ပဉ္ဇလက်ကကြိုး၊ ကြက်ဥအရောင်၊ တိမ်တောင်သဖွယ်နှင့်၂၀၁၅ ရွေးကောက်ပွဲ (၈)

ပဉ္ဇလက်ကကြိုး၊ ကြက်ဥအရောင်၊ တိမ်တောင်သဖွယ်နှင့်၂၀၁၅ ရွေးကောက်ပွဲ (၈)
Published 22 October 2015
ဦးသိန်းသန်းဦး (မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်)

(၂၀-၁၀-၂၀၁၅) ရက်မှအဆက်
ရွေးကောက်ပွဲ ယဉ်ကျေးမှုနှင့် အမျိုးသား ညီညွတ်ရေး ညွန့်ပေါင်းအစိုးရ
ရွေးကောက်ပွဲကား ယနေ့ (၂၂-၁၀-၂၀၁၅) မှ စတင် ရေတွက်လျှင် ၁၇ ရက် နှစ်ပတ်ကျော်သာ ကျန်ပါတော့သည်။ အဓိက နိုင်ငံရေး ပါတီကြီးနှစ်ခုက မဲဆွယ်စည်းရုံးရေးများ မြိုင်မြိုင်ဆိုင်ဆိုင် ပြုလုပ်လျက်ရှိသကဲ့သို့ ပြည်သူတို့၏ သဘောထားသည်လည်း တစ်နိုင်ငံလုံးတွင် ဘွားဘွားကြီး ပွင့်ကျလာလျက် ရှိသည်။ မဖုံးနိုင် မဖိနိုင်ဟူ၍ပင် ဆိုရပါမည်။ ရွေးကောက်ပွဲတွင် ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းသည် စိုးရိမ်စရာ လက္ခဏာတစ်ရပ်မဟုတ်ပါ။ လူထု၏ နိုင်ငံရေး နိုးကြားတက်ကြွမှု ရေချိန်ကို ညွှန်ပြခြင်း ဖြစ်သည်။ ဥပဒေဘောင်အတွင်းမှ တရားသဖြင့် ယှဉ်ပြိုင်ခြင်း ဖြစ်ရန်သာ အရေးကြီးပါသည်။
လွတ်လပ်ရေး ခေတ်ဦး ဖဆပလ ရွေးကောက်ပွဲများကား သွေးညှီနံ့ တလှောင်းလှောင်း ငါးလောင်းပြိုင်၊ ခြောက်လောင်းပြိုင် လူသတ်ပွဲကြီးများဖြင့် မြင်မကောင်း ကြားမကောင်းခဲ့။ ၁၉၆၀ ရွေးကောက်ပွဲတွင်လည်း ရွေးကောက်ပွဲ မတော်မတရား ပြုမှုများဖြင့် စစ်ဘက်အရာရှိကြီးများကို ထိုစဉ်က ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီးနေဝင်းက တပ်မတော်မှ ထုတ်ပယ် အရေးယူခဲ့ရသည်။
မြန်မာ့အိမ်နီးချင်းနိုင်ငံများ၏ ရွေးကောက်ပွဲများသည်လည်း သွေးစွန်းသော ရွေးကောက်ပွဲများ ဖြစ်လေ့ရှိပါသည်။ သို့ဖြစ်ရာ ယခုကြုံတွေ့နေရသည့် အောက်ခြေ ထိပ်တိုက်တွေ့မှုများကား ယင်းဖြစ်ရပ်များနှင့် နှိုင်းစာလျှင် မပြောပလောက်ပါ။ ရေချိန်နိမ့် အောက်ခြေတွင် ဖြစ်လေ့ရှိပါသည်။
အရေးကြီးသည်မှာ အာဏာကို ‘ရွေးကောက်ပွဲ’ ဖြင့် လွှဲပြောင်းပေးသည့် အစဉ်အလာ ယဉ်ကျေးမှု ထွန်းကားစေရန် ဖြစ်သည်။ ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတစွာ ကျင်းပနိုင်သည့် ‘ယဉ်ကျေးသော လူ့အသိုက်အမြုံ’ တစ်ရပ်ထူထောင်နိုင်ရန် ဖြစ်သည်။ ရွေးကောက်ပွဲတွင် ငြိမ်းချမ်းစွာ ယှဉ်ပြိုင်တတ်သည့် လူမျိုးဖြစ်ကြောင်း ကမ္ဘာကိုပြသနိုင်ရန် ဖြစ်သည်။
