ဒီမိုကရေစီပညာရေးသပိတ် အကြမ်းဖက်ဖြိုခွင်းခံရခြင်း ခုနစ်လပြည့် အထိမ်းအမှတ်အဖြစ် တရားမျှတမှုဆိုင်ရာ ဆွေးနွေးပွဲနှင့် သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၁၀ ရက်က ရန်ကုန်မြို့ ကုန်သည်လမ်း နှင့် ဘားလမ်းထောင့်ရှိ ဖန်တီးရာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ထိုရှင်းလင်းပွဲကို ဗကသများအဖွဲ့ချုပ်၊ NNER ၊ Fortify Rights ၊ IHRC နှင့် Justice Trust အဖွဲ့များက ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ပံတန်းသပိတ် အကြမ်းဖက်ဖြို ခွင်းခံရမှုဖြစ်စဉ်အပေါ် လူ့အခွင့်အရေးနှင့် ဥပဒေရေးရာရှုထောင့်များမှ တွေ့ရှိချက်များအပေါ် အခြေခံကာ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့များက ဆွေးနွေးပြောကြားခဲ့ပြီး လက်ရှိ တရားရင်ဆိုင်နေရသည့် အခက်အခဲများကို ရှင်းလင်းခဲ့သည်။ထိုနေ့ရှင်းလင်းပွဲတွင် Fortify Rights အဖွဲ့နှင့် IHRC တို့မှ အစိုးရအား လက်ပံတန်း နှင့် အခြားနေရာများတွင် လွတ်လပ်စွာငြိမ်းငြိမ်းချမ်းချမ်း စုရုံး၍ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အသုံးပြုခဲ့သည့် အကြောင်းအရင်းတစ်ခုတည်းဖြင့် ထောင်သွင်းအကျဉ်းချခံနေရသူ အားလုံးကို ချက်ချင်းလွှတ်ပေးရန်၊ လက်ပံတန်းသပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှုတွင် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ယူရန် အပါအဝင် အခြားတွေ့ရှိချက်များကို အစီရင်ခံပြောကြားခဲ့သည်။IHRC မှ Ms. Matt က “ဆန္ဒပြသူတွေကို ဖမ်းဆီးရာမှာ ဥပဒေနဲ့အညီ မဟုတ်ဘဲနဲ့ တစ်ဖက်သတ် ဖမ်းဆီးခဲ့တာမျိုးကို တွေ့ရပါတယ်” ဟု ပြောကြားသည်။ထို့ပြင် ကျောင်းသားမိဘများ၊ ရှေ့နေများ၊ ကျောင်းသားများအပါဝင် လူ့အခွင့်အရေး ဆောင်ရွက်သူများဖြင့် ဖွဲ့စည်းထားသည့် Justice Trust အဖွဲ့မှ ဒါရိုက်တာဖြစ်သူ Mr. Roger က လက်ရှိမြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်နှင့် တရားဥပဒေစိုးမိုးမှုအပေါ် ဝေဖန်သုံးသပ် ပြောကြားခဲ့သည်။၎င်းက “တရားရေးဘက်တော်သားတွေဟာ လွတ်လပ်စွာနဲ့ပဲ ဥပဒေအရ ဆုံးဖြတ်ပါတယ်။ ဥပဒေပါ အချက်အလက်တွေနဲ့ပဲ တရားစီရင်ချက် ချမှတ်ပါတယ်။ နိုင်ငံရေးအရ စီရင်ချက်မချပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ တရားသူကြီးတွေက လွတ်လပ်တယ်လို့တော့ မဟုတ်ပါဘူး။ သူတို့ဟာ အမိန့်ကို နာခံရပါတယ်။ အထူးသဖြင့် နိုင်ငံရေးအမှုတွေမှာဆိုရင် သူတို့ဟာရလာတဲ့ အမိန့်ကိုပဲ ဖတ်ပြရတာဖြစ်ပါတယ်။ တကယ်တရားမျှတတဲ့ တရားဥပဒေဟာဆိုရင် အစိုးရကို အာဏာအလွဲ အသုံးစားလုပ်လို့မရအောင် ပြန်ပြီး ထိန်းကျောင်းနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။ထို့ပြင်ကျောင်းသားမိဘများနှင့် အမှုအား လိုက်ပါဆောင်ရွက်ပေးနေရသည့် ရှေ့နေများမှ ၎င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် အမှုအခြေအနေအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးပြောကြားခဲ့ကြသည်။လက်ပံတန်းမြို့တွင် ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းအား မတ် ၁၀ ရက်က သက်ဆိုင်ရာမှ အကြမ်းဖက်ဖြိုခွင်းကာ ကျောင်းသားများနှင့် ဝန်းရံပြည်သူ စုစုပေါင်း ၇၀ ဦးကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ- ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ နှင့် ၅၀၅ (ခ) တို့ဖြင့် သာယာဝတီမြို့နယ် တရားရုံးတွင် တရားစွဲ ဆိုထားခြင်းဖြစ်သည်။
ဒီမိုကရေစီပညာရေးသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု ခုနစ်လပြည့် အထိမ်းအမှတ် ဗကသများအဖွဲ့ချုပ်နှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ ပူးပေါင်းပြုလုပ်















