ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် စံချိန်တင် စိတ်ကြွမူးယစ်ဆေးပြားများ တွေ့ရှိမှုများနှင့် ဆက်စပ်၍ ကျူးလွန်သူ ၁၂ ဦးအား ဖမ်းဆီးစစ်ဆေးနေပြီး ထွက်ပြေးတိမ်းရှောင်နေသူ ၂၀ ဦးကျော်ရှိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိကြီး တစ်ဦးက အောက်တိုဘာ ၁၂ ရက်က ပြောကြားခဲ့သည်။“စံချိန်တင် မူးယစ်ဆေးဝါးများ တွေ့ရှိမှု ဖြစ်စဉ်များနဲ့ ပတ်သက်ပြီးတော့ ကျူးလွန်သူ ၁၂ ဦးကို ဖမ်းဆီးစစ်ဆေး နေတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ၂၆ ဦး ရှိပါတယ်” ဟု ရန်ကုန်တိုင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိကြီး တစ်ဦးက ဆက်လက်ပြောကြားသည်။အဆိုပါ စံချိန်တင် မူးယစ်ဆေးပြားများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည်ဟု ဆိုသည့် KALADAN DELTA DEVELOPMENT ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ မင်းဦးခိုင် ဆိုသူအား စက်တင်ဘာ ၁၅ ရက်က မြဝတီမြို့နယ်၌ ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ဆေးပေါ်ပေါက်ချက်အရ စက်တင်ဘာ ၂၁ ရက်တွင် ဒဂုံမြို့သစ် အရှေ့ပိုင်း၊ တက္ကသိုလ်ရိပ်မွန် အိမ်ရာရှိ အိမ်တစ်အိမ်မှ ကျပ် ၁၀ ဘီလျံခန့် တန်ဖိုးရှိ မူးယစ်ဆေးပြား နှစ်သန်းခန့် ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့် ဆက်စပ်၍ စက်တင်ဘာ ၂၆ ရက်တွင်လည်း ယင်းအိမ်ရာ၌ပင် ကျပ် ၁၉ ဘီလျံကျော် တန်ဖိုးရှိ မူးယစ်ဆေးပြားများ ထပ်မံဖမ်းဆီး ရမိခဲ့သည်။စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မရမ်းကုန်းမြို့နယ်ရှိ ရိုးကြီးချောင်းအတွင်း ပိုင်ရှင်မဲ့ တွေ့ရှိခဲ့သော မူးယစ်ဆေးပြားများမှာ ယခုနှစ်အတွင်း စံချိန်တင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးပြားများ၏ အရောင်နှင့် တူညီနေသော်လည်း ဆေးပြားများအား ထုပ်ပိုးထားသည့် ပါကင်ထုပ်ပိုးမှု ပုံစံမှာ မတူညီကြောင်း သိရသည်။စံချိန်တင် စိတ်ကြွဆေးပြားများ တွေ့ရှိမှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ် အတွင်းရှိ ရေလုပ်ငန်း လုပ်ကိုင်သော KALADAN DELTA DEVELOPMENT ကုမ္ပဏီနှင့် မြောက်ဒဂုံမြို့နယ် အတွင်းရှိ Arakan bay ဆောက်လုပ်ရေး ကုမ္ပဏီမှ ပိုင်ရှင်များနှင့် လုပ်ငန်းလုပ်ဆောင်သူ အချို့ ပါဝင်လျက် ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ထို့ပြင် ယခုနှစ် ဇူလိုင်လအတွင်း ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ ရပ်ထားသော ကွန်တိန်နာယာဉ် တစ်စီးပေါ်မှ ကျပ် ၁၃၃ ဘီလျံကျော် တန်ဖိုးရှိသည့် WY စိတ်ကြွဆေးပြား ၂၆၇ သိန်း စံချိန်တင် ဖမ်းဆီးရမိခဲ့သည်။ယင်းဖြစ်စဉ်နှင့် ဆက်စပ်၍ သြဂုတ်လတွင် မြောက်ဒဂုံမြို့နယ်၌ WY ပန်းရောင် မူးယစ်ဆေးပြား ၁၅ သိန်းခန့်အား လည်းကောင်း၊ သာကေတမြို့နယ်၌ WY ပန်းရောင် စိတ်ကြွဆေးပြား ခြောက်သိန်းခန့်နှင့် အလျား ၆ လက်မ အနံ ၄ လက်မ၊ ထု ၁ လက်မရှိ ဘလောက်တုံးများကို အသီးသီး ဖမ်းဆီးရမိခဲ့သည်။ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် စိတ်ကြွမူးယစ်ဆေးပြားများ စံချိန်တင် စစ်ဆေးတွေ့ရှိခဲ့သည့် ဖြစ်စဉ်များနှင့် ဆက်နွှယ်သူ ၁၂ ဦး၏ ဓာတ်ပုံများကို နိုင်ငံတစ်ဝန်းရှိ ရဲစခန်းများနှင့် ဟိုတယ်များသို့ ပေးပို့ရှာဖွေလျက်ရှိကြောင်း သိရသည်။မူးယစ်ဆေးပြားများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ ဓာတ်ပုံများ ဖြန့်ဝေပြီး ရှာဖွေနေသူ ၁၂ ဦးတို့မှာ မြောက်ဒဂုံမြို့နယ်တွင် အများဆုံး နေထိုင်ခဲ့သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း သိရပြီး အများစုမှာ ရခိုင်ပြည်နယ်မှ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့အတွင်း စိတ်ကြွမူးယစ်ဆေးပြားများ စံချိန်တင် တွေ့ရှိမှုနှင့် ဆက်စပ်၍ ထွက်ပြေးတိမ်းရှောင်သူ ၂၀ ကျော် ရှိနေ