အစိုးရက ဖော်ဆောင်နေသော အထပ်မြင့်အိမ်ရာစီမံကိန်းများ ဆောင်ရွက်ကြသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် အမြတ်အစွန်းထက် ပြည်သူလူထုအတွက် စေတနာထား ဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

အစိုးရက ဖော်ဆောင်နေသော အထပ်မြင့်အိမ်ရာစီမံကိန်းများ ဆောင်ရွက်ကြသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် အမြတ်အစွန်းထက် ပြည်သူလူထုအတွက် စေတနာထား ဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတ တိုက်တွန်း
Published 10 October 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့ဝင်များသည် အောက်တိုဘာ ၉ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဧရာဝဏ်-ရတနာ အထပ်မြင့်အိမ်ရာစီမံကိန်း ရှင်းလင်းဆောင်ခန်းမ၌ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရာ အစိုးရက ဖော်ဆောင်နေသည့် အထပ်မြင့်အိမ်ရာစီမံကိန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြသည့် ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များကိုလည်း အထူးကျေးဇူးတင်ရှိကြောင်းနှင့် အမြတ်အစွန်းထက် ပြည်သူလူထုအတွက် စေတနာထား ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
 
ထို့ပြင် နိုင်ငံတော်သမ္မတက အဆိုပါ အိမ်ရာစီမံကိန်းသည် Bored Pile နှင့် Precast အစရှိသော ဆောက်လုပ်ရေးနည်းစနစ်များအရ တန်ဖိုးသင့်အိမ်ရာများဖြစ်လာမည် ဖြစ်သော်လည်း အတတ်နိုင်ဆုံး ပြည်သူလူထု သက်သာမှုရှိအောင် တွက်ချက်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
 
အဆိုပါတွေ့ဆုံပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က စီမံကိန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးခင်မောင်စိုး၊ ဦးကျော်လွင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့က စီမံကိန်းဧရိယာအတွင်း သန့်ရှင်းသည့်  သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးနှင့် ပုဂ္ဂလိက ကုမ္ပဏီများနှင့် အကျိုးတူ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
 
မြိုပြဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အလုပ်အကိုင်သစ်များ ပေါ်ပေါက်လာပြီး လူဦးရေလည်း တိုးပွားလာကြောင်း၊ မြေဧရိယာ ထပ်မံတိုးချဲ့ရန် အခက်အခဲရှိလာသဖြင့် နိုင်ငံတကာကဲ့သို့ အထပ်မြင့် အိမ်ရာအဆောက်အအုံများ ဆောက်လုပ်ရန် စဉ်းစားလာရကြောင်း၊ ယနေ့ ရန်ကုန်မြို့၏ လူဦးရေသည် ခုနစ်သန်းကျော် ရှစ်သန်းနီးပါးရှိလာပြီဖြစ်ရာ လူထု၏ စားဝတ်နေရေးတွင် အဓိကလိုအပ်ချက်ဖြစ်သည့် နေရာထိုင်ခင်းအတွက် အထပ်မြင့်အိမ်ရာ စီမံကိန်းများကို အမြန်ဆုံးအ ကောင်အထည်ဖော်ရန် လိုအပ်လာကြောင်း၊ အဆောက်အအုံများ အချိန်မီဆောက်လုပ် ပြီးစီးရေးနှင့်အတူ လျှပ်စစ်မီးနှင့် သောက်သုံးရေစနစ်များ တစ်ပါတည်းပြီးစီးရန်မှာ အလွန်အရေးကြီးကြောင်းစသဖြင့်  နိုင်ငံတော်သမ္မတ က ပြောကြားခဲ့ကြောင်း သိရသည်။
 
ယခုအိမ်ရာစီမံကိန်းအတွက် လျှပ်စစ်မီးရရှိရေး အဆင်ပြေစွာဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ သန့်ရှင်းသော သောက်သုံးရေရရှိရေးကိုလည်း ကြံဆဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေစနစ်နှင့် ပတ်သက်၍ မြေအောက်ရေ တူးဖော်ရရှိနိုင်ခြင်း၊ ရေအရင်းအမြစ်တစ်နေရာမှ ပိုက်သွယ်တန်းရယူနိုင်ခြင်းနှင့် စီမံကိန်းဧရိယာအနီးရှိ ပဲခူးမြစ်ကဲ့သို့သော ရေအရင်းအမြစ်မှ ရေရရှိနိုင်ရေးနည်းလမ်းများကိုလည်း စဉ်းစားသင့်ကြောင်း၊ ယင်းအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပညာရှင်များထံမှ နည်းပညာနှင့် အကြံဉာဏ်များ ရယူဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း သမ္မတက ပြောကြားခဲ့သည်ဟု သိရသည်။
 
အဆိုပါ စီမံကိန်းကို နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ၂၀၁၃ ခုနှစ် ဧပြီ ၁၀ ရက် က မြေဧက ၂၂၀  ၌ စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဧရာဝဏ်-ရတနာ တန်ဖိုးသင့် အိမ်ရာစီမံကိန်း၌ ၂၄ ခန်းတွဲ ၁၈ ထပ် အဆောက်အအုံ  ၄၉ လုံး ပါဝင်ပြီး အခန်းပေါင်း ၁၆၆၉၆ ခန်းပါရှိကြောင်း၊ မြို့ပြစီမံချက်နှင့် ညီညွတ်ပြီး လူဦးရေ ရှစ်သောင်းကျော် နေထိုင်နိုင်မည်ဖြစ်ပြီး ၎င်းစီမံကိန်းနှင့် အနီးပတ်ဝန်းကျင်ရှိ ယုဇနဥယျာဉ်မြို့တော် အပါအဝင် ဆက်စပ်စီမံကိန်းများအားလုံး ပြီးစီးပါက လူဦးရေ သုံးသိန်းကျော်၏ လူနေမှုအဆင့်အတန်း မြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း နှင့် ဒီမိုကရေစီအစိုးရ တာဝန်ယူစဉ် အိမ်ရာကဏ္ဍ၌ နှစ်  ၂၀ နှစ်ရှည် ဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ၂၀၁၁ - ၂၀၁၂  ဘဏ္ဍာနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ အိမ်ရာယူနစ် တစ်သန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့တော်များနှင့် ဖွံ့ဖြိုးမှုအလားအလာရှိသည့် မြို့ကြီး ၈၁ မြို့၌ တည်ဆောက်ရန် ရည်မှန်းထားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းတွင် ဖော်ပြထားသည်။
 
၂၀၁၁ မှ ၂၀၁၅ ခုနှစ်အတွင်း တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ဝန်ထမ်းအိမ်ရာ ၂၅၉၆ ခန်း၊ တန်ဖိုးနည်းအိမ်ရာ ၂၀၂၉၈ ခန်း၊ တန်ဖိုးသင့်အိမ်ရာ ၇၁၃၆ ခန်းနှင့် အကျိုးတူအိမ်ရာ ၆၀၂၉ ခန်းတို့ကို တည်ဆောက်ပေးခဲ့သည်။
 
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် သီလဝါအထူးစီးပွားရေးဇုန်သို့ သွားရောက်ခဲ့ပြီး အထူးစီးပွားရေးဇုန်အတွင်းရှိ  လူထိုင်း-မြန်မာ ကုမ္ပဏီလီမိတက်မှ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အထည်ချုပ်သင်တန်းနှင့် ကိုယိုရပ်ဒ်မြန်မာကော်ပိုရေးရှင်း၏ မော်တော်ကား ရေတိုင်ကီအမျိုးမျိုး ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent