ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ ပြုလုပ်မည်

ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ ပြုလုပ်မည်
Published 5 November 2015

ကျောက်မျက်ရိုင်းနှင့် ကျောက်စိမ်းအသားကျောက်များအား မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ သိရသည်။
 
ကျောက်မျက်ရတနာရောင်းချပွဲသို့ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍  ကျောက်မျက်ရတနာ အချောထည်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ သက်တမ်းရှိ ဂျီတီစီ (GTC) လိုင်စင်ရ ယူထားသူများနှင့် ကျောက်မျက်ရတနာကုမ္ပဏီ မှတ်ပုံတင် ရရှိပြီးသူများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်အသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက်နှင့်အညီ ရောင်းချပွဲသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
 
မြန်မာ့ကျောက်မျက်ရတနာဥပဒေ၊ နည်းပဒေနှင့်အညီ ခွင့်ပြုမိန့်နှင့် လိုင်စင်ရယူထားသူများကို ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း၊ ကျောက်မျက်ရတနာ ရောင်းချပွဲသို့ တက်ရောက်လိုသော နိုင်ငံသားရတနာကုန်သည်များသည် သတ်မှတ်ထားသည့် အာမခံစပေါ်ငွေနှင့် ဝင်ကြေးငွေများ ပေးသွင်းရမည်ဖြစ်ကြောင်း၊ ရောင်းချပွဲတွင် တင်ပြရောင်းချမည့် ကျောက်မျက်ရတနာများ စစ်ဆေးလက်ခံခြင်း အခြေခံရောင်းဈေး ညှိနှိုင်းသတ်မှတ်ခြင်း၊ ခင်းကျင်းနေရာချထားခြင်းများကို နိုဝင်ဘာ ၅ ရက်မှ ၂၆ ရက်အထိ သက်ဆိုင်ရာလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။
 
ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ တက်ရောက်ဝယ်ယူခွင့်ကိစ္စများနှင့် ပတ်သက်၍ အသေးစိတ်သိလိုပါက မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၊ မြန်မာ့ကျောက် မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ် (နေပြည်တော်) မြန်မာ့ကျောက်မျက်ရတနာပြတိုက် (ရန်ကုန်)၊ ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း) ကျောက်မျက်တူးဖော်ရေးဌာန (မန္တလေး၊ မိုးကုတ်၊ မိုင်းရှူး)နှင့် မြစ်ကြီးနား မြို့၊ ခန္တီးမြို့၊ မိုးညှင်းမြို့များတွင် အခြေပြုသည့် ကျောက်စိမ်းတူးဖော်ရေးဌာန (စခန်းရုံး) များတွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီမှ သိရသည်။

Most Read

Most Recent