ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူများအား တရားစွဲဆိုထားမှု ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၅၆၁ (က) အရ ပယ်ဖျက်ပေးရန် လျှောက်ထားမှု ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်မှ လက်ခံ

ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူများအား တရားစွဲဆိုထားမှု ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၅၆၁ (က) အရ ပယ်ဖျက်ပေးရန် လျှောက်ထားမှု ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်မှ လက်ခံ
Published 4 October 2015
ဉာဏ်ဝင်းရှိန်

ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူများကို တရားစွဲဆိုထားမှုမှာ မူလကပင် ပျက်ပြယ်နေသည့်အတွက် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအမှတ် ၅၆၁ (က)အရ ပယ်ဖျက်ပေးရန်အတွက် လျှောက်ထားမှုကို ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်မှ အောက်တိုဘာ ၂ ရက်က လက်ခံခဲ့ကြောင်း သတင်းရရှိသည်။
 
ကျောင်းသားများ၏ အကျိုးဆောင်ရှေ့နေ တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်မှ ကျောင်းသားများနှင့် ဝန်းရံသူများကို ဖမ်းဆီးစဉ်ကပင် ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအာဏာရှိသူများက ဥပဒေနှင့် မညီညွတ်ဘဲ ဖမ်းဆီးအမှုဖွင့်ခဲ့သည့်အတွက် ထိုအမှုမှာ မူလက မှားယွင်းပျက်ပြယ်နေသည့် အမှုဖြစ်သဖြင့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေအမှတ် ၅၆၁(က)အရ ပယ်ဖျက်ပေးရန် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့ အောက်တိုဘာ ၂ ရက်က သွားရောက်တင်ခဲ့ခြင်းဖြစ်ကာ တရားလွှတ်တော်မှ လက်ခံခဲ့ခြင်းဖြစ်သည်။
 
တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့် က “မနေ့က ဒီအမှုကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၅၆၁(က) အရ ပယ်ဖျက်ပေးဖို့အတွက် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ကို သွားပြီးတင်ပါတယ်။ တရားရုံးက ဒီအမှုကို လက်ခံထားပါတယ်။ လျှောက်လဲချက်ပေးရမယ့်နေ့ကိုတော့ ဆင့်ခေါ်မှာပါ” ဟု အောက်တိုဘာ ၃ ရက်က ပြောကြားသည်။
 
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအမှတ် ၅၆၁ (က)အရ စွဲဆိုထားသည့်ပြစ်မှုများကို ပယ်ဖျက်ပေးရန် အခွင့်အာဏာမှာ မြို့နယ်တရားရုံးနှင့် ခရိုင်တရားရုံးများတွင် မရှိဘဲ တိုင်းဒေသကြီး တရားလွှတ်တော်တွင်သာ ရှိသည့်အတွက် ထိုသို့လျှောက်ထားရခြင်း ဖြစ်ကြောင်း ဦးလှမျိုးမြင့်က ဆိုသည်။
 
ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း မှ ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ-၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂နှင့် ၅၀၅ (ခ) တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုထားခြင်းဖြစ်ပြီး ၆ လကျော်ကြာမြင့်ခဲ့ပြီဖြစ်ကာ လက်ရှိအချိန်ထိ ရုံးချိန်းပေါင်း ၂၀ ကျော် ချိန်း ဆိုပြီးဖြစ်သည်။             
 

Most Read

Most Recent