ရွှေဘိုမြို့ မော်ဓောမြင်သာ မြို့ထောင့်စေတီ ဘုရားပွဲတော်တွင် ဇာတ်အဖွဲ့ ခြောက်ဖွဲ့အပြင် ရုပ်ရှင်နှင့် ဂီတ အနုပညာရှင်များလည်း ပါဝင်ဖျော်ဖြေမည်

ရွှေဘိုမြို့ မော်ဓောမြင်သာ မြို့ထောင့်စေတီ ဘုရားပွဲတော်တွင် ဇာတ်အဖွဲ့ ခြောက်ဖွဲ့အပြင် ရုပ်ရှင်နှင့် ဂီတ အနုပညာရှင်များလည်း ပါဝင်ဖျော်ဖြေမည်
Published 5 October 2015

အညာဒေသ၏ အထင်ကရ ဘုရားပွဲတော်တစ်ခုဖြစ်သည့် ရွှေဘိုမြို့ မော်ဓောမြင်သာ မြို့ထောင့် စေတီဘုရားပွဲတော်တွင် ဇာတ်အဖွဲ့ ခြောက်ဖွဲ့နှင့်အတူ ရုပ်ရှင်နှင့် ဂီတတို့မှ အနုပညာရှင်များလည်း ပါဝင် တင်ဆက် ဖျော်ဖြေကြမည်ဟု ဇာတ်သဘင် အသိုင်းအဝိုင်းမှ သိရသည်။
ရွှေဘိုမြို့ မော်ဓောမြင်သာမြို့ထောင့် စေတီဘုရားပွဲတော်ကို အောက်တိုဘာ ၉ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။ ယင်း ပွဲတော်တွင် ဟန်ဇာမိုးဝင်း၊ အဂ္ဂါမိုးဝင်း၊ တင်ဇာမိုးဝင်းတို့၏ မဟာရန်ကုန် စံပြဇာတ်သဘင်အဖွဲ့အပြင် စွမ်းသဘင်အဖွဲ့နှင့် မန္တလေး ဇာတ်သဘင် အဖွဲ့ကြီးတစ်ဖွဲ့ဖြစ်သည့် ပွဲဦးမင်း ဇာတ်သဘင် အဖွဲ့တို့ ပါဝင် ကပြကြမည်ဟု သိရသည်။ ထို့ပြင် ကြည့်ချင်ပွဲများအဖြစ် ရာစုသစ် ဇာတ်သဘင်အဖွဲ့၊ မြတ်မန္တလာ ဇာတ်သဘင်အဖွဲ့နှင့် တက္ကသိုလ် နှင်းခိုင်ဇာတ်သဘင် အဖွဲ့ကြီးများလည်း ရက်အလိုက် ပါဝင်တင်ဆက် ကပြကြမည်ဖြစ်သည်။
“ကျွန်တော်တို့ ပွဲဦးမင်း ဇာတ်သဘင်အဖွဲ့ အနေနဲ့ ရွှေဘိုမြို့ မော်ဓောမြင်သာမြို့ထောင့် စေတီဘုရားပွဲမှာ ဒီနှစ်က သုံးနှစ်မြောက်ကပြတဲ့ ပွဲပါ။ ကျွန်တော်တို့ ဇာတ်အဖွဲ့နဲ့ အတူ ရုပ်ရှင်နဲ့ဂီတက အနုပညာရှင်တွေလည်း ပါဝင်တင်ဆက် ဖျော်ဖြေကြမှာပါ။ အခုလို ရုံဝင်ကြေးတွေနဲ့ မကပြခင် ဒီဘုရားပွဲ ပထမဆုံးကခဲ့တဲ့ နှစ်ကတော့ ကျွန်တော်တို့လည်း ကိုယ့်ဇာတ်အဖွဲ့ကို ပရိသတ်နဲ့ မိတ်ဆက်တဲ့ အနေနဲ့ ကြည့်ချင်ပွဲအဖြစ် ကခဲ့ပါတယ်” ဟု ပွဲဦးမင်း ဇာတ်သဘင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုလှခိုင်က ဆိုပါသည်။
စံပြသဘင် ဇာတ်သဘင်အဖွဲ့တွင် ဟန်ဇာမိုးဝင်း၊ အဂ္ဂါမိုးဝင်း၊ တင်ဇာမိုးဝင်းတို့နှင့် အတူ မိုးမင်း၊ နိုင်းနိုင်း၊ မင်းသွေး၊ စိန်လင်း (Aro-ma) နန်းဆုရတီစိုးနှင့် နန်းမြတ်ဖြိုးသင်းတို့ ပါဝင်ဖျော်ဖြေကြမည်ဟု သိရသည်။
ပွဲဦးမင်း ဇာတ်သဘင်အဖွဲ့တွင်လည်း မိုးအောင်ရင်၊ စည်ဖြိုး၊ စူးရှ၊ ဝိုင်းစုခိုင်သိန်းနှင့် ချောငယ်တို့ ပါဝင်သီဆို ဖျော်ဖြေကြမည်ဟု သိရသည်။

Most Read

Most Recent