ဂျပန်မှာ ခုနစ်ည

ဂျပန်မှာ ခုနစ်ည
Published 1 November 2015
နီမင်းဆွေ

၁၉၇၆ ခုနှစ်က ‘ဂျပန်မှာ ခုနစ်ည’ Seven Nights in Japan ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကား ပေါ်ထွက်လာခဲ့ပါတယ်။ အနောက်တိုင်းက နိုင်ငံတစ်နိုင်ငံမှာ နောင်တစ်ချိန်ကျရင် ဘုရင်ဖြစ်လာမယ့် မင်းသားတစ်ပါးနဲ့ ဂျပန်နိုင်ငံက ဘတ်စ်ကား လက်မှတ်ရောင်းတဲ့ ကောင်မလေးတစ်ယောက်တို့ရဲ့ လွမ်းမောဖွယ် မေတ္တာ ဇာတ်လမ်းတစ်ပုဒ်ကို ရိုက်ကူး တင်ဆက်ထားတာ ဖြစ်ပါတယ်။ တစ်ခါမှာတော့ အနောက်တိုင်းက စစ်သင်္ဘောတစ်စင်းဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ကို ဆိုက်ကပ်လာပါတယ်။ အဲဒီသင်္ဘောပေါ်မှာ မင်းသား ‘ဂျော့ရှ်’ Michart York ဆိုသူ ပါလာပါတယ်။ သူဟာ နောင်တစ်ချိန်မှာ ထီးနန်း အရိုက်အရာကို ဆက်ခံမယ့် မင်းသားတစ်ပါးဖြစ်သလို လက်ရှိမှာတော့ အဲဒီသင်္ဘောပေါ်က ရေတပ်အရာရှိငယ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဂျပန်မှာ သင်္ဘောဆိုက်ကပ်စဉ်အတွင်း မင်းသားကို ကုန်းပေါ်တက်ပြီး ခုနစ်ရက်ကြာ လည်ပတ်ခွင့်၊ ဂျပန်က စက်ရုံတွေကို လေ့လာခွင့် ပေးရမှာ ဖြစ်ပါတယ်။ မင်းသားဂျော့ရှ်ဟာ သူတို့နိုင်ငံက သံအမတ်ကြီးစီစဉ်ပေးတဲ့ သံရုံးထဲက အိမ်တစ်အိမ်မှာ တည်းခိုရပါတယ်။ ရောက်တဲ့ညမှာပဲ မင်းသားဂျော့ရှ် ဟာ အိမ်ခြံစည်းရိုးကို ကျော်တက်ပြီး မြို့ထဲကို လျှောက်လည်ပါတော့တယ်။         
နိုက်ကလပ်တစ်ခုထဲ ဝင်ထိုင်ပြီးတော့ ကျသင့်ငွေ ယန်းတစ်သိန်းကျော်ကို ဆိုင်ရှင်က တောင်းတဲ့အခါ ရှင်းမပေးနိုင်တော့ပါဘူး။ ငွေမရှင်းနိုင်ဘူးဆိုတာက မင်းသားဆိုတာ ငွေစက္ကူတို့၊ အကြွေးဝယ်ယူခွင့် ကတ်ပြားတို့ကို ကိုင်မှမကိုင်ရဘဲဟာကိုး။ ဘာလုပ်လုပ် ဘာဝယ်ဝယ် ဝန်ထမ်းတွေက ကျသင့်ငွေကို နောက်က လိုက်ရှင်းပေးကြရတာဟာ ထုံးစံဖြစ်ပါတယ်။ အဲဒါကြောင့် ကျသင့်ငွေမရှင်းနိုင်လို့ ဆိုင်က လူမိုက်တွေ ဝိုင်းလိုက်တဲ့အခါ ဂျော့ရှ်ဟာ လက်လွတ် ထွက်ပြေးပြီး တွေ့ရာ ဘတ်စ်ကားတစ်စီးပေါ် ခုန်တက်လိုက်ရပါ တယ်။ အဲဒီဘတ်စ်ကားကလည်း ကမ္ဘာလှည့် ခရီးသည်တွေကို မြို့ထဲ သီးသန့် လိုက်ပြတဲ့ကား ဖြစ်နေပါတယ်။ အဲဒီဘတ်စ်ကားပေါ်မှာ လက်မှတ်ရောင်းတဲ့ ‘ဆူမီ’ Hidemi