝတ်ဆင်ခဲ့ကြသည်။
 
ဖမ်းဆီးခံထားရသည့် ကျောင်းသားကျောင်းသူများနှင့် ဝန်းရံသူများအား ပြန်လွှတ်ပေးရန်အတွက် ပထမဦးဆုံး အစာငတ်ခံ တောင်းဆိုတိုက်ပွဲဝင်နေသည့် ဆေးရုံတက်နေရသော ကိုအောင်မှိုင်းဆန်းထံသို့ ဒေါ်အောင် ဆန်းစုကြည်အပါအဝင် အဖွဲ့အစည်းအသီးသီးနှင့် ရွှေဝါရောင် သံဃာတော်များမှ  အစာငတ်ခံဆန္ဒပြမှုအား ရပ်တန့်ပေးရန် တောင်းဆိုခဲ့မှုကို ကိုအောင်မှိုင်းဆန်းက လက်ခံခဲ့သဖြင့် ရုံးထုတ်ရာတွင် ပါဝင်ခဲ့သည့် အစာငတ်ခံနေသည့် ကျောင်းသားေလေးဦးမှာ ယင်းနေ့ရုံးချိန်းတွင် ၎င်းးတို့အနေဖြင့်လည်း အစာအငတ်ခံဆန္ဒပြတောင်းဆိုမှုကို ခေတ္တရပ်တန့်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
 
လက်ရှိ တရားရင်ဆိုင်နေသည့် ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှ ကျောင်းသားတွေနဲ့ဝန်းရံပြည်သူ ၇၀ ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ နှင့် ၅၀၅(ခ) စသည့် ပုဒ်မများဖြင့် သာယာဝတီ မြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေရဆဲ ဖြစ်ပြီး အသက်မပြည့်သေးသည့် ကျောင်းသားနှစ်ဦးနဲ့ အခြားကျောင်းသား ၁၄ ဦးတို့ မှာ အာမခံရရှိထားသည်။
 
ထို့အပြင် သပိတ်ကို ဝန်းရံမှုဖြင့် ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ တို့ဖြင့် တရားစွဲဆိုခံရသူ ၁၁ ဦးရှိရာ ၎င်းတို့ကို အာမခံပေးထားခဲ့သဖြင့် သာယာဝတီမြို့နယ်တရားရုံးတွင်လာ ရောက်အမှုရင်ဆိုင်နေရကြောင် းသိရသည်။
 

Most Read

Most Recent