၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ခွင့်လျှောက်လွှာများကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနများတွင် အောက်တိုဘာ ၃၁ ရက်အထိ ရောင်းချမည်

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ခွင့်လျှောက်လွှာများကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနများတွင် အောက်တိုဘာ ၃၁ ရက်အထိ ရောင်းချမည်
Published 3 October 2015
အေးပပ

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ခွင့်လျှောက်လွှာများကို မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာနများတွင် အောက်တိုဘာ ၁ ရက်မှစ၍ အောက်တိုဘာ ၃၁ ရက်အထိ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။        လျှောက်လွှာ ပုံစံများနှင့် ငွေသွင်း တံဆိပ်ခေါင်းများကို နေပြည်တော်ရှိ ရုံးအမှတ် (၅၂)၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (ရုံးချုပ်)၊ ရန်ကုန်မြို့၊ လှိုင်မြို့နယ် လှိုင်တက္ကသိုလ် နယ်မြေရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (ဇွဲကပင်ဆောင်) နှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ အမှတ် (၁၆၆)၊ လသာလမ်း၊ ရန်ကုန်မြို့တို့တွင် လာရောက် ဝယ်ယူနိုင်မည် ဖြစ်သည်။“စာမေးပွဲဝင်ခွင့် လျှောက်လွှာ ပုံစံတွေကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရုံး သုံးရုံးစလုံးမှာ အောက်တိုဘာ လကုန်အထိ ရောင်းချပေးမှာ ဖြစ်ပါတယ်။ လျှောက်လွှာတွေကို သတ်မှတ်ရက် အတွင်းမှာ ပြန်လည် တင်သွင်းပေးရမှာပါ” ဟု ရန်ကုန်မြို့ လှိုင်တက္ကသိုလ် နယ်မြေ၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။စာမေးပွဲ ဝင်ခွင့်လျှောက်လွှာ တင်သွင်းရာတွင် ဘာသာတွဲ အမှတ်စဉ် (၁)၊ (၅)၊ (၆)  (၇)၊ (၈) များဖြင့် ဖြေဆိုမည့် သူများအတွက် အစိမ်းရောင် ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံ ဖြင့်လည်းကောင်း၊ ဘာသာတွဲ အမှတ်စဉ် (၂)၊ (၃)၊ (၄) များဖြင့် ဖြေဆိုမည့်သူများအတွက် ပန်းရောင်ဝင်ခွင့် လျှောက်လွှာနှင့် ကတ်ပြားပုံစံ ဖြင့်လည်းကောင်း အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားကြောင်း သိရသည်။ပြင်ပဖြေဆိုရန် လျှောက်လွှာ တင်သွင်းသူများ၏ စာမေးပွဲ ဝင်ကြေးငွေကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးများတွင် စာမေးပွဲ ဝင်ကြေးအတွက် ကျသင့်ငွေ တံဆိပ်ခေါင်းများ ဝယ်ယူပြီး ဝင်ခွင့် လျှောက်လွှာ၏ လက်ဝဲဘက် ထိပ်ပိုင်းတွင် ကပ်၍ မိမိတို့အမှန်တကယ် နေထိုင်သည့် မြို့နယ် ပညာရေးမှူးရုံးတွင် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အတွင်း တင်သွင်းကြရမည် ဖြစ်သည်။အလားတူ အခြေခံပညာ အထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင် အထက်တန်းကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာ တင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေးကျသင့် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး လျှောက်လွှာ တစ်စောင်ချင်းစီတွင် ကပ်ကာ စုပေါင်းပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသို့ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အတွင်း သတ်မှတ်ရက်အမီ တင်သွင်းကြရမည် ဖြစ်သည်။သတ်မှတ်ထားသော ရက်များအတွင်း အချိန်မီ ပေးပို့ခြင်း မရှိသူများသည် စာမေးပွဲ ဖြေဆိုခွင့် ရရှိကြမည် မဟုတ်ကြောင်းနှင့် စာဖြေသူ တင်သွင်းသည့် စာမေးပွဲ ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့် ပြုမည်မဟုတ်သည့်အတွက် မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှု ရှိမရှိ သေချာစွာ စစ်ဆေးပြီး မှန်ကန်စွာ  ဖြည့်စွက်ပေးပို့ကြရန် ပညာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ကြေညာထားသည်။              

Most Read

Most Recent