ဆိုခဲ့ပြီးသည့်အတိုင်း ရွေးကောက်ပွဲ အခင်းအကျင်းနှင့် နိုင်ငံတကာ အခြေအနေများကို တင်ပြခဲ့ပြီး ဖြစ်သည်။ ရွေးကောက်ပွဲ မကျင်းပမီ ရွေးကောက်ပွဲအတွင်းနှင့် ရွေးကောက်ပွဲအပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းရန် အရေးပါလှသည်။ မြန်မာနိုင်ငံတွင် ‘ကိုယ်ထူကိုယ်ထ’ ‘ကိုယ့်အားကိုယ်ကိုး’ ဆိုသည့် စကားရပ်များမှာ ထုတ်ဖော်ပြောရန် မလိုဘဲ ပြည်သူတစ်ရပ်လုံးက နေသားကျလျက် ကျင့်သားရလျက် ရှိပါသည်။ အကြောင်းမူ မီးဘေး၊ ရေဘေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး မည်သည့်ကိစ္စမဆို ပြည်သူများမှာ ကိုယ့်ထမင်းကိုယ်စား၍ ကိုယ့်နွား ကိုယ်ကျောင်းရသောကြောင့် ဖြစ်ပါသည်။
ထို့ကြောင့်ပင် မဲစာရင်းမှန်၊ မမှန်ကိုယ်တိုင် စစ်ဆေး၊ မဲပေးရန်လှုံ့ဆော်၊ မသမာ မပြုနိုင်ရန် ကိုယ်တိုင်စောင့်ကြည့်၊ ကိုယ်တိုင် ပူးပေါင်း ပါဝင်ကြရန် အချင်းချင်း တိုက်တွန်း ပါဝင်လျက်ရှိကြပါသည်။ ရွေးကောက်ပွဲ ဖြစ်စဉ်ကြီးတစ်ခုလုံးတွင် ဤစိတ်ဓာတ်ကို ထွန်းညှိ သယ်ဆောင်ကြရပါလိမ့်မည်။ တင်ပြခဲ့သည့်အတိုင်း ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား သွေးစည်းညီညွတ်ရေး ထိုမှစီးပွားဖွံ့ဖြိုးသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးကို ဦးဆောင်မည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာရေးအတွက် ပြည်သူများ ပူးပေါင်း ပါဝင်ကြရပါလိမ့်မည်။ ဤသို့သော အခြေအနေတစ်ရပ် ပေါ်ထွန်းလာစေရေးအတွက် ပြည်သူတို့၏ အံ့မခန်း ကြီးမြတ် မြင့်မားလှသည့် စွန့်လွှတ်မှု၊ တိုက်ပွဲဝင်မှုတို့ဖြင့် ဆက်လက် ပါဝင်ကြရပါလိမ့်မည်။ ‘ပြည်သူ’ မပါဘဲ ဘယ်အရာမှ မဖြစ်နိုင်ပါ။ သမိုင်းကို ဖန်တီးသူမှာ ပြည်သူများသာ ဖြစ်သည် မဟုတ်ပါလား။
ဘာလုပ်ကြမလဲ (What is to be done)
ကမ္ဘာကျော် တော်လှန်ရေးသမားတစ်ဦး၏ ကမ္ဘာကျော် စာအုပ်အမည် တပ်လိုက်ခြင်း ဖြစ်ပါသည်။ ကျွန်တော်သည် မည်သည့် နိုင်ငံရေး ပါတီဝင်မှ မဟုတ်ပါ။ နိုင်ငံရေးသမားတစ်ဦးလည်း မဟုတ်ပါ။ တောရှေ့နေလေး တစ်ဦးမျှသာ ဖြစ်ပါသည်။ ကျွန်တော် ဉာဏ်မီသမျှ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီ ပေါင်း ၉၂ ပါတီရှိသည့်အနက် တစ်နိုင်ငံလုံး အတိုင်းအတာအရ ပြောရလျှင် ပါတီကြီးသုံးခုကိုသာ ရွေးရပါလိမ့်မည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီသုံးခုသာ သမိုင်းအရရော တစ်နိုင်ငံလုံး အနေဖြင့်ရော အင်အားရှိသည့် ပါတီကြီးများ ဖြစ်ပါသည်။ ခါတော်မီပါတီအချို့ကား ၁၃ ရက်နေ့က နေပြည်တော်တွင် ရွေး/ကော်ဥက္ကဋ္ဌနှင့်အတူ တွေ့ဆုံပွဲအရ မိမိတို့သည် ‘လက်ခွဲပါတီ’ များသာ ဖြစ်ပါကြောင်း ‘ဖြောင့်ချက်’ပေးခဲ့ကြပါပြီ။
