၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အောင်နိုင်ရေးအတွက် သာကေတမြို့နယ်မှ အနှေးယာဉ် လုပ်သားများက ဆိုက်ကားအစီးရေ သုံးရာကျော်ဖြင့် နိုဝင်ဘာ ၄ ရက် (ယနေ့)တွင် သာကေတမြို့နယ်အတွင်း၌ လှည့်လည်ကာ စည်းရုံးလှုံ့ဆော်မှု ပြုလုပ်မည်ဖြစ်ပြီး ဓားဖြင့် တိုက်ခိုက်ခံရသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း ပါဝင် လှည့်လည်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
သာကေတ NLD ပါတီ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (၁) ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း (လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) သည် အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် အလှပြယာဉ်ဖြင့် သာကေတမြို့နယ်အတွင်း လှည့်လည် ဖျော်ဖြေနေစဉ် ဓားဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ဖြစ်ပွားခဲ့သည့်အတွက် ဦးနိုင်ငံလင်းတွင် နဖူးဝဲဘက်နှင့် ဝဲ/ယာ လက်နှစ်ဖက်တို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့သဖြင့် အရေးပေါ် ခွဲစိတ်မှု ပြုလုပ်ခဲ့ရသည်။
ဦးနိုင်ငံလင်းအား နိုဝင်ဘာ ၂ ရက်တွင် လက်ဒဏ်ရာအား ခွဲစိတ်မှု ထပ်မံပြုလုပ်ခဲ့ပြီး အခြေအနေ ကောင်းမွန်ကြောင်းနှင့် ဆိုက်ကားများဖြင့် လှည့်လည်ရာတွင် ပါဝင်နိုင်ရန် ဆေးရုံမှ ဆင်းမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းက ဆိုသည်။
“အစောပိုင်းက အရိုးဆေးရုံမှာ ခွဲဖို့လုပ်ထားပေမယ့် ကျွန်တော်ပင်ပန်းမှာစိုးလို့ ရန်ကုန် ဆေးရုံကြီးမှာပဲ ခွဲလိုက်တယ်။ အခုလက်က ခွဲတဲ့အရှိန်ကြောင့် ကိုက်တာခဲတာပဲ ရှိတော့တယ်။ တော်တော်လေးတော့ သက်သာနေပါပြီ။ မနက်ဖြန် လှည့်လည်ပွဲကို လိုက်ဖို့အတွက် ဆေးရုံကဆင်းဖို့ ခွင့်တောင်းထားတယ်။ မဲဆွယ်ဖို့ အရေးကြီးတဲ့အချိန် ဖြစ်နေလို့ဆိုပြီး တောင်းထားတာပါ။ ဆရာဝန်ကလည်း ခွင့်ပြုထားပါတယ်။ ကားနဲ့ပဲလိုက်ပြီး နှုတ်ဆက်မှာပါ”ဟု ကိုနိုင်ငံလင်းက ပြောကြားသည်။
သာကေတမြို့နယ် NLD အောင်နိုင်ရေး ဆိုက်ကားများဖြင့် လှည့်လည်မှုကို နံနက် ၉ နာရီတွင် သာကေတ NLD ရုံးရှေ့မှာ စုဝေးမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း ပါဝင် လှည့်လည်မည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဝေဖြိုးအောင်က အတည်ပြု ပြောကြားသည်။
“မနက် ၉ နာရီ စစုဝေးမှာပါ။ ကော်မရှင်က ခွင့်ပြုတာက ၁၂ နာရီကနေ ညနေ ၃ နာရီအထိ ဆိုတော့ ၁၁ နာရီ ကျော်လောက်တော့ စလှည့်ဖြစ်မယ် ထင်တယ်။ လက်ရှိအချိန်ထိတော့ ဆိုက်ကားသုံးရာကျော် ပါမယ်လို့ စာရင်းရထားတယ်။ ထပ်တိုးလာဖို့လည်း ရှိပါတယ်။ ရှုခင်းသာ လမ်းမပေါ်က ရုံးရှေ့ကနေစပြီး လှည့်လည်မှာပါ”ဟု ဒေါက်တာဝေဖြိုးအောင်က ပြောကြားသည်။
ဆက်လက်ပြီး ဒေါက်တာဝေဖြိုးအောင်က ယခု လှည့်လည်မည့်ပွဲအတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ စာတင်ကာ လုံခြုံရေး အကူအညီ တောင်းခံထားကြောင်းလည်း ပြောကြားသည်။
သာကေတ NLD အောင်နိုင်ရေးအတွက် ဆိုက်ကားများဖြင့် လှည့်လည်မှု ယနေ့ ပြုလုပ်မည်ဖြစ်ပြီး ဓားဖြင့် တိုက်ခိုက်ခံရသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း ပါဝင်မည်