Aoki ဆိုတဲ့ ဂျပန်မလေးက ခရီးသည်တွေကို လမ်းခရီးတစ်လျှောက် တွေ့ရတဲ့ မြင်ကွင်းတွေအကြောင်း ရှင်းပြပါတယ်။ ပြီးတော့ ခရီးသည်တွေကို သီချင်းဆိုပြီး ဖျော်ဖြေပါတယ်။ ခရီးစဉ်ဆုံးလို့ ဘတ်စ်ကားခ ကျသင့်ငွေ ယန်းသုံးထောင်ကို တောင်းတော့လည်း မင်းသားဟာ မပေးနိုင်ပြန်ပါဘူး။ ဂျော့ရှ်က နောက်နေ့ညကျမှ လာပေးမယ်လို့ တောင်းပန်တဲ့အတွက် သူ့ကိုခွင့်ပြုလိုက်ပါတယ်။ နောက်တစ်နေ့ညမှာတော့ ဂျော့ရှ်ဟာ သံအမတ်ကြီးရဲ့ သမီးဆီက ပိုက်ဆံတွေ ချေးလာပြီး ဆူမီ့ကို နှစ်ရက်ပေါင်း ဘတ်စ်ကားခ ကျသင့်ငွေ ယန်းခြောက်ထောင်ကို ရှင်းပေးပါတယ်။ အဲဒီနေ့ညခရီးစဉ်ပြီးလို့ ဘတ်စ်ကား ဂိတ်ဆုံးရောက်တော့ ဂျော့ရှ်ကအတင်းခေါ်လို့ ဆူမီက မင်းသားနဲ့အတူ အပြင်ထွက်ပြီး တစ်ခုခုလိုက်သောက်ပါတယ်။ ဆိုင်ကအပြန်မှာ ဂျော့ရှ်က ဆူမီ့ကို ပြန်လိုက်ပို့ပါတယ်။ အဲဒီအချိန်က ဆူမီဟာ သူငယ်ချင်းဖြစ်သူနဲ့ အခန်းတစ်ခန်းတည်း အတူငှားနေတာပါ။ ဂျော့ရှ်ကလည်း မိုးရေတွေ စိုနေလို့ ဆူမီက အိမ်ထဲဝင်ခိုင်းပြီး လက်ဖက်ရည်နဲ့ ဧည့်ခံပါတယ်။ ဒါပေမဲ့ ပြဿနာက ဂျော့စ်ဟာ သူ့သင်္ဘောပေါ်ကို ညဘက် ပြန်တက်လို့မရတော့ဘဲ မနက် ၅ နာရီခွဲမှသာ ပြန်တက်လို့ ရတော့မယ့်အကြောင်း ပြောလာတဲ့အတွက်ပါပဲ။ ဒါ့ကြောင့် မလွှဲမရှောင်သာတဲ့အဆုံး ဆူမီဟာ ခရီးထွက်နေလို့ အားနေတဲ့ သူ့အခန်းဖော်အိပ်တဲ့ အခန်းမှာပဲ ဂျော့ရှ်ကို သိပ်လိုက်ရပါတော့တယ်။ ဒါပေမဲ့ ဆူမီ အိပ်ပျော်သွားတဲ့ အချိန်မှာ ဂျော့ရှ်ဟာ သူတည်းခိုတဲ့ သံရုံးကအိမ်ကို တိတ်တိတ် ပြန်သွားခဲ့ပါတယ်။
နောက်တစ်နေ့မှာ ဂျော့ရှ်ဟာ သံအမတ်ကြီး တရားဝင် စီစဉ်ထားတဲ့ လေ့လာရေး ခရီးစဉ်တွေကို မလိုက်ပါတော့ဘဲ ဆူမီရှိရာဆီကိုပဲ သွားပါတော့တယ်။ အဲဒီအချိန်က ဆူမီဟာ အလုပ်ကနေ ခွင့်ရက်အနည်းငယ်ရလို့ မွေးရပ်တောရွာလေးကို အလည်ပြန်မယ့်အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဂျော့ရှ်ဟာ ဘယ်သူ့ကိုမှ သတင်းမပို့ဘဲ ဆူမီ့ကို အတင်းပူဆာပြီး ဆူမီနဲ့အတူ ဆူမီတို့ရွာကို လိုက်သွား ပါတော့တယ်။ ဒါ့ကြောင့် မင်းသား ရုတ်တရက် ပျောက်သွားတဲ့အတွက်  သံအမတ်ကြီးနဲ့ သင်္ဘောကပ္ပတိန်တို့မှာတော့ ငယ်ထိပ်ကို မြွေပေါက်သလိုဖြစ်ပြီး ကျန်ရစ်ခဲ့ကြတော့တာပါပဲ။
