ရတနာပုံတက္ကသိုလ်ကျောင်းသားများကို စွဲဆိုထားသော ငြိမ်းစုစီပုဒ်မ ၁၈၊ ဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေးများတွင် ပါဝင်မှု ပုဒ်မ ၁၄၃၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေသည့် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ) တို့ဖြင့် စွဲဆိုထားသော အမှုများအတွက် ထောင်ဒဏ်ခြောက်လ ကျခံစေရန် အောက်တိုဘာ ၉ ရက် က အမရပူရမြို့နယ်တရားရုံးမှ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလအတွင်းက ရတနာပုံကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုနိုင်ရဲဝေသည် အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်သော ကျောင်းသားသပိတ်ကို ထောက်ခံကြောင်း ဆန္ဒပြခဲ့သဖြင့် ပုဒ်မ ၁၈ ဖြင့်စွဲဆိုထားသော အမှုအတွက် ထောင်ဒဏ်သုံးလ၊ ကိုနိုင်ရဲဝေအပါအဝင် ဒုဥက္ကဋ္ဌ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူးနှင့် ကိုဉာဏ်လင်းထက်တို့ လေးဦးပါဝင်သော ကျောင်းနံရံတွင် မှုတ်ဆေးဖြင့် မှုတ်သည့်အတွက်ပုဒ်မ ၁၈ ဖြင့် စွဲဆိုသော အမှုအတွက် ထောင်ဒဏ် သုံးလ၊ ဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးတွင်ပါဝင်မှု ပုဒ်မ ၁၄၃ အတွက် ထောင်ဒဏ် သုံးလ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေသည့် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ)အတွက် ထောင်ဒဏ် ခြောက်လ ပြစ်ဒဏ်များအားလုံးကို တပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့သဖြင့် ထောင်ဒဏ် ခြောက်လ ကျခံရမည်ဖြစ်ကြောင်း သိရသည်။
ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မ သုံးခုဖြင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခံခဲ့ရသော ကျောင်းသားများအား အောက်တိုဘာ ၉ ရက်က တွေ့ရစဉ်
ကိုနိုင်ရဲေ၀ တစ်ဦးတည်းကို ပုဒ်မ ၁၈ဖြင့် ထပ်မံစွဲဆိုထားသောကြောင့် ယင်းမှာ ကိုးလ ကျခံရမည်ဖြစ်သော်လည်း တစ်ပေါင်းတည်း ကျခံရမည်ဖြစ်သောကြောင့် ခြောက်လသာ ကျခံရမည်ဖြစ်သည်။ အမိန့်ကြေညာသည်ကို မလိုက်နာဘဲ ရုန်းရင်းဆန်ခတ်မှု ပုဒ်မ ၁၄၇ ဖြင့် စွဲဆိုထားသော အမှုအတွက်အပြစ်မရှိသဖြင့် ကင်းလွတ်ခွင့်ပြုခဲ့ကြောင်း သိရသည်။ ချုပ်ရက်များကိုလည်း ခံစားခွင့်ပြုခဲ့ကြောင်း၊ ကျောင်းသားများအနေဖြင့် အယူခံ ဆက်လက်လျှောက်ထားမည်မဟုတ်ဟု ကျောင်းသားခေါင်းဆောင် ကိုနိုင်ရဲဝေက ပြောကြားခဲ့ သည်။ ကျောင်းသားများကို ဇူလိုင် ၁ ရက်ကထည်းက ဖမ်းဆီးကာ တရားရင်ဆိုင်ခဲ့ရာ အမိန့်ချသည့် အောက်တိုဘာ ၉ ရက်တွင် ရက်ပေါင်း ၁၀၀ ရှိပြီဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကို တရားသူကြီး အမိန့်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး လုံးဝကျေနပ်မှုမရှိပါဘူး။ အပြစ်ကျူးလွန်ခြင်းမရှိဘဲ အပြစ်ချမှတ်လိုက်တာပါ။ ရွေးကောက်ပွဲကာလမှာ ကျောင်းသူကျောင်းသားတွေရော တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးခြင်းဟာ အစိုးရအနေနဲ့ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်တယ်လို့ ယူဆပါတယ်။ ဒီအမိန့်ကို ဗကသ ကျောင်းသားတွေဖြစ်တဲ့အတွက် ဘယ်လောက်အမိန့် ချချ အယူခံတက်မှာမဟုတ်ဘူး။ အပြင်ထွက်လာလည်း ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ကျွန်တော်တို့မိဘတွေနဲ့ ဒီက တရားရေးရော၊ ပြည်ထဲရေးက ဝန်ထမ်းတွေပါ ခင်ဗျားတို့ သားသမီးတွေကို ကျွန်တော်တို့လို ဖြစ်စေချင်ရင် ဒီပါတီနဲ့ဒီလူစုကို မဲပေး၊ မဖြစ်စေရင် မဲမပေးပါနဲ့။ ကျွန်တော်တို့ဟာ အစိုးရကို ပုန်ကန်ဖို့လုပ်လို့ အဖမ်းခံရတာ မဟုတ်ပါဘူး။ ပညာရေးအတွက် တောင်းဆိုလို့ အဖမ်းခံရတာပါ။ အစိုးရက ကျောင်းသားပြည်သူတွေ ပညာတတ်မှာစိုးလို့ ရည်ရွယ်ချက်ရှိရှိနဲ့ နှိပ်ကွက်နေတာပါ။ ဒီအစိုးရနဲ့ဒီပါတီကို မဲပေးရင် ခင်ဗျားတို့ ကျွန်တော်တို့ တစ်သက်လုံး ဒီနင်းပြားဘဝပဲ ဖြစ်နေမှာပါ”ဟု ရတနာပုံကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုနိုင်ရဲဝေက ဆိုသည်။