နိုင်ငံရေးအရ အားမနာစတမ်း ပြောရလျှင် ဤပါတီကြီးသုံးခုအနက် နိုင်ငံရေးပါတီတစ်ခုအဖြစ် အနီးစပ်ဆုံး တူညီသည်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီသာ ဖြစ်ပါသည်။ ယင်းပါတီ၏ လုပ်ငန်းစဉ် လမ်းစဉ်များကို ကျွန်တော် လုံး၀ မနှစ်သက် မထောက်ခံပါ။ သို့ရာတွင် ရပ်/ကျေးအဆင့် (Gras-sroot)ထိ နိုင်ငံရေး သိမြင်မှုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်ကိုကား အသိအမှတ်ပြုရပါလိမ့်မည်။ တောင့်တင်း ကြံ့ခိုင်သော နိုင်ငံရေး ပါတီအဖြစ်၊ လမ်းစဉ် လုပ်ငန်းစဉ်ဖြင့် ပါတီ တည်ဆောက်သော နိုင်ငံရေး ပါတီစစ်စစ် ဖြစ်လာရန် အရေးကြီးလှပါသည်။ ပါတီနိုင်ငံရေးသည် မသမာသူများ ပုံဖျက် သရုပ်ဖော်နေသလို ဆန့်ကျင်စရာ မဟုတ်ပါ။ နိုင်ငံရေးပါတီများ ကြံ့ခိုင်တောင့်တင်းမှ တိုင်းပြည်၏ အနာဂတ် လှပပေလိမ့်မည်။ နိုင်ငံရေးပါတီများ ဒီမိုကရေစီ နည်းလမ်းတကျ ထွန်းကားပေါ်ပေါက်မှ တိုင်းပြည်သမိုင်း တောက်ပပေလိမ့်မည်။ ထို့ကြောင့်  မြန်မာ့နိုင်ငံရေးတွင် အရေးပါလှသည့် ယှဉ်ပြိုင်ဘက် ပါတီကြီးနှစ်ခုကို နိုင်ငံရေး ပါတီစစ်စစ် ဖြစ်စေချင်ပါသည်။ နိုင်ငံရေးအရ ရိုးရိုးသားသား ယှဉ်ပြိုင်စေချင်ပါသည်။
ကျွန်တော်သည် မည်သည့်အခါကမျှ NLD ပါတီဝင် မဖြစ်ဖူးပါ။ NLD ၏ ဆောင်ရွက်ချက်တိုင်းကို ထောက်ခံသူ မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည် ပြောသမျှ လုပ်သမျှ ‘ဧကန်အမှန်တရား’အဖြစ် လက်မခံခဲ့ပါ။  ပြင်းပြင်းထန်ထန် သဘောထားကွဲသည့် ကိစ္စရပ်များရှိပါသည်။ ပြည်ခိုင်ဖြိုးပါတီတွင် ကျွန်တော် လေးစားသည့် ဦးတင်ထွတ်၊ သူရ ဦးအောင်ကို၊ ဦးအေးမောက်၊ ဦးအောင်ငြိမ်းတို့ ရှိပါသည်။
သို့ရာတွင် ဥပဒေ အမြင်အရပြောရလျှင် ၁၉၉၀ ရွေးကောက်ပွဲသည် ပြည်သူတို့၏ ဆန္ဒအမှန် (Man-date)ကို တစ်ခဲနက် ဖော်ပြခဲ့သည့် ရွေးကောက်ပွဲကြီး ဖြစ်ပါသည်။ ဤရွေးကောက်ပွဲကြီးတွင် NLD အား ပြည်သူများက ပြည်သူ့ ကိုယ်စားလှယ်အဖြစ် တစ်ခဲနက် မဲပေး ရွေးချယ်ခဲ့သည့် ‘အနိုင်ဒီကရီ’ကို ယခုတိုင် အတည်မပြု ကြရသေးပါ။ ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲသည် ၁၉၉၀ ရွေးကောက်ပွဲ၏ အဆက်ဖြစ်ပါသည်။  ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက ်အကောင်အထည်ဖော်ရန်မှာ ၁၉၉၀ တွင် မဲပေးခဲ့ကြသည့်  ပြည်သူတို့၏ အဓိက တာဝန်ဖြစ်သည်။ ဥပဒေကို လေးစား လိုက်နာသူတို့၏ အဓိက တာဝန်ဖြစ်ပါသည်။ ထို့ကြောင့် သဘာဝတရား မျှတမှု (Natural Justice)နှင့် ဥပဒေကြောင်းအရ တရားမျှတမှု (Legal Justice)တို့အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDကို  ဆက်လက် မဲပေးကြရပါလိမ့်မည်။