မင်းသားဂျော့ရှ်ကတော့ ဆူမီ့ တူ၊ တူမလေးတွေနဲ့ ဆော့ကစားပြီး ဆူမီတို့ရွာမှာ အပျော်ကြီး ပျော်နေပါတော့တယ်။ ဒါတင်မကဘဲ သူတို့နှစ်ဦးဟာ အချစ်နွံအတွင်းကိုလည်း အတူ သက်ဆင်းမိကြပါတယ်။ တစ်ရက်မှာတော့ ဆူမီဟာ ဈေးဝယ်ထွက်ရင်းနဲ့ ရုပ်မြင်သံကြားထဲမှာ မင်းသားဂျော့ရှ်ရဲ့ ပုံကို တွေ့ သွားပါတယ်။ အဲဒီညမှာပဲ အိပ်နေတဲ့ မင်းသားဂျော့ရှ်ရဲ့နံဘေးမှာ ‘ဆာယိုနာရာ’လို့ နှုတ်ဆက် စာလေးတစ်စောင်ရေးပြီး မော်တော်ဘုတ်နဲ့ ရွာကနေ ဆူမီ ထွက်ပြေးသွားပါတော့တယ်။ ဂျော့ရှ်လည်း ဆူမီ့ကို လိုက်ရှာလို့မရတဲ့အဆုံး သံရုံးကို ပြန်သွားပါတယ်။ နောက်တစ်နေ့မှာ ဂျော့ရှ်ဟာ သူတည်းခိုတဲ့ သံရုံးအိမ်ကနေ ရေတပ် ယူနီဖောင်းဝတ်ပြီး သံရုံးက ကားနဲ့သင်္ဘောရှိရာ ဆိပ်ကမ်းကို ပြန်သွားပါတယ်။ အဲဒီသံရုံးက ကားနဲ့ ဆူမီတို့ ဘတ်စ်ကားဟာ မီးပွိုင့်မှာ အတူယှဉ် ရပ်မိကြပါတယ်။ ဆူမီ သီချင်းဆိုနေတာကိုလည်း ဂျော့ရှ်က တွေ့သွားပါတယ်။ သူတို့နှစ်ဦးဟာ ကြေကွဲစွာနဲ့ တစ်ယောက်ကိုတစ်ယောက် မချိပြုံးလေးတွေနဲ့ ပြုံးပြီး နှုတ်ဆက်လိုက်ကြတဲ့အချိန်မှာ ရုပ်ရှင်လည်း ပြီးသွားပါတယ်။
ဒီဇာတ်ကားကိုကြည့်ပြီး ငယ်စဉ် ကျောင်းသားဘဝကိုသွားပြီး သတိရမိပါတယ်။ အဲဒီတုန်းက ကျောင်းမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေကို အစိမ်း၊ အဝါ၊ အပြာ၊ အနီရယ် ဆိုပြီး အသင်းလေးသင်း ခွဲထားပါတယ်။ အသင်းတွေဟာ စာနဲ့ အားကစားမှာ ယှဉ်ပြိုင်ကြရသလို တစ်ခါတစ်ရံမှာလည်း စကားရည်လုပွဲတွေ ပြုလုပ်ပြီး ပြိုင်ကြရပါတယ်။ တစ်ခါမှာတော့ အစိမ်းအသင်းက ဆရာကြီးတစ်ဦး စကားရည်လုပွဲကို ကိုယ်တိုင် တက်ပြောပါတယ်။ သူပြောတာက ‘‘လောကမှာ စိမ်းလန်း စိုပြေတယ်ရယ်လို့သာ ရှိတယ်။ နီလမ်း စိုပြေ တယ်ရယ်လို့မရှိဘူး၊ ဒါကြောင့်အစိမ်းအသင်းက အနီအသင်းထက် ပိုမြတ်တယ်’’လို့ ဖြစ်ပါတယ်။ အစိမ်းအသင်းက ကျောင်းသူ ကျောင်းသားတွေက သဘောကျပြီး လက်ခုပ်လက်ဝါးတီး အားပေးကြတာပေါ့။ ဒါပေမဲ့ ဒါဟာ ဟုတ်သလိုလိုရှိပြီး တကယ်တမ်းကျတော့ ဟုတ်မှမဟုတ်တာဘဲ။ ဒီလိုလုပ်တာမျိုးကို Brain Wash လုပ်တယ်လို့ ခေါ်တဲ့အ ကြောင်း အဲဒီတုန်းက မသိခဲ့သေးပါဘူး။ အခု အသက်အရွယ် ရလာတဲ့အခါကျမှ သူများတွေက အမှန်တွေ လာပြောတာကို