လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေသည့် လက်နက်များ

လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေသည့် လက်နက်များ
Published 1 November 2015
မောင်ကြွယ်စိုး

ဘရာဇီး နိုင်ငံဟာ ကမ္ဘာပေါ်မှာ လူသတ်မှု အများဆုံး ဖြစ်ပွားနေတဲ့ နိုင်ငံတစ် နိုင်ငံဖြစ်နေပါတယ်။ အဲဒါကြောင့်မို့လို့ သေနတ် ကိုင်ခွင့်ကို ထိန်းချုပ်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ဝေဖန်ရေး ဆရာတစ်ဦးက “အရိုင်း အနောက်ပိုင်း” လို့ တင်စား ပြောဆိုခဲ့ပါတယ်။
သေနတ် ထိန်းချုပ်ရေး မူကြမ်းကို ကော်မတီက အတည်ပြုခဲ့ပြီးသည့် နောက်ပိုင်းမှာ အဲဒီမူကြမ်းကို နိုဝင်ဘာလမှာ အောက်လွှတ်တော်ထံ တင်ပြရမှာ ဖြစ်ပါတယ်။ အသစ် ရေးဆွဲလိုက်တဲ့ ဥပဒေ မူကြမ်းမှာ မည်သူမဆို အသက် ၂၁ နှစ် အထက် ရှိခဲ့ရင်၊ ဒါမှမဟုတ် ရာဇဝတ်မှု ကြီးကြီးမားမား မပြုလုပ်ခဲ့ရင် တစ်နှစ်အတွင်းမှာ လက်နက်ကိုးလက် ဝယ်ယူခွင့် ရရှိမှာ ဖြစ်ပါတယ်။ အစိုးရ ဝန်ထမ်းတွေနဲ့ ထင်ရှားတဲ့ လူပုဂ္ဂိုလ်တွေကလည်း လက်နက်တွေ ကိုင်ဆောင်ခွင့် ရှိပါတယ်။ သူတို့တစ်တွေ အနေနဲ့ လူမြင်ကွင်းမှာ လက်နက်တွေ ကိုင်ဆောင်ခွင့်လည်း ရရှိမှာ ဖြစ်ပါတယ်။ လက်ရှိ ကာလမှာတော့ လက်နက်တွေကို တရားဝင် ကိုင်ဆောင်ခွင့်နဲ့ ပတ်သက်ပြီး လိုင်စင် လျှောက်ထားဖို့ လိုအပ်နေပါတယ်။
ဘရာဇီး နိုင်ငံဟာ ခိုးဝှက်မှုတွေ၊ လုယက် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေသလို မူးယစ်ဆေးဝါး ဂိုဏ်းတွေနဲ့ ရဲတပ်ဖွဲ့တွေက မကြာခဏ ဆိုသလို ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာကြောင့် ပြည်သူလူထု အနေနဲ့ အသက် အန္တရာယ် ကာကွယ်ဖို့အတွက်  ကိုယ်ပိုင်လက်နက် ကိုင်ဆောင်ထားဖို့ လိုအပ်ကြောင်း လက်နက်များ လွယ်လင့်တကူ ဝယ်ယူခွင့် ရရှိရေး ထောက်ခံနေကြသူများက သုံးသပ် ပြောကြားခဲ့ပါတယ်။ ဘရာဇီး နိုင်ငံမှာ တစ်နှစ်ကို လူပေါင်း လေးသောင်းခန့်ဟာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးနေကြပါတယ်။
ကျွန်တော်တို့ အနေနဲ့ နိုင်ငံသားကောင်း တစ်ယောက်ဟာ မိမိကိုယ်မိမိ ကာကွယ်ပိုင် ခွင့်ရှိဖို့အတွက် လက်နက် ပိုင်ဆိုင်ခွင့်ကို တောင်းဆိုနေရတာ ဖြစ်ပါတယ်လို့ ဥပဒေနဲ့ ပတ်သက်ပြီး ရေးသားနေသူ စာရေးဆရာ လော်ဒီဗီယို ကာဗာဟိုက ပြောကြားခဲ့ပါတယ်။ သူက ဘရာဇီးနိုင်ငံရှိ အလယ်အလတ် အယူအဆ ကိုင်စွဲထားတဲ့ PMDB ပါတီဝင်တစ်ဦး ဖြစ်ပါတယ်။
ဒါပေမဲ့ ဘရာဇီးနိုင်ငံမှာ လက်နက်ကိုင်ဆောင်ပြီး အကြမ်းဖက် သတ်ဖြတ်မှုတွေ ရှိတာကို ထိတ်လန့်နေတဲ့သူတွေကတော့ လက်နက်ကိုင်ဆောင်မှု ထိန်းချုပ်မှုကို လိုလားနေကြပါတယ်။ လက်နက်တွေ ထိန်းချုပ်မှု မရှိဘဲ ကိုင်ဆောင်နေခွင့် ရှိနေတာကြောင့် အမေရိကန် ရုပ်ရှင်ကားတွေမှာ မြင်တွေ့နေရတဲ့ ဥပဒေမဲ့ အနောက်ပိုင်း ဒေသမှာ တွေ့ကြုံနေရတဲ့ ဖြစ်စဉ်မျိုးကို ရောက်သွားမှာကို စိုးရိမ်နေရတယ်လို့ လက်ဝဲဝါဒီ PSOL ပါတီက အီဗန်ဗာလန်တီက ပြောကြားခဲ့ပါတယ်။