လွှတ်တော်နိုင်ငံရေးနှင့် လူစွမ်းကောင်းများ
ပြည်ထောင်စုလွှတ်တော် သက်တမ်း တစ်နှစ် ကျော်လာသည့်အခါ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ လွှတ်တော်ထဲ ရောက်လာသည့်အခါ သက်ဝင် လှုပ်ရှားလာသည်ဟု ဆိုရပါမည်။ အမှန်တကယ်အားဖြင့် လွှတ်တော်သည် အစိုးရကို ထိန်းကျောင်းရန် ဖြစ်သော်လည်း သမ္မတဦးသိန်းစိန် သက်တမ်းအတွင်း အစိုးရအဖွဲ့က လွှတ်တော်၏ ကွပ်ကဲမှုကို လက်ခံလိုဟန် မရှိပါ။ အစိုးရအဖွဲ့ဝင် အများစုမှာ အမိန့်ပေး အမိန့်ခံ စံနစ်ဖြင့် တစ်ဘဝလုံး ကြီးပြင်းလာသည့် ဗိုလ်ချုပ်ဟောင်းများ ဖြစ်ရာ လွှတ်တော်က ကြီးကြပ်ခြင်းကို နာသာခံခက် ကသိကအောက် ဖြစ်နေဟန်ရှိသည်။ လွှတ်တော်နိုင်ငံရေး၏ အရေးပါမှုကို လက်ခံရန် အဆင်သင့် မဖြစ်သေးသည့် သဘောပင်ဖြစ်ပါသည်။ အစိုးရသက်တမ်း ငါးနှစ်၊ လွှတ်တော်သက်တမ်း ငါးနှစ်အတွင်း ပြည်သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အသီးသီးတွင် ပေါ်ပေါက်လာပါသည်။ အမျိုးသမီး သူရဲကောင်းသုံးဦးကို ဦးစွာ ဂုဏ်ပြု မှတ်တမ်းတင်လိုပါသည်။
ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်မှ ဗဟန်း မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နှင့် NDF ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင် နွယ်ဦးတို့ ဖြစ်ကြပါသည်။
အမျိုးသားများထဲက ပြောရလျှင် ဒေါက်တာအေးမောင်၊ ဦးခိုင်မောင်ရည်၊ သူရဦးအောင်ကို တို့ကို ညွှန်ပြရပါလိမ့်မည်။ ဤအမျိုးသား၊ အမျိုးသမီး ‘လူစွမ်းကောင်း’ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို လူပုဂ္ဂိုလ်အရ လာမည့် လွှတ်တော်တစ်ရပ်ရပ်တွင် ပြန်လည် ပါဝင်သင့်သည်ဟု ကျွန်တော် ထင်မြင် ယူဆပါသည်။
လွှတ်တော်နှင့် အစိုးရအဖွဲ့တို့ ထိပ်တိုက် တွေ့ဆုံကြသည့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံး ပြဿနာဆိုလျှင် ပြည်ထောင်စု လွှတ်တော်၏ လွှတ်တော် ကိုယ်စားလှယ်များက ပါတီမခွဲဘဲ တစုတစည်းတည်း ရပ်တည်ခဲ့ကြောင်း တွေ့ရသည်။ ‘သန်းခေါင်ယံ နန်းတွင်လုပ်ကြံမှုကြီး’ ပြီးနောက်  ၁၈-၈-၂၀၁၅ လွှတ်တော်နှစ်ရပ် အစည်းအဝေးတွင် အလွန်စိတ်ဝင်စားဖွယ် ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့သည်။ ရေဘေးကိစ္စ အကြောင်းပြ၍ လွှတ်တော်ရပ် နားရန်အဆိုကို အမျိုးသားလွှတ်တော်က ထောက်ခံခဲ့ပြီး ပြည်သူ့လွှတ်တော်က ပယ်ချခဲ့သည်။(လွှတ်တော်ကိုယ်စားလှယ်များ ရေဘေး သွားရောက်ကူညီသည်ဟုတော့ မတွေ့ရပါ။)
