ပြီးခဲ့သည့် အောက်တိုဘာလအတွင်းမှ စတင်၍ ဒဂုံမြို့နယ်တရားရုံး၌ ပုဒ်မ-၅၀၅ (ခ) အပါအဝင် ပုဒ်မခုနစ်ခုဖြင့် တရားစွဲဆို ခံထားရသည့် ဖြူးမြို့နယ်၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဒေါ်မြတ်နုခိုင်၏ အနောက်ပိုင်းခရိုင် တရားရုံးသို့ အာမခံလျှောက်ထားမှုအား နိုဝင်ဘာ ၁၆ ရက်တွင် လျှောက်လဲချက်ပေးရမည်ဖြစ်ကြောင်း ၎င်း၏ အကျိုးဆောင်ရှေ့နေဖြစ်သူထံမှ သိရသည်။“နိုဝင်ဘာ ၁၆ ရက်ကျရင် ခရိုင်တရားရုံးကို အာမခံလျှောက်ထားမှုနဲ့ ပတ်သက်ပြီး လျှောက်လဲချက်ပေးရမှာပါ။ ဒေါက်တာက အမျိုးသမီးတစ်ဦးလည်းဖြစ်ပြီး ကျန်းမာရေးအခြေအနေ အချို့ကြောင့် အာမခံလျှောက်ထားခဲ့တာပါ” ဟု ဒေါက်တာမြတ်နုခိုင်၏ ရှေ့နေ ဦးသန်းဇော်အောင်က နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တွင် တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် အရွေးခံမည့် ဒေါက်တာဒေါ်မြတ်နုခိုင်အား တရုတ်သံရုံးရှေ့တွင် လက်ပံတောင်းအရေး ဆန္ဒပြရာ၌ ပါဝင်ခဲ့သည့်ဟုဆိုကာ ဒဂုံမြို့နယ်တရားရုံးတွင် ပုဒ်မ-၅၀၅ (ခ)၊ ပုဒ်မ-၁၈၊ ပုဒ်မ-၁၄၇၊ ပုဒ်မ-၁၄၉၊ ပုဒ်မ-၁၅၂၊ ပုဒ်မ-၂၉၄၊ ပုဒ်မ- ၃၅၃ တို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။ ထိုသို့ တရားစွဲခံထားရမှုနှင့် ပတ်သက်၍ ဒေါက်တာဒေါ်မြတ်နုခိုင်က ၎င်းတွင် အပြစ်မရှိကြောင်း၊ တရုတ်သံရုံးရှေ့၌ ဆန္ဒပြရာတွင် မပါဝင်ခဲ့ဘဲ တရုတ်သံရုံးအရာရှိများ နားလည်အောင် အင်္ဂလိပ်စကားဖြင့် ဘာသာပြန်ပေးခဲ့ခြင်းသာဖြစ်ကြောင်းနှင့် ၎င်း၏ ရှေ့နေက ဒဂုံမြို့နယ် တရားသူကြီးထံသို့ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ၁၉၇(၁)အရ အာမခံလျှောက်တင်ခဲ့သော်လည်း တရားရုံးက ၅၀၅ (ခ) အရ အာမခံပေး၍ မရဟုဆိုကာ ပယ်ချခဲ့ကြောင်း သိရှိရသည်။ယင်းအမှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေ ၁၂ ဦးအား တင်ပြထားပြီး နိုဝင်ဘာ ၁၉ ရက်တွင် ဒဂုံမြို့နယ်တရားရုံး၌ တရားလိုပြသက်သေတစ်ဦးအား ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဒေါက်တာမြတ်နုခိုင်မှာ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၌ တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကော်မရှင်၏ ခွင့်ပြုချက်ရရှိကာ ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံခွင့် ရရှိခဲ့သော်လည်း နိုဝင်ဘာလအတွင်း ဖြူးမြို့နယ်၌ မဲဆွယ်စည်းရုံးစဉ် ဖမ်းဆီးခံခဲ့ရပြီး တရားစွဲဆိုခံခဲ့ရကြောင်း သိရသည်။
ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မခုနစ်ခုဖြင့်် တရားစွဲခံထားရသည့် ဖြူးမြို့နယ်မှ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဒေါ်မြတ်နုခိုင် ခရိုင်တရားရုံးသို့ အာမခံလျှောက်ထားမှု နိုဝင်ဘာ ၁၆ ရက် လျှောက်လဲချက်ပေးမည်















