ဒေသတွင်း နိုင်ငံများတွင် စားသောက်ကုန် ဈေး ကျဆင်းနေသော်လည်း မြန်မာနိုင်ငံ၌ ဆက်တိုက် မြင့်တက်မှုဒဏ် ခံစားနေရပြီး စားသုံးသူ အညွှန်းကိန်း (CPI) မှာ ၁၀ ရာခိုင်နှုန်း အထိ ရှိလာကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ

ဒေသတွင်း နိုင်ငံများတွင် စားသောက်ကုန် ဈေး ကျဆင်းနေသော်လည်း မြန်မာနိုင်ငံ၌ ဆက်တိုက် မြင့်တက်မှုဒဏ် ခံစားနေရပြီး စားသုံးသူ အညွှန်းကိန်း (CPI) မှာ ၁၀ ရာခိုင်နှုန်း အထိ ရှိလာကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ
Published 7 October 2015
ဇော်ဝေ

ဒေသတွင်း နိုင်ငံများတွင် စားသောက်ကုန် ဈေးနှုန်းများ ကျဆင်းနေသော်လည်း  မြန်မာနိုင်ငံတွင် စားသောက်ကုန် ဈေးနှုန်းများ ဆက်တိုက် မြင့်တက်မှု ဒဏ်ကို ခံစားနေရပြီး စားသုံးသူ အညွှန်းကိန်း (CPI) မှာ ၁၀ ရာခိုင်နှုန်းအထိ ရှိလာကြောင်း ကမ္ဘာ့ဘဏ်မှ အောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန်သည့် ‘Myanmar Economic Monitor’ အစီရင်ခံစာအရ သိရသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်က စားသုံးသူ အညွှန်းကိန်း (CPI) မှာ ၆ ဒသမ ၅ ရာခိုင် နှုန်းရှိကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အစောပိုင်းတွင် ယာယီအားဖြင့် ကုန်ဈေးနှုန်း အနည်းငယ် ကျဆင်းခဲ့သော်လည်း ဆက်တိုက် မြင့်တက်လာခဲ့ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာတွင်၂ ဒသမ၄ ရာခိုင်နှုန်း မြင့်တက်လာကာ ၇ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၁၅ ခုနှစ် ဇူလိုင်တွင် ၁၀ ရာခိုင်နှုန်းသို့ ရောက်ရှိလာကြောင်း သိရသည်။
ရေနံဈေးနှုန်း ကျဆင်းမှုကြောင့် ဒေသတွင်း နိုင်ငံများတွင် ကုန်ဈေးနှုန်းများ ကျဆင်း လာနေသော်လည်း မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများနှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း၊ ဒေသတွင်း နိုင်ငံများတွင် ၂၀၁၄ -၂၀၁၅ဘဏ္ဍာနှစ်က ဈေးနှုန်းများ သိသိသာသာ ကျဆင်းခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
မြန်မာနိုင်ငံတွင် စားသုံးသူ အညွှန်းကိန်း မြင့်တက်မှုသည် အစားအစာ ဈေးသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ပြီး စားသုံးသူ အညွှန်းကိန်းတွင် ထည့်သွင်း တွက်ချက်မှုများ၏  ၆၈ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် စားသုံးသူ အညွှန်းကိန်း မြင့်တက်မှုနှင့် ယခုနှစ် စားသုံးသူ အညွှန်းကိန်း မြင့်တက်မှုသည် အဓိကအားဖြင့် ဆီ၊ ဟင်းသီးဟင်းရွက်နှင့် အခြား အစားအသောက် ဈေးများ မြင့်တက်မှုကြောင့် ဖြစ်ကြောင်း၊ ဆီနှင့် ပြည်ပမှ တင်သွင်းသည့် အခြား စားသောက်ကုန် ပစ္စည်းများသည် ကျပ်ငွေ တန်ဖိုး ကျဆင်းမှုကြောင့် ဈေးနှုန်း မြင့်တက်လာရပြီး ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်းအစီရင်ခံစာအရ သိရသည်။
၂၀၁၄ ခုနှစ် အစောပိုင်းက ဆက်တိုက် မြင့်တက်ခဲ့သော ဆန်နှင့် သားငါးဈေးနှုန်းများသည် စိုက်ပျိုးမွေးမြူရေး ပိုမိုလာခြင်းကြောင့် လက်ရှိအချိန်တွင် တည်ငြိမ်မှု ရှိလာနေပြီး နိုင်ငံတကာနှင့် လိုက်လျောညီထွေ ဖြစ်လာကြောင်း သိရသည်။
အစားအသောက် မဟုတ်ကဏ္ဍအနေ အိမ်ရာအတွက် ကျခံ သုံးစွဲရမှုသည် အဓိကကျပြီး နေစရာနှင့် စီးပွားရေး လုပ်ငန်းသုံး အတွက် ငှားရမ်းရသည့် စရိတ်မြင့်တက်မှု ဒဏ်ကို ဆက်လက် ခံစား နေရကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်း အထိ တိုးတက်ခဲ့သော မြန်မာ့စီးပွားရေးသည် လက်ရှိ ဘဏ္ဍာနှစ်ဖြစ်သော ၂၀၁၅-၂၀၁၆ တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ် ပြန်ချက်တွင် ဖော်ပြသည်။
စီးပွားရေး ပြုပြင် ပြောင်လဲမှုများက စားသုံးသူနှင့် ရင်းနှီးမြှုပ်နှံသူတို့ကို ယုံကြည်မှု ဖြစ်စေသည့်အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံတွင် စီးပွားရေးတိုးတက်မှုနှုန်း ၈ ဒသမ ၅ ရာ ခိုင်နှုန်းရှိခဲ့သည့်ဟု ခန့် မှန်းရကြောင်း၊ ဝန်ဆောင်မှု ကဏ္ဍဖြစ်သည့် တယ်လီဖုန်း ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ကဏ္ဍများ ထွန်းကားလာမှုကြောင့် စီးပွားရေး တိုးတက်မှု၏ အဓိက မောင်းနှင်အား ဖြစ်လာခဲ့ကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍ၊ထုတ်လုပ်ရေး စက်မှုထုတ်ကုန်များနှင့် သဘာ၀ ဓာတ်ငွေ့များမှာလည်း တိုးတက်လာခြင်းကြောင်း၊ ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့သည့် ရေကြီး နစ်မြုပ်မှုများကြောင့် စီးပွားရေးဆိုင်ရာ ထိခိုက်မှုများကို စိစစ် သုံးသပ်ဆဲ ဖြစ်သော်လည်း ယခုနှစ် ဆန်စပါး ထွက်ရှိမှုကို ထိခိုက်နိုင်ကြောင်းလည်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်မှုအရ သိရသည်။
အဆိုပါ အစီရင်ခံစာ အရ မြန်မာနိုင်ငံ၏ စီးပွားရေး ဝန်းကျင် အနေအထားနှင့် အတူ လူမှုရေးနှင့် နိုင်ငံရေးကဏ္ဍတို့တွင်လည်း စိန်ခေါ်မှုများ ရှိနေကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ဆက်စပ်သည့် သွင်းကုန် ဝယ်လိုအား များ မြင့်တက်လာခြင်းကြောင့် စာရင်းရှင်လိုငွေ (Current Account Deficit) များ တက်လာကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most Read

Most Recent