တည်ရှိဆဲ ဥပဒေကတော့ ၂၀၀၃ ခုနှစ်မှာ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဥပဒေကို လက်ယာဝါဒီ နိုင်ငံရေး သမားတွေက ရေးဆွဲခဲ့တာဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့ အင်အားကြီးမားတဲ့ စွမ်းအင်တစ်ခုအဖြစ် ယူဆခဲ့ပါတယ်။ ဒီဥပဒေဟာ ကွန်ဆာဗေး တစ်တွေ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေကြောင့် ဓားမဦးချ ပိုင်ဆိုင်ခဲ့တဲ့ လယ်မြေတွေကို ဒေသခံ တိုင်းရင်းသား မျိုးနွယ်စုတွေ အနေနဲ့ ပိုင်ဆိုင်ခွင့် မရှိအောင် လုပ်ဆောင်ဖို့ အတွက် ပြဋ္ဌာန်းထားတာ ဖြစ်တယ်လို့ ဝေဖန်ချက်တွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။
အောက်လွှွတ်တော် ဥက္ကဋ္ဌ အက်ဒဝါဒို ကူနဟာဟာ လက်ယာဝါဒီ တစ်ဦးဖြစ်ပြီး လက်ဝဲသမ္မတ ရူဆက်ကို ပြစ်တင် စွဲဆိုမှုတွေ ပြုလုပ်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ လက်ယာပါတီ တစ်ခုဖြစ်တဲ့ PSD ပါတီက ဂျာအိုရော် ဒီဂွေးကလည်း လက်နက်ကိုင် ဥပဒေဟာ လိုအပ်ကြောင်း၊ အစိုးရ အနေနဲ့ ပြည်သူများရဲ့ အန္တရာယ်ကို ကာကွယ်ပေးနိုင်ခြင်း မရှိကြောင်း ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ အနေနဲ့ ရာဇဝတ်သားတွေ လမ်းမပေါ်မှာ သေနတ်ကိုင်ပြီး လျှောက်သွားနေတာကို ရှင်းလင်း ပစ်ရပါမယ်။ သေနတ်ကိုင်ပြီး သူတို့ ပစ်သတ်ချင်နေတဲ့ သူတွေကို ပစ်သတ်နေတာကိုလည်း ရပ်တန့်ရပါမယ်။ အဲဒီလူတွေကို ဖယ်ရှားပစ်ဖို့ လုပ်ဆောင်ရပါမယ်” လို့ ရော်ဒီဂွေးက အိုဂလိုဘို သတင်း အထက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။
ဘရာဇီးနိုင်ငံမှာ လူစုလူဝေးနဲ့ မိမိ မှန်တယ် ထင်တဲ့အတိုင်း ပြုလုပ်နေကြပါတယ်။ အဲဒီလို လူစုလူဝေးက မှန်တယ်ထင်တဲ့ အတိုင်း လုပ်ဆောင်နေတဲ့ လူ့အဖွဲ့အစည်းမှာ လက်နက်တွေ ထိန်းချုပ်မှု မရှိဘဲ ထားမယ်ဆို ရင် တည်ငြိမ် အေးချမ်းမှုဟာ ဘယ်လိုမှ ရှိနိုင်မှာ မဟုတ်ပါဘူး။ ရာဇဝတ်မှု ကျူးလွန်တယ်လို့ သံသယရှိတဲ့ သူတွေကို ဖမ်းဆီးပြီး အရေးယူမှု ပြုလုပ်နေတာဟာလည်း တရားဥပဒေ စိုးမိုးမှုကို အဟန့်အတား ဖြစ်စေပါတယ်။
