ရွှေအတု လိမ်လည် ရောင်းချမှုဖြင့် တရုတ်နိုင်ငံသား သုံးဦးအား တရားရုံးတွင် ဆက်လက် ရုံးထုတ်ပြီး တရားလိုပြ သက်သေအား စစ်ဆေး

ရွှေအတု လိမ်လည် ရောင်းချမှုဖြင့် တရုတ်နိုင်ငံသား သုံးဦးအား တရားရုံးတွင် ဆက်လက် ရုံးထုတ်ပြီး တရားလိုပြ သက်သေအား စစ်ဆေး
Published 16 October 2015
ပြည့်ဖြိုးအောင်

ရန်ကုန်မြို့အတွင်း ရွှေအတု လိမ်လည် ရောင်းချမှုကြောင့် အင်းစိန်ထောင်၌ ချုပ်နှောင် ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသား သုံးဦးအား အလုံမြို့နယ် တရားရုံး၌ အောက်တိုဘာ ၁၆ ရက်က ဆက်လက် ရုံးထုတ်ခဲ့ကြောင်း သိရသည်။
ယင်းနေ့တွင် တရားလိုပြ သက်သေအား စစ်ဆေးခဲ့ပြီး ရုံးချိန်းကို အောက်တိုဘာ၂၁ ရက်သို့ ထပ်မံ ချိန်းဆို ခဲ့ကြောင်း သိရသည်။
“ဒီနေ့က တရားလိုပြ သက်သေ စစ်ဆေးပါတယ်။ နောက် ရုံးချိန်းကိုတော့ ၂၁ ရက်ကို ပြန်ချိန်းလိုက်ပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။
အဆိုပါ တရုတ်နိုင်ငံသား သုံးဦးအနက် YANG HUIPING ၄၄ နှစ်၊ နိုင်ငံကူး လက်မှတ် အမှတ်(E- ၃၄၆၀၉၄၂) နှင့် YANG HUIPING ၄၄ နှစ်၊ နိုင်ငံကူးလက်မှတ်အမှတ် (E- ၃၄၆၀၉၄၂) တို့နှစ်ဦးကို ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက အလုံမြို့နယ်၊ ဆင်မင်းဈေး ရှေ့တွင် အမေရိကန် ဒေါ်လာတစ်သိန်းခန့် (မြန်မာ ကျပ်ငွေ သိန်းတစ်ထောင်ခန့်) တို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။
ယင်းနောက် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ စစ်ဆေး မေးမြန်းရာတွင် မြန်မာငွေများ၊ အမေရိကန်ငွေများနှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်း မရှိဘဲ အလုံမြို့နယ် အတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ် တွေ့ရှိခဲ့ပြီး ထပ်မံစစ်ဆေးရာမှ ရွှေအတုများ လိမ်လည် ရောင်းချနေခြင်း ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။
 ကျန်တရုတ်နိုင်ငံသား တစ်ဦးဖြစ်သည့် ZHUHAIYUA ၄၃ နှစ် နိုင်ငံကူးလက်မှတ် အမှတ် (E-၃၇၁၁ ၇၄၇၀)ကိုင်ဆောင်သူအား  ကြည့်မြင်တိုင်မြို့နယ်ရှိ တည်းခိုခန်း တစ်ခုမှ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
၎င်းတို့သုံးဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျန်ရှီးပြည်နယ်၊ လင့်ထရံမြို့နယ်၊ လွေ့ကျင်းမြို့၊ ချွမ်းထိုးရွာတွင် နေထိုင်သူများဖြစ်ပြီး မြန်မာနိုင်ငံသို့ Business  ဗီဇာဖြင့် ရောက်ရှိနေသူများ ဖြစ်ကြောင်း သိရသည်။
အဆိုပါ တရုတ်နိုင်ငံသား သုံးဦးကို အလုံမြို့မ ရဲစခန်းမှ (ပ)၂၅၅/၂၀၁၅ ၊ ပုဒ်မ- ၄၂၀ ဖြင့်အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
 အလားတူ ပြီးခဲ့သည့် သြဂုတ်လ အတွင်းကလည်း တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်နေ Liu Jian Yue ၄၇ နှစ်နှင့် Yang Jian Zhang ၅၁ နှစ်တို့သည် ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ ကျောက်မျက် ရောင်းဝယ်ရေး ဆိုင်တစ်ဆိုင်မှ ငွေကျပ်(၁၅)သိန်းခန့် တန်ဖိုးရှိ ကျောက်စိမ်းပြား ခိုးယူခဲ့ပြီး ရန်ကုန် အပြည် ပြည်ဆိုင်ရာလေဆိပ်၊ ပြည်ပထွက်ခွာ စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ရာ ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။        

Most Read

Most Recent