ထိုင်းဘုရင့်သမီးတော်ဖြစ်သူ မင်းသမီး သီရိဒုံနှင့်အဖွဲ့သည် ထိုင်းနိုင်ငံမှတစ်ဆင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ လာရောက်ခဲ့ပြီး ထားဝယ်အထူးစီးပွားရေးဇုန်ကို သွားရောက်လေ့လာခဲ့ကာ ထားဝယ်မြို့ပေါ်ရှိ သမိုင်းဝင် ရွှေတောင်စားစေတီတော်အား လာရောက်ဖူးမြော်သွားကြောင်း သတင်းရရှိသည်။
မင်းသမီးသီရိဒုံနှင့် အဖွဲ့မှာ အောက်တိုဘာ ၃ ရက် နံနက် ၇ နာရီ ၁၅ မီနစ်ခန့်က ထိုင်းတော်ဝင်လေတပ် အထူးလေယာဉ်ဖြင့် ထိုင်းနိုင်ငံဘန်ကောက်လေဆိပ်မှ တစ်ဆင့် မြန်မာနိုင်ငံ ထားဝယ်လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး လေဆိပ် အထူးဧည့်သည်ဆောင်တွင် ခေတ္တအနားယူကာ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် ထားဝယ်လေဆိပ်မှတစ်ဆင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတည်ရှိရာ နုဘုလယ်ဒေသသို့ သွားရောက်ခဲ့ပြီး စီမံကိန်းရှင်းလင်းဆောင်၌ ခေတ္တရပ်နားကာ စီမံကိန်းဆိုင်ရာ လုပ်ငန်းများကို လေ့လာခဲ့ကြောင်း သိရသည်။ မင်းသမီးသီရိဒုံနှင့်အဖွဲ့သည် နံနက် ၁၀ နာရီခွဲအချိန်တွင် ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းတည်ရှိရာမှ ထားဝယ်မြို့သို့ပြန်လည်ထွက်ခွာလာပြီး တိုင်းဒေသကြီး အစိုးရဧည့်ရိပ်သာတွင် ရပ်နားခဲ့သည်။ ညနေ ၂ နာရီ အချိန်တွင် မင်းသမီးသီရိဒုံနှင့် အဖွဲ့မှာ ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စားစေတီနှင့် လောကမာရဇိန်ဘုရားတို့ကို သွားရောက်ဖူးမျှော်ခဲ့ပြီး စေတီတော်ဝင်းအတွင်းရှိ ဘုရားကြီးပြတိုက်သို့ သွားရောက်ကာ ထားဝယ်ရိုးရာယဉ်ကျေးမှုရှေး ဟောင်းပစ္စည်းများကို လေ့လာခဲ့ကြသည်။
ထိုင်းဘုရင့်သမီးတော် မင်းသမီး မဟာချက်ကရီသီရိဒုံသည် အောက်တိုဘာ ၃ ရက် ည ၈ နာရီ ၅၀ မိနစ်က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။
မင်းသမီး မဟာချက်ကရီသီရိဒုံသည် ည ၈ နာရီ ၅၀ မိနစ်တွင် ရောက်ရှိလာပြီး ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ရှိ ဂျပန်မုခ်ဦးမှ ရွှေတိဂုံစေတီတော်သို့ ဖူးမြော်ခဲ့ကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ထို့နောက် စနေထောင့်ရှိ ကျောက်ဆင်းတုတော်အား ရေသပ္ပါယ်ပြီး၊ ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်ရှိ အောင်မြေတွင် ဆီမီးပူဇော်ခဲ့ကာ သာယာဝတီမင်းခေါင်းလောင်းသို့ သွားရောက်ခဲ့သည်။
၎င်းသည် မြန်မာနိုင်ငံသို့ ၁၉၈၆၊ ၁၉၉၄၊ ၂၀၀၃၊ ၂၀၁၀ နှင့် ၂၀၁၃ ခုနှစ်များအတွင်း ငါးကြိမ် လာရောက်ခဲ့ပြီးဖြစ်ရာ ယခုနှစ်အတွင်း လာရောက်မှုသည် ဆဋ္ဌမအကြိမ်မြောက် ခရီးစဉ်ဖြစ်ကြောင်း၊ အောက်တိုဘာ ၄ ရက် တွင် လေယာဉ်ဖြင့် မြိတ်မြို့သို့ သွားရောက်မည်ဟု သိရသည်။















