သမ္မတအကြံပေး စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး၏ ကောင်းမြန်မာအောင်ကုမ္ပဏီက အမှုဖွင့်တိုင်ကြား၍ အရေးယူထားသည့် တောင်ငူမြို့နယ် နဂါးမောက်ကျေးရွာမှဒေသခံ ရှစ်ဦးပါအမှု အောက်တိုဘာ ၁၄ ရက်တွင် ရုံးတင်စစ်ဆေးမည်

သမ္မတအကြံပေး စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး၏ ကောင်းမြန်မာအောင်ကုမ္ပဏီက အမှုဖွင့်တိုင်ကြား၍ အရေးယူထားသည့် တောင်ငူမြို့နယ် နဂါးမောက်ကျေးရွာမှဒေသခံ ရှစ်ဦးပါအမှု အောက်တိုဘာ ၁၄ ရက်တွင် ရုံးတင်စစ်ဆေးမည်
Published 10 October 2015
ဇော်ဝင်းချစ် (တောင်ငူ)

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင် နိုင်ငံတော်သမ္မတ၏ အကြံပေးဖြစ်သူ စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင်ဆိုင်သော ကောင်းမြန်မာအောင်ကုမ္ပဏီက အမှုဖွင့်တိုင်ကြား၍ မြေလွတ်မြေလပ်နှင့် မြေရိုင်းများဥပဒေဖြင့် အရေးယူခံထားရသည့် တောင်ငူမြို့နယ် နဂါးမောက်ကျေးရွာအုပ်စု ဒေသခံရှစ်ဦး ပါဝင်သည့်အမှုအား အောက်တိုဘာ ၁၄ ရက်တွင် မြို့နယ်တရားရုံး၌ ရုံးတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။“ထုံးဘိုရွာမှာ ခြံစည်းရိုးခတ်တုန်းက ဦးဆောင်တဲ့ လေဘာမြင့်စိုးနဲ့ ရွာသားတွေကို အမှုဖွင့်ထားတဲ့ အမှုတွဲကို လာမယ့် ၁၄ ရက်နေ့မှာ ရုံးတင်မှာပါ”ဟု တောင်ငူမြို့နယ် ထုံးဘိုကျေးရွာ နယ်မြေရဲစခန်းမှူး ရဲအုပ်အောင်ကိုကိုက ပြောကြားသည်။တောင်ငူမြို့တွင် ပြီးခဲ့သည့် ဇူလိုင် ၉ ရက်က စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး၏ ကောင်းမြန်မာအောင်ကုမ္ပဏီမှ လုပ်ပိုင်ခွင့်ရယူထားသည့် နဂါးမောက်ကျေးရွာအုပ်စု ထုံးဘိုရွာ တောင်ယာစိုက်ပျိုးမြေများအား ဒေသခံ ၆၀ ခန့်က ၎င်းတို့ ပိုင်ဆိုင်သည့် မြေများအဖြစ် ခြံစည်းရိုးခတ်ပိုင်ဆိုင်မှုပြုလုပ်ရာတွင် ကောင်းမြန်မာအောင်ကုမ္ပဏီမှ အမှုဖွင့်တိုင်ကြား၍ ခြံစည်းရိုးခတ်ရာတွင် ဦးဆောင်ကူညီသူအပါအဝင် ဒေသခံရှစ်ဦးအား ထုံးဘိုနယ်မြေရဲစခန်းမှ နှစ်ကာလဖြင့် ထောင်ဒဏ် ချမှတ်နိုင်သည့် မြေလွတ်မြေလပ်နှင့် မြေရိုင်းများ ဥပဒေပုဒ်မ ၂၆/၂၇ တို့ဖြင့် အမှုဖွင့် အရေးယူထားခဲ့သည်။ ထိုသို့ အရေးယူထားရာတွင် အချို့မှာခြံစည်းရိုးခတ် ပိုင်ဆိုင်မှုပြုလုပ်ခြင်းမရှိဘဲ အမှုဖွင့်အရေးယူခံရခြင်းများလည်း ရှိနေကြောင်း သိရသည်။“မနေ့က ထုံးဘိုရဲစခန်းက ခေါ်တယ်။ အားလုံး ၁၀ ယောက်ပေါ့။ ဘာတွေပြောလဲဆိုတော့ သူတို့က ပြီးခဲ့တဲ့ခုနစ်လပိုင်းမှာ ထုံးဘိုရွာက တောင်ယာခင်းတွေကို ခြံစည်းရိုးခတ်တုန်းက အမှုဖွင့်ထားတဲ့ အမှုတွဲကို ၁၄ ရက်နေ့မှာ ရုံးတင်မယ်တဲ့။ ထုံးဘိုရွာမှာ ခြံစည်းရိုးခတ်တုန်းက ဦးလေးနဲ့ စောအယ်မှူးက သွားလည်းမသွားဘူး၊ ပါလည်းမပါဘူး။ စခန်းမှူးကိုလည်း ဦးလေးပြောပြီးပြီ။ စခန်းမှူးလည်း မသွားမှန်းသိတယ်။ ဒါပေမဲ့ အမှုဖွင့်တဲ့အထဲ မှာ ဦးလေးတို့ကိုပါ ထည့်ထားတယ်”ဟု စိုက်ပျိုးမြေဧက ၉၀ ကျော် အသိမ်းခံထားရသည့် ဦးမောနင်းက ပြောကြားသည်။“အမှုဖွင့်ပြီး နောက်နေ့ကျတော့ ရဲတွေက လာပြောတယ် ဦးလေးက ပိုက်ဆံမယူလို့ သူတို့ တရားစွဲတာတဲ့။ ဘာလို့လဲဆိုတော့ ကောင်းမြန်မာအောင်ကုမ္ပဏီက ဦးလေးတစ်ယောက်ထဲကို ပိုက်ဆံလာယူဖို့ပြောတာ ခဏခဏပဲလေ။ ဦးလေးသွားယူလိုက်ရင် ကျန်တဲ့တောင်သူတွေ အကုန်လုံးဒုက္ခရောက်ကုန်မှာစိုးလို့  ဦးလေးက ပိုက်ဆံမယူပါဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။“ထုံးဘိုရွာမှာ ခြံစည်းရိုးခတ်တော့ တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးတွေက လာတားတယ်။ သူတို့ဘက်ကစပြီးတော့ ဒီပြဿနာကိုပြေလည်အောင် ညှိနှိုင်းပေးပါ့မယ်ဆိုလို့ ခြံစည်းရိုးကာတာကို အဲဒီနေ့မှာ ရပ်ထားလိုက်တယ်။ နောက်နေ့မှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်။ အခုလိုပြဿနာတွေဖြစ်နေတဲ့အချိန်မှာ ကုမ္ပဏီဘက်ကရော တောင်သူတွေဘက်ကရော ဘာမှဆက်မလုပ်ကြဘဲနဲ့ ဥပဒေအတိုင်းဖြေရှင်းကြဖို့ နှစ်ဖက်သဘောတူရပ်ဆိုင်းထားဖို့ ကတိပေးခဲ့ကြတယ်။ ဒါပေမယ့် ကုမ္ပဏီဘက်က ဆက်လုပ်တယ်။ အခု ကျွန်တော်တို့ကို တရားရုံးတင်ဦးမယ်ဆိုတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေကို မေးခွန်းထုတ်ရတော့မလို ဖြစ်နေပြီ”ဟု အလုပ်သမားသမဂ္ဂများ လွတ်လပ်ရေး အထွေထွေတာဝန်ခံ လေဘာမြင့်စိုးက ပြောကြားသည်။ 

Most Read

Most Recent