၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် တပ်မတော်သား၂၅ ရာခိုင်နှုန်း ထွက်သွားရေး ဆန္ဒပြမှုကြောင့် ကျောင်းသားနှစ်ဦးအား သက်ဆိုင်ရာက တရားစွဲထားသော်လည်း တရားလိုပြသက်သေများတွင် အရပ်သားသက်သေ မပါဝင်ဟု အကျိုးဆောင်ရှေ့နေ ပြောကြား

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် တပ်မတော်သား၂၅ ရာခိုင်နှုန်း ထွက်သွားရေး ဆန္ဒပြမှုကြောင့် ကျောင်းသားနှစ်ဦးအား သက်ဆိုင်ရာက တရားစွဲထားသော်လည်း တရားလိုပြသက်သေများတွင် အရပ်သားသက်သေ မပါဝင်ဟု အကျိုးဆောင်ရှေ့နေ ပြောကြား
Published 13 October 2015
ဝေလင်းအောင်၊ ပြည့်ဖြိုးအောင်

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်း တပ်မတော်သား၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေး ဆန္ဒပြတောင်းဆိုမှုကြောင့် အင်းစိန်ထောင်အတွင်း ဖမ်းဆီးခံထားရသည့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) အဖွဲ့ဝင် ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့အား အောက်တိုဘာ ၁၃ ရက်တွင် ကျောက်တံတားမြို့နယ် တရားရုံး၌ ဆက်လက်ရုံးထုတ်ခဲ့သည်။ယင်းနေ့တွင် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူက တရားလိုပြသက်သေအဖြစ် တရားရုံးသို့ လာရောက်ထွက်ဆိုခဲ့ပြီး စွပ်စွဲခံရသူ ကျောင်းသားနှစ်ဦး၏ အကျိုးဆောင်ရှေ့နေနှစ်ဦးက မြို့နယ်ရဲတပ်ဖွဲ့မှူးအား အမှုနှင့်ပတ်သက်၍ အပြန်အလှန် စစ်မေးမှုများပြုလုပ်ခဲ့သည်။ထိုသို့ (တကသ)အဖွဲ့ဝင် ကျောင်းသားနှစ်ဦးအား ကျောက်တံတားမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ တရားစွဲဆိုထားခြင်းဖြစ်ပြီး တရားလိုပြသက်သေများမှာလည်း အုပ်ချုပ်ရေးပိုင်းနှင့် ရဲအရာရှိများသာ ပါဝင်၍ အရပ်သားသက်သေ မပါဝင်ကြောင်း ကျောင်းသားနှစ်ဦး၏ အကျိုးဆောင်ရှေ့နေဖြစ်သူထံမှ သိရသည်။“ဒီနေ့က မြိုနယ်ရဲတပ်ဖွဲ့မှူးကို အပြန်အလှန် စစ်မေးမှုတွေ ပြုလုပ်ပါတယ်။ မေးတဲ့အခါ ကျောင်းသားနှစ်ဦးကို တရားစွဲထားတဲ့ တရားလိုရဲ့ သက်သေတွေက အုပ်ချုပ်ရေးပိုင်းကပဲ ဖြစ်နေတယ်။ လွတ်လပ်တဲ့ အရပ်သားသက်သေမပါဘူး။ မြို့နယ်မှူးကလည်း မပါတာမှန်ပါတယ်လို့ ထွက်ဆိုတယ်။ အုပ်ချုပ်ရေးပိုင်းက သက်သေတွေပဲ မဟုတ်ဘဲ အရပ်သားပြည်သူသက်သေပါတော့ အမှုအတွက် မျှတမှုရှိမယ်လို့ ထင်မြင်ပါတယ်”ဟု ကိုဇေယျာလွင်၏ အကျိုးဆောင် ရှေ့နေ ဦးကျော်ဟိုးက ဆိုသည်။ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးအား ကိုပိုင်ရဲသူ၏ အကျိုးဆောင်ရှေ့နေဖြစ်သူက ဆက်လက်မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ရုံးချိန်းအား အောက်တိုဘာ၂၇ ရက်သို့ ထပ်မံချိန်းဆိုခဲ့သည်။(တကသ) ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့ အပါအဝင် အဖွဲ့ဝင်ကျောင်းသားအချို့ နှင့် ပြည်သူများ ပူးပေါင်း၍ပြီးခဲ့သည့် ဇွန် ၃၀ ရက်က သိမ်ကြီးဈေးရှေ့မှ စတင်ကာမြို့တော်ခန်းမရှေ့အထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်းရှိ တပ်မတော်သား၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့သဖြင့်  တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့ကို ပုဒ်မ-၁၈၊ ပုဒ်မ-၅၀၅ (ခ) တို့ဖြင့် ပန်းဘဲတန်းမြို့နယ် တရားရုံးနှင့် ကျောက်တံတားမြို့နယ်တရားရုံးတို့၌ တရားစွဲဆိုထားခြင်းဖြစ်ပြီး ကိုနန်းလင်းမှာ လွတ်မြောက်နေ၍ တရားခံပြေးအဖြစ် ကြေညာထားကြောင်း သိရသည်။ယင်းအနက် ကိုဇေယျာလွင်မှာ ပြီးခဲ့ သည့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး လမ်းလျှောက်ဆန္ဒပြရာတွင် လှိုင်မြို့နယ်အား ဖြတ်သန်းခဲ့သည်ဟုဆိုကာ ပုဒ်မ-၁၈ ဖြင့် အမှုဖွင့်ခံထားရကြောင်း သိရသည်။ 

Most Read

Most Recent