နားမထောင်နိုင်အောင် အဲဒီလူတွေနဲ့ အဆက်ဖြတ်ထားပြီး လူတွေကို သူတို့ရဲ့ ကိုယ်ပိုင် ဦးနှောက်နဲ့ လွတ်လွတ်လပ်လပ် မတွေးတတ် မခေါ်တတ်အောင် လုပ်ထားတာ၊ မဟုတ်တာတစ်ခုကို အဟုတ်ထင်အောင် ဇွတ်ခဏခဏ ထပ်ပြောတာ၊ ဒါမှမဟုတ် နည်းမျိုးစုံနဲ့ လှည့်ဖြားပြီး သွေးဆောင် ဖြားယောင်းတာမျိုးကို Brain Wash လုပ်တယ်လို့ခေါ်တယ်ဆိုတဲ့ အကြောင်း သိလာပါတယ်။
ပစ္စည်း ဝယ်ယူသူတွေကို နီလန်း စိုပြေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပြောပြီး လိမ်ညာလို့ မရတော့ ဒီ့ထက်ပိုပြီး အဆင့်အတန်းမြင့်တဲ့ Brain Wash လုပ်နည်းနဲ့လုပ်ပြီး ကုန်ထုတ်သူတွေက ပစ္စည်းတွေကိုရောင်းဖို့ ကြိုးစားလာကြ ပါတော့တယ်။ ဥပမာအားဖြင့် ဆေးပညာအရ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း တွေကသာ ဗိုက်မှာရှိတဲ့ အဆီပြင်တွေကို အရည်ပျော်ကျစေနိုင်မှာဖြစ်ပေမယ့် တခြားလိမ်းဆေး၊ သောက်ဆေးတွေနဲ့ အဆီကျစေနိုင်ကြောင်း၊ အဝတ်အထည်တစ်ခုခု ဝတ်ထားရုံနဲ့ အဆီကျစေနိုင်ကြောင်း  ကြော်ငြာပြီး ပစ္စည်းတွေရောင်းဖို့ ကြိုးစား လာကြပါတော့ တယ်။ ဒါဟာ Brain Wash လုပ်နည်းတစ်မျိုး ပါပဲ။ တောင်အမေရိကရဲ့ အနောက်တောင်ဘက်နားမှာ ‘ဂူယာနာ’ Guyana ဆိုတဲ့ နိုင်ငံလေးတစ်နိုင်ငံရှိတယ်။ အဲဒီနိုင်ငံက ‘ဂျုံးစ်တောာင်း’ ဆိုတဲ့မြို့လေးရဲ့အပြင်ဘက်မှာ သင်းအုပ်ဆရာ ‘ဂျင်ဂျုံးစ်’ဆိုသူ တည်ထောင် ထားတဲ့ အသင်းတစ်သင်းရှိတယ်။ လူမည်းအများဆုံးပါတဲ့ အမေရိကန်နိုင်ငံသားတွေ အသင်းသားအဖြစ် ပါဝင်ထားကြတဲ့ အသင်းတစ်သင်းပေါ့။ ၁၈-၁၁-၁၉၇၈ ရက်မှာတော့ အဲဒီအသင်းက အသင်းသား ၉၁၂ ဦးဟာ ဂျင်ဂျုံးစ်ခိုင်းလို့ စည်ပိုင်းပြတ်ထဲမှာ ထည့်ထားပြီး အလွန်အဆိပ်ပြင်းတဲ့ ‘စိုင်းယဲနိုက်’ပါတဲ့ စပျစ် ဖျော်ရည်တွေ သောက်ပြီး အားလုံး အသေခံ သွားကြပါတယ်။ ဒါဟာ ကမ္ဘာပေါ်က  Brain Wash လုပ်နည်းတွေအားလုံးရဲ့ အကြီးမားဆုံးသော ဖြစ်ရပ်သာဓကတစ်ခုပါပဲ။
