Mandalay Golden Wing ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေသည့် ဆောက်လက်စ ကွန်ဒိုဖြစ်သော Diamond Inya Palace ကွန်ဒိုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဆလိုက်မီး ငြမ်းပေါ်ပြုတ်ကျပြီး မီးပွားထွက်ရာမှတဆင့် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသော်တာမှ နိုဝင်ဘာ ၁၇ ရက်က ပြောကြားသည်။
“ မီးစတင်လောင်တာက ၂၁ ထပ် နဲ့ ၂၂ ထပ်ကြားက ဆလိုက်မီး သစ်သားငြမ်းပေါ် ပြုတ်ကျပြီး မီးပွားထွက်ရာမှတစ်ဆင့် စတင်လောင်တာပါ။ မီးလောင်မှုမှာ မီးသတ်ကား ထွက်တဲ့အဆင့်ကို Level-3 သတ်မှတ်ထားပါတယ်။ အထပ်မြင့်တော့ မီးငြှိမ်းသတ်ရတာ မီးသတ်သမားတွေက ပိုက်တွေထမ်းပြီး တက်ရတော့ အခက်အခဲဖြစ်ခဲ့ပါတယ်။ ဆောက်ပြီးသားတိုက်ဆိုရင်တော့ ပြဿနာမရှိဘူး။ သူ့ဘာသာသူ ရေပတ်တဲ့စနစ်က ပါပြီးသားပါ။ အခုဟာက ဆောက်လက်စတိုက်ဆိုတော့ ဘေးမှာက အကာမရှိဘူး။ လေတိုက်တော့ မီးကအရှိန်များပြီး လောင်ကျွမ်းတာပါ။ အခု ပွင့်လင်းရာသီရောက်လာတဲ့အတွက် အိမ်တိုင်း၊ အဆောက်အအုံတိုင်းမှာ မီးသတ်ဆေးဘူးတွေ ဆောင်ထားသင့်ပါတယ်။ ဒါမှ မီးလောင်မှုဖြစ်ရင် အရင်ဆုံးမီးကို ဟန့်တားနိုင်တာပါ”ဟု ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသော်တာက နိုဝင်ဘာ ၁၇ ရက်နံနက်ပိုင်းက ပြောကြားသည်။
မီးလောင်မှုဖြစ်စဉ်မှာ နိုဝင်ဘာ ၁၇ ရက် နံနက် ၂ နာရီကျော်ခန့် အချိန်တွင် မရမ်းကုန်းမြို့နယ်၊ ဦးထွန်းငြိမ်းလမ်း၊ ၁၀ ရပ် ကွက်၊ အကွက်အမှတ်(၁/က) တွင် ဆောက်လုပ်ဆဲ ကွန်ဒို၊ အကျယ်အဝန်း (၂၁ x ၉၆ x ၅၆) အာစီ ၃၄ ထပ် L ရှိတ် ၊ ၂၂ တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ညပိုင်းတာဝန်ကျသော အလုပ်သမားများက အဆိုပါတိုက်တွင် ဆောင်ထားသည့် မီးသတ်ဆေးဘူးများဖြင့် ကနဦး မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ မီးလောင်မှုအား ဘုရင့်နောင်၊ လှိုင် ၊ ကျောက်တံတား၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြောက်၊ မြောက်ဥက္ကလာ၊ ရွှေပေါက်ကံ၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဌာနချုပ်စသည့် မီးသတ်ကား စုစုပေါင်း ၄၅ စီး၊ အထောက်အကူပြုယာဉ် ခုနစ်စီး၊ ကွပ်ကဲမှုယာဉ် ခုနစ်စီးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၉၉ ဦး၊ သန္ဓေမီးသတ် ၂၉၉ဦး ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၆နာရီ မိနစ် ၅၀ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
“ မီးလောင်တာကို စတွေ့တာကတော့ သုံးနာရီ ထိုးခါနီးလောက်မှာပါ။ မီးက စတင်လောင်တုန်းက နည်းသေးတယ်။ မီးသတ်ကားလာတဲ့အချိန်မှာ အထပ်ကလည်း အရမ်းမြင့်တယ်။ အဲဒီတော့ အထပ်မြင့်ကိုတက်ဖို့ကိုလည်း မီးသတ်သမားတွေက ကြိုးစားရတယ်။လေတိုက်တော့ မီးကပိုပြီး လောင်တယ်။ အဲဒီ မီးလောင်တဲ့ အထပ်ကနေ မီးလောင်နေတဲ့ သစ်သားတုတ်တွေ မီးပွားတွေပြုတ်ကျလာတာက အရမ်းကြောက်ဖို့ကောင်းတယ်။ ထင်တာကတော့ ဝိုင်ယာရှော့ခ်ကနေ ဖြစ်တယ်ထင်တယ်။ ဒီလိုမျိုး ဆောက်လက်စ အထပ်မြင့်တိုက်တွေ မီးလောင်တဲ့အခါမှာ အမြန်ဆုံးမီးသတ်နိုင်ဖို့ အဆင့်မြင့်မီးသတ်ကိရိယာတွေ လိုမယ်ထင်တယ်” ဟု အဆိုပါမီးလောင်သည့် Diamond Inya Palace ကွန်ဒိုအနီးတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောကြားသည်။
မီးလောင်မှုနှင့်ပတ်သက်၍ Diamond Inya Palace မှ လျှပ်စစ်ပိုင်းတာဝန်ကျသော ကြီးကြပ်ရေးမှူးဖြစ်သူ ကို . . . . (၃၂) အား မရမ်းကုန်းမြို့မရဲစခန်းမှ(ပ) ၅၄၈/၂၀၁၅/ ပုဒ်မ ၃၈၅ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















