(၅၃)ကြိမ်မြောက် နယူးယောက် ရုပ်ရှင်ပွဲတော်တွင် စတိဗ်ဂျော့ အတ္ထုပ္ပတ္တိ ဇာတ်ကားကို မိတ်ဆက်ပြသ

(၅၃)ကြိမ်မြောက် နယူးယောက် ရုပ်ရှင်ပွဲတော်တွင် စတိဗ်ဂျော့ အတ္ထုပ္ပတ္တိ ဇာတ်ကားကို မိတ်ဆက်ပြသ
Published 5 October 2015

အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ လင်ကင်းစင်တာတွင် ကျင်းပသည့် (၅၃) ကြိမ်မြောက် နယူးယောက် ရုပ်ရှင်ပွဲတော် အက်ပဲလ် ကုမ္ပဏီကို ပူးတွဲ တည်ထောင်ခဲ့သည့် စတိဗ်ဂျော့၏ အတ္ထုပ္ပတ္တိ ဇာတ်ကား Steve Jobs ကို မိတ်ဆက်ပြသခဲ့သည်။
အဆိုပါ ဇာတ်ကားမိတ်ဆက်ပွဲသို့ မိုက်ကယ်ဖက်စ်ဘန်ဒါ၊ ကိတ်ဝင်းစလက်တို့ တက်ရောက်ခဲ့သည်ဟု သိရသည်။ စာရေးဆရာ Walter Isaacson ၏ ဝတ္ထုကို မှီငြမ်း ရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် မိုက် ကယ်ဖက်စ်ဘန်ဒါ၊ ကိတ်ဝင်းစလက်နှင့် ဆာ့သ်ရိုဂျင်တို့က အဓိက ဇာတ်ကောင်များအဖြစ် ပါဝင်ထားသည်။
ဒါရိုက်တာ ဒန်နီဘွိုင်းသည် ယင်းဇာတ်ကားကို မူလက လီယိုနာဒို ဒီကာပရီယိုနှင့် ရိုက်ကူးရန် စီစဉ်ခဲ့သည်။ စတိဗ်ဂျော့ ဇာတ်ကောင်အတွက် ဆွေးနွေးနေစဉ် လီယိုနာဒိုသည် ရိုက်ကူးရေး အစီအစဉ်မှ နုတ်ထွက်ခဲ့သဖြင့် ခရစ်ရှန်ဘေး၊ မက်ဒေမွန်၊ ဘင်အက်ဖ်ဖလက်နှင့် ဘလက်ဒလေကူးပါးတို့ကို ကမ်းလှမ်း ခဲ့သေးသည်ဟုသိရသည်။ နောက်ဆုံးတွင် စတိဗ်ဂျော့ ဇာတ်ကောင်အတွက် X-Men ဇာတ်ကားများတွင် Magneto ဇာတ်ကောင်အဖြစ် ပါဝင်ခဲ့သည့် မိုက်ကယ်ဖက်စ်ဘန်ဒါကို ရွေးချယ်ခဲ့သည်ဟု သိရသည်။
ဒါရိုက်တာ ဒန်နီဘွိုင်းသည် အက်ပဲလ်၏ အထင်ကရ ပစ္စည်းသုံးမျိုး ထုတ်လုပ်ခဲ့မှုအကြောင်း ဇာတ်အိမ်တည် ရိုက်ကူးခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် iMac ကိုပွဲထုတ်ခဲ့သည့် ဇာတ်ဝင်ခန်းဖြင့် အဆုံးသတ်ခဲ့သည်ဟု ယင်းဇာတ်ကား၏ ဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။ Steve Jobs ဇာတ်ကားကို အောက်တိုဘာ ၉ ရက်တွင် အမေရိကန်၌ ဖြန့်ချိရန် စီစဉ်ထားသည်။ စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ ကျင်းပမည့် နယူးယောက် ရုပ်ရှင်ပွဲတော်ကို ဒါရိုက်တာ ရောဘတ်ဇန်မန်ကစ်၏ The Walk ဇာတ်ကားဖြင့် ဖွင့်လှစ်ခဲ့ပြီး ဒါရိုက်တာ Don Cheadle ၏ Miles Ahead ဇာတ်ကားဖြင့် ပိတ်သိမ်းမည် ဖြစ်သည်။

Most Read

Most Recent