တွမ်ဟန့်၏ ဇာတ်ကားသစ် Bridge of Spies ရုပ်ရှင်ကို နယူးယောက်ရုပ်ရှင်ပွဲတော်၌ အထူးပွဲအဖြစ် ပြသရာ ပရိသတ်များ မတ်တတ်ရပ် သြဘာပေး

တွမ်ဟန့်၏ ဇာတ်ကားသစ် Bridge of Spies ရုပ်ရှင်ကို နယူးယောက်ရုပ်ရှင်ပွဲတော်၌ အထူးပွဲအဖြစ် ပြသရာ ပရိသတ်များ မတ်တတ်ရပ် သြဘာပေး
Published 6 October 2015

ဒါရိုက်တာ စတီဗင် စပီးဘာ့ဂ် ရိုက်ကူးပြီး တွမ်ဟန့်က ဦးဆောင်ပါဝင်သည့် Bridge of Spies ရုပ်ရှင်ကို နယူးယောက် ရုပ်ရှင်ပွဲတော်တွင် အောက်တိုဘာ ၄ ရက်က အထူးပွဲအဖြစ် ပြသခဲ့ရာ တက်ရောက်သည့် ပရိသတ်အားလုံးက မတ်တတ်ရပ်၍ သြဘာပေးခဲ့ကြကြောင်း သိရသည်။ စပီးဘာ့ဂ်နှင့် တွမ်ဟန့်တို့သည် နာမည်ကျော် ရုပ်ရှင်များကို ပူးတွဲ၍ ဆောင်ရွက်ခဲ့ဖူးသူများဖြစ်သည်။ Saving Private Ryan၊ The Terminal နှင့် Catch Me If You Can  တို့တွင် အတွဲညီခဲ့ကြသော စပီးဘာ့ဂ်နှင့်ဟန့်တို့သည် ၁၉၅၀ ပြည့်လွန်နှစ်များက စပိုင်ဇာတ်လမ်းကို ယခုတစ်ခါ ပူးပေါင်းဆာင်ရွက် ခဲ့ကြခြင်းဖြစ်သည်။
စစ်ရေးခေတ်အတွင်း အမေရိကန် သူလျှိုလေယာဉ် U-2 တစ်စင်းကို ဆိုဗီယက် ယူနီယံက ပစ်ချခဲ့ပြီးနောက် လေယာဉ်မှူး ပြန်လည် လွတ်မြောက်ရေးအတွက် ဆောင်ရွက်သော ရှေ့နေတစ်ဦး၏ အကြောင်းကို ရိုက်ကူးထားသည့် ယင်းရုပ်ရှင်အား ကိုဟင် ညီအစ်ကိုနှင့် မတ်ချာမင်တို့က ဇာတ်ညွန်းရေးသားခဲ့သည်။ ဘရွတ်ကလင် ရှေ့နေ ဂျိမ်းဒိုနိုဘင်အဖြစ် တွမ်ဟင့်က သရုပ်ဆောင်ထားပြီး  မက်ရွိုင်လန့်စ်က အဖမ်းခံထားရသော ဆိုဗီယက် သူလျှို  ရူးဒေါ့အဒယ် အဖြစ် သရုပ်ဆောင်ထားသည်။
လေယာဉ်မှူး ဂါရီပါဝါနှင့် အခြား အဖမ်းခံ အမေရိကန် နှစ်ဦး လွတ်မြောက်ရေးအတွက် ကြိုးပမ်းရသော ရှေ့နေ ဒိုနိုဘင်သည် ဆိုဗီယက် သူလျှိုတစ်ဦး အတွက် ရှေ့နေ လိုက်ပေးသဖြင့် အမေရိကန်တို့က သစ္စာဖောက်အဖြစ် သတ်မှတ် ခံရသူဖြစ်သည်။ ဒိုနိုဘင်ကို စီအိုင်အေက ငှားရမ်း ခိုင်းစေ ခဲ့ခြင်းဖြစ်ပြီး ဒိုနိုဘင်က ဆိုဗီယက် သူလျှို အဒယ် လွတ်မြောက်ရေးအတွက် ကြိုးပမ်းသူဖြစ်၍ သစ္စာဖောက်အဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။ အမေရိကန်အစိုးရနှင့် ဆက်နွယ်မှု မရှိသူတစ်ဦးအဖြစ် ဆောင်ရွက်ရန် စီအိုင်အေနှင့် ဒိုနိုဘင်တို့ သဘောတူညီချက် ရယူထားရသည်။
စစ်အေးခေတ် အရှိန်မြင့်တက်ချိန်၌ နှစ်ဘက်စလုံးမှ လက်ဖြောင့် သေနတ်သမားများက အသင့်စောင့်ဆိုင်းပြီး အရှေ့ဘာလင်နှင့် အနောက် ဘာလင်ကို ခြားထားသော Glienecke တံတားပေါ်တွင် အကျဉ်းသား လဲလှယ်မှုကိုတင်စားပြီး Bridge of Spies ဟု စပီးဘာ့ဂ်က အမည်ပေးခဲ့ခြင်း ဖြစ်သည်။  
ယင်းရုပ်ရှင်ကို အောက်တိုဘာ ၁၆ ရက်တွင် အမေရိကန်၌ စတင် ပြသမည်ဖြစ်သည်။ လွန်ခဲ့သော သုံးနှစ်က Lincoln ရုပ်ရှင်ပြီးနောက် စပီးဘာ့ဂ်၏ ပထမဆုံး ရုပ်ရှင် Bridge of Spies သည် အကောင်းဆုံး ရုပ်ရှင်၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းနှင့် သရုပ်ဆောင်ဆုတို့ ရရှိမည်ဟု ရေးသားခဲ့ကြသည်။

Most Read

Most Recent