“သေနတ် တစ်လက်ဟာ လူတစ်ဦး တစ်ယောက်ကို လွယ်လင့်တကူနဲ့ တိုက်ခိုက်ဖို့ဟာ အသုံးတည့်တဲ့ ပစ္စည်းတစ်ခု ဖြစ်နေပါတယ်။ မိမိကိုယ်မိမိ ကာကွယ်ဖို့ အတွက်တော့ လက်နက်ဟာ မရှိမဖြစ် ပစ္စည်းတစ်ခု ဖြစ်နေပါတယ်။ ဒါပေမဲ့ ရာဇဝတ်မှု ကျူးလွန်သူ တစ်ဦးလက်ထဲမှာ လက်နက်သာ ရောက်ရှိနေမယ်ဆိုရင် အဲဒီလက်နက်ဟာ အဆိုးရွားဆုံး ရန်သူတစ်ဦး ဖြစ်နေပါပြီ။ လက်နက်တွေကို ထိန်းချုပ်မှု မရှိဘဲ လွှတ်ပေးထားခြင်းဟာ ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို ဖြစ်ပေါ်စေပါတယ်” လို့ အကြမ်းဖက်မှုဆိုင်ရာ စူးစမ်း လေ့လာမှုတွေကို ပြုလုပ်နေတဲ့ Sou da paz အင်စတီကျုမှ ညွှန်ကြားရေးမှူး အီဗန်မာကွေးစ်က ပြောကြားခဲ့ပါတယ်။
မိမိတို့ အနေနဲ့ ပြည်သူလူထုကို လက်နက်တွေ မကိုင်ဆောင်အောင် လုပ်ဖို့ လိုအပ်ကြောင်း၊ ပြည်သူတွေကို လက်နက်ကိုင်ဆောင်ခွင့် ပေးရမှာ မဟုတ်ကြောင်း ရီယိုဒီ ဂျနေရိုးမြို့မှ လုံခြုံရေးဌာနအကြီးအကဲ ဂျို ဆေးလ်မာရီယာနိုဘဲလ် ထရာမီက ပြောကြားခဲ့ပါတယ်။
လက်နက်ရောင်းဝယ် ဖောက်ကားမှု လုပ်ငန်းကြီးဟာ ပြည်သူလူထုကို ထိတ်လန့် တုန်လှုပ်မှုတွေနဲ့ အကြောက်တရားတွေကို ဖော်ဆောင်နေတဲ့ စီးပွားရေး လုပ်ငန်းကြီး တစ်ခုဖြစ်တယ်လို့ မာကွေးစ်က စွပ်စွဲပြော ကြားခဲ့ပါတယ်။ ဘရာဇီးနိုင်ငံမှာ လက်နက်တွေ ထုတ်လုပ် ရောင်းချနေတဲ့ စီးပွားရေး လုပ်ငန်းဟာ ကြီးထွားနေပါတယ်။ အဲဒီလုပ်ငန်းနဲ့ စီးပွားဖြစ်နေတဲ့ လူတွေလည်း များပြားနေပါတယ်။ လက်နက်တွေ ထိန်းချုပ်မှု မရှိတာကြောင့် ရာဇဝတ်မှုတွေဟာလည်း ထူပြောနေပါတယ်။ အထူးသဖြင့် လက်နက် ကိုင်ဆောင်ပြီး ရာဇဝတ်မှု ကျူးလွန်သူတွေ ပိုမိုများပြား နေပါတယ်။
“ဘရာဇီးနိုင်ငံမှာ လက်နက်ကိုင်ဆောင်ပြီး လူသတ်မှုတွေ ကျူးလွန်နေကြပါတယ်။ လက်နက်ကိုင်ပြီး ခိုးဆိုး လုယက်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ လက်နက်တွေကို မိမိကိုယ်မိမိ ကာကွယ်ဖို့ ဆိုပြီး ဝယ်ယူ သုံးစွဲနေကြတာကနေ ရာဇဝတ်မှု ကျူးလွန်မှုတွေ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်” လို့ မာကွေးစ်က သုံးသပ် ပြသခဲ့ပါတယ်။
၂၀၁၃ မှ ၂၀၁၄ ခုနှစ်အတွင်း သေနတ်ကိုင်ဆောင်ပြီး လုယက် တိုက်ခိုက်မှု ပေါင်း ၁၄၀၀၀ ရှိခဲ့ပြီး အဲဒီဖြစ်စဉ်ကို လေ့လာတဲ့ အခါမှာ ၈၆ ရာခိုင်နှုန်းသော လက်နက်တွေဟာ ဘရာဇီး နိုင်ငံမှာ ပြုလုပ်တဲ့ လက်နက်တွေ ဖြစ်နေကြောင်း မာကွေးစ်က ပြောကြားခဲ့ပါတယ်။
လက်ရှိလက်နက် ဥပဒေ အတည်ပြုပြီး ချိန်ကစပြီး လက်နက်ပေါင်း ငါးသိန်းခန့် ရောင်းချခဲ့ရပါတယ်။ အစိုးရ တရားဝင် စာရင်းဇယားတွေအရ သေနတ် ပိုင်ဆိုင်ခွင့် ၁၇၀၀၀၀ ခွင့် ပြုထားခဲ့ပါတယ်။
လက်နက် ထိန်းချုပ်ရေးကို ပြုလုပ်ပြီး နှစ်နှစ်အကြာမှာ လက်နက်ကိုင် လူသတ်မှုတွေ ၅ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး နောက်ပိုင်းမှာ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ အဲဒီလို ဖြစ်ရတာဟာ ဥပဒေကို လိုက်နာမှု နည်းပါးသလို ဥပဒေကလည်း ထိရောက်မှု မရှိဘူးလို့ မာကွေးစ်က မှတ်ချက်ချခဲ့ပါတယ်။

Most Read

Most Recent