ထို့ကြောင့် လာမည့် ၂၀၁၆ ခုနှစ်၊ လွှတ်တော်နှစ်ရပ်တွင် ဒီမိုကရေစီ အင်အားစုများက အများစု အနိုင်ရရှိရန် လိုသကဲ့သို့ ပါတီစုံ၏အသံ၊ တိုင်းရင်းသား ပြည်သူအသီးသီး၏ အသံလည်း လွှတ်တော်တွင် ပဲ့တင်ထပ်သင့် ပါသည်။ သို့ဖြစ်၍ ‘တစ်ကောင်တည်း ခြင်္သေ့အဖြစ်’ ပြည်သူ့အကျိုးစီးပွားကို ဦးလည်မသုန် ရပ်တည်ခဲ့သော၊ ဖိအားနှင့် ခြိမ်းခြောက်မှုများကို မကြောက်မရွံ့ ရဲရဲရင်ဆိုင်ခဲ့သော တစ်သီးပုဂ္ဂလ ဒေါ်ညိုညိုသင်းကဲ့သို့ ပြည်သူ့ကိုယ်စားလှယ်များလည်း လွှတ်တော်တွင် မုချ ပါဝင်သင့်ပါသည်။
ဦးဝင်းတင်အလွန် နိုင်ငံရေးလမ်းစဉ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝန်းရံကြ
NLD နာယက၊ သတင်းစာဆရာ၊ စာရေးဆရာကြီး ဦးဝင်းတင် မကွယ်လွန်မီ၊ ကွယ်လွန်အံ့ဆဲဆဲ ဆေးရုံပေါ်၌ လေးလေးနက်နက် မှာခဲ့သည့် စကားတစ်ရပ်ရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သဘောထား ကွဲလွဲမှုများ ရှိလင့်ကစား၊ ဒေါ်အောင်ဆန်းစုကြည်၏ သက်တမ်းအတွင်း ဒီမိုကရေစီ ရရှိနိုင်ရန် ဝန်းရံ ပူးပေါင်းကြရန် ဟူ၍ဖြစ်ပါသည်။ ဤသည်မှာ ရာသက်ပန် တော်လှန်ရေးသမား တစ်ဦး၏ တစ်ဘဝလုံးနှင့် ရင်း၍ရခဲ့သည့် သင်ခန်းစာများအရ နိုင်ငံရေးလမ်းစဉ်ကို စုစည်းဖော်ပြ လမ်းညွှန်ခဲ့ခြင်း ဖြစ်ပါသည်။
ထို့ကြောင့် ဒေါ်ညိုညိုသင်းကဲ့သို့ ပြည်သူ့ ကိုယ်စားလှယ်အစစ် ဝင်ရောက်ယှဉ်ပြိုင်သည့် နေရာများမှအပ၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံ မဲပေးရပါလိမ့်မည်။ ၁၉၉၀ ရွေးကောက်ပွဲ၌ NLD ကို တစ်ခဲနက် မဲပေးခဲ့ကြသော ပြည်သူတစ်ရပ်လုံး၏သဘော ဆန္ဒကို လေးစားသောအားဖြင့် ၂၀၁၅ ရွေးကောက်ပွဲ၌ NLD ကို ဆက်လက် မဲပေးကြရပါဦးမည်။ ပြည်သူ မနှစ်သက်သည့်နေ့တွင် ဒီမိုကရေစီ နည်းလမ်းတကျ အာဏာစွန့်လွှတ်မည်ဟု ကတိပေးရဲသော လူထုခေါင်းဆောင်၏ ပါတီ NLDကို မဲပေးကြရပါလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်သည် အာဏာ လက်လွှွတ်ရမည့် အချိန်၌ အကြောင်းအမျိုးမျိုးပြ ကတိဖျက်ပြီး ကုလားထိုင် ပတ်ပြေးနေမည့်သူမ ဟုတ်ဟု အခိုင်အမာ ယုံကြည်ပါသည်။ သို့ဖြစ်ရာ..
ကျားသနားမှ နွားချမ်းသာ ဒီမိုကရေစီ မလိုချင်က NLD ကို မဲပေးကြ။
မီးလောင်ဗုံး ဒီမိုကရေစီ မလိုချင်က NLD ကို ထောက်ခံကြ။
ဘူဒိုဇာ ဒီမိုကရေစီ၊ နံပါတ်တုတ် ဒီမိုကရေစီ အလိုမရှိက NLD ကိုဝန်းရံကြ။
ဟု တင်ပြပါသည်။

Most Read

Most Recent