အခု ‘ဂျပန်မှာ ခုနစ်ည’ ဆိုတဲ့ ဇာတ်ကားဟာလည်း Brain Wash လုပ်နည်းတစ်မျိုးကို သုံးထားတာလို့ ဆိုချင်ပါတယ်။ သနားစရာကောင်းတဲ့ ရုပ်ရည်ရူပကာရှိတဲ့ ဂျပန်မင်းသမီးလေးရယ်၊ ရေကန်တွေ တောတောင်တွေ ပါတဲ့ သာယာလှပတဲ့ ရှုခင်းတွေရယ်၊ သာယာနာ ပျော်ဖွယ်ကောင်းတဲ့ သီချင်းသံသာသာ လေးတွေရယ်နဲ့ရောမွှေပြီး ရုပ်ရှင်ကိုစွဲမက်စရာဖြစ်အောင် ဖန်တီးထားပါတယ်။ ဒါပေမဲ့ သေသေချာချာ တွေးကြည့်ရင် ဒီဇာတ်ကားဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိပါဘူး။ ဂျော့ရှ်ဟာ ဆူမီတို့ရွာကို လိုက်လာတဲ့အခါတုန်းက ပိုက်ဆံလည်း များများစားစား ပါလာတာ မဟုတ်ပါဘူး။ ဆူမီတို့အိမ်မှာ တည်းခိုပြီး ဆူမီ ချက်ကျွေးတာတွေ စားသွားရုံသာမက အသွေးအသားကိုလည်း ဝါးမျိုသွားခဲ့သူသာ ဖြစ်တယ်။ တကယ်တော့ ဂျော့ရှ်ဟာ ဒီတစ်ခါ သူ့စီးလာတဲ့သင်္ဘော သူ့နိုင်ငံ ပြန်ဆိုက်ရင် မင်းသမီးတစ်ပါးနဲ့ လက်ထပ်ဖို့ စေ့စပ်ထားသူလည်း ဖြစ်တယ်။ ဆူမီ့ကို ပေးခဲ့တာဆိုလို့ တစ်ထွာလောက်ရှိတဲ့ အဝတ်ရုပ်လေး တစ်ရုပ်သာ ဖြစ်ပြီး ‘‘ဒီအရုပ်လေးဟာ ကိုယ်လို့ပဲ သဘောထားပြီး မင်း ထာဝရ သိမ်းထားလိုက်တော့’’ လို့ ပြောပြီးပေးခဲ့တာပါ။ ဒါတွေတင်မက ရှူးဖိနပ်ကြီး စီးစီးပြီး အိမ်ပေါ်တက်တက်လာလို့ ဖိနပ်ချွတ်တက်ဖို့ ဆူမီကပြောတော့ စိတ်ကောက်ပြီး ရှူးဖိနပ်ကြီးကို မိုးရေထဲလွှင့်ပစ်လိုက်တာက ပိုသေး။ သေချာတွေးကြည့်ရင် မိန်းကလေးဘက်က နာလွန်းလှပါတယ်။ တကယ်တန်းကျတော့ ဒီဇာတ်ကားဟာ ပရိသတ်ကို လှည့်စားသွားခြင်း တစ်မျိုးသာပါပဲ။ အစိမ်းက အနီထက်ပိုပြီး ဘာ့ကြောင့် မြတ်သလဲလို့ ရှင်းပြထားတဲ့ ပုံစံ အကြီးစားကြီး တစ်မျိုး ဖြစ်နေပါတယ်။ ဟုတ်သလိုလိုနဲ့ မဟုတ်ဘူး။ ဒါပေမဲ့ လူတွေက ဒီဇာတ်ကားကို သိပ်သဘောကျ လက်ခံကြလို့ ဇာတ်ကား ထုတ်လုပ်သူ၊ စာရေးဆရာနဲ့ ဒါရိုက်တာတို့ကို Brain Washလုပ်တာ တော်ပါပေတယ်လို့ ချီးကျူးရမလို ဖြစ်နေပါတော့တယ်။
ဒါ့ကြောင့် မြင်သမျှ၊ ကြားသမျှတိုင်းကို ကိုယ်တို့ပြည်သူတွေ လွယ်လွယ်နဲ့ မယုံကြစေချင်ပါဘူး။ ဘယ်သူတွေ ဘာပြောနေနေ တန်ဖိုးရှိတဲ့ ကိုယ်ပိုင်ဦးနှောက်ကို အသုံးပြု ပြီး ဒါရိုက်တာက ကိုယ့်ကို အယုံသွင်းနေတာလား၊ စာရေးဆရာက ညာနေတာလားဆိုတာကို မြင်အောင် ကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ‘ဂျပန်မှာခုနစ်ည’ဆိုတဲ့ဇာတ်ကားကို ကြည့်ပြီးတဲ့နောက် ၈-၁၁-၂၀၁၅ ရက်မှာ ကျရောက်မယ့် အဋ္ဌမမြောက်ညမှာတော့ ကိုယ်တို့ပြည်သူတွေကို ဘယ်သူ Brain Wash လုပ်တာကိုမှ မခံရစေချင်တော့ပါဘူး။

Most Read

Most Recent