ဧရာဝတီတိုင်း ပန်းတနော် မြို့နယ် အတွင်းရှိ ကျေးရွာ ငါးရွာမှ လယ်သမား ၂၀၀ ကျော်သည် သိမ်းဆည်း ခံထားရသည့် ၎င်းတို့၏ ဓားမဦးချ လယ်ယာမြေများ ပြန်လည်ရရှိရန် စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
ယင်းသို့ ဆန္ဒ ထုတ်ဖော်ရာတွင် ခနွှဲကဘို၊ ရှမ်းစု၊ ကြခတ်တော၊ ပြလင်း-ချောင်းကြီးနှင့် ရွှေဒင်္ဂါးစသည့် ကျေးရွာငါးရွာမှ လယ်သမားများသည် ပန်းတနော် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ ခွင့်ပြုချက်ဖြင့် ပန်းတနော်မြို့