ဒါရိုက်တာဝိုင်း၊ ဖွေးဖွေးနှင့် ယွန်းယွန်းတို့ကို အမေရိကန်တွင် ပြုလုပ်မည့် ရုပ်ရှင်ပွဲတော်သို့ တက်ရောက်ရန် ဖိတ်ကြား

ဒါရိုက်တာဝိုင်း၊ ဖွေးဖွေးနှင့် ယွန်းယွန်းတို့ကို အမေရိကန်တွင် ပြုလုပ်မည့် ရုပ်ရှင်ပွဲတော်သို့ တက်ရောက်ရန် ဖိတ်ကြား
Published 16 October 2015
လင်းလင်းခိုင်

အမေရိကန်နိုင်ငံတွင် ပြုလုပ်မည့် Asian World Film Festival တွင် “လက်ပံ” မြန်မာ ရုပ်ရှင်ဇာတ်ကားအား ပြသရန်နှင့် ဇာတ်ကားတွင် ပါဝင်ဖန်တီးထားသည့် ဒါရိုက်တာ အကယ်ဒမီဝိုင်း၊ သရုပ်ဆောင် အကယ်ဒမီ ဖွေးဖွေး၊ အကယ်ဒမီ ယွန်းယွန်းနှင့် စိန်ဌေး ရုပ်ရှင်ထုတ်လုပ်ရေးမှ ဦးဝင်းကြည်တို့အား ရုပ်ရှင်ပွဲတော်သို့ တက်ရောက်ရန် ဖိတ်ကြား ခံထားရကြောင်း သတင်းရရှိသည်။
အဆိုပါ ရုပ်ရှင်ပွဲတော်ကို အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့၌ အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ပြုလုပ်မည် ဖြစ်ပြီး “လက်ပံ” ရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာ ၃၁ ရက်တွင် ပြသရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
“Asian World Film Festival ဆိုတာက ဟောလိဝုဒ်က စီစဉ်ပြုလုပ်တဲ့ ရုပ်ရှင်ပွဲတော်ပါ။ ဒီရုပ်ရှင်ပွဲတော်မှာ ပြသဖို့ လက်ပံဆိုတဲ့ မြန်မာရုပ်ရှင် ဇာတ်ကားကို ရွေးချယ်ခံရပြီး မြန်မာအနုပညာ ရှင်တွေလည်း ဖိတ်ကြားခံထား ရပါတယ်။ ဟောလိဝုဒ်ကလုပ်တဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာရုပ်ရှင်ဇာတ်ကားက ပထမဆုံး ဖိတ်ကြားခံရတာ ဖြစ်တဲ့အတွက် အင်မတန်မှ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ရုပ်ရှင်ပွဲတော်မှာ ပြိုင်ပွဲဝင် ဇာတ်ကားကဏ္ဍလည်း ပါဝင်ပေမယ့် ပိုက်ဆံပေးသွင်းရမှာ ဖြစ်ပါတယ်။ ဒီအတွက် ထုတ်လုပ်သူကလည်း မတတ်နိုင်သလို ရုပ်ရှင်အစည်းအရုံးကလည်း စိုက်ထုတ်ကုန်ကျပေးတဲ့ ထုံးစံလည်း မရှိတော့ အောက်တိုဘာ ၃၁ ရက်မှာ ပြသတာပဲ လုပ်နိုင်ပါမယ်။ ဆုချီးမြှင့်တဲ့ ပြိုင်ပွဲဝင် ကဏ္ဍမှာတော့ မပါဝင် နိုင်ဘူးပေါ့လေ။ ဇာတ်ကားရဲ့ ဒါရိုက်တာကိုဝိုင်း၊ မင်းသမီးနှစ်ဦးဖြစ်တဲ့ ဖွေးဖွေးနဲ့ယွန်းယွန်း၊ ထုတ်လုပ်သူ ဦးဝင်းကြည်တို့ တက်ဖြစ်ပါမယ်။ မင်းသား ကိုပြေတီဦးနဲ့ စိုးမြတ်သူဇာတို့ကတော့ မအားလို့ မလိုက်ဖြစ်ကြပါဘူး။ ရုပ်ရှင်အစည်းအရုံးရဲ့ နာယကဦးအောင်လွင်က ဦးဆောင်သူအဖြစ် လိုက်ပါမယ်။ ကျွန်မလည်း လိုက်ပါဖို့ စီစဉ်ထားပါတယ်” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သရုပ်ဆောင် အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က ရှင်းပြခဲ့သည်။
သရုပ်ဆောင် အကယ်ဒမီ ဖွေးဖွေးက “အရမ်းပျော်ပါတယ်။ ဖွေးချစ်တဲ့ ပရိသတ်တွေလည်း ဂုဏ်ယူနေမယ်လို့ ယုံကြည်ပါတယ်။ ဖိတ်ကြားစာမှာ ပါဝင်တဲ့ မြန်မာရုပ်ရှင်နဲ့ ဟောလိဝုဒ် ရုပ်ရှင်တွေကြားမှာ ဒီရုပ်ရှင် ပွဲတော်ကတစ်ဆင့် ပိုမိုအားကောင်းတဲ့ ချိတ်ဆက်မှုတွေ ဖြစ်လာမယ်ဆိုတာ လေးကိုတော့ အကြိုက်ဆုံးပါပဲ။ အဲဒီအတိုင်းပဲ ဖြစ်လာဖို့ကိုလည်း မျှော်လင့်ပါတယ်” ဟု ဆိုသည်။
Asian World Film Festival မှာ ဟောလိဝုဒ်နှင့် အာရှနိုင်ငံများမှ ရုပ်ရှင်ဖန်တီးသူများ တွေ့ဆုံကာ ရုပ်ရှင်ပညာရပ်ဆိုင်ရာ ဆွေးနွေးရန်၊ ရုပ်ရှင်ဇာတ်ကားများ ပူးပေါင်းဖန်တီးနိုင်ရန် ရည်ရွယ်ပြုလုပ်သည့်  ရုပ်ရှင်ပွဲတော်ဖြစ်ပြီး အာရှနိုင်ငံပေါင်း  ၅၀ မှ ရုပ်ရှင်ဇာတ်ကားများနှင့် အနုပညာရှင်များအား ဖိတ်ကြားခြင်း ဖြစ်သည်။ ယင်းရုပ်ရှင်ပွဲတော်သို့ မြန်မာနိုင်ငံ အနေဖြင့် ပထမဆုံးအကြိမ် တက်ရောက် ပြသခွင့် ရရှိခြင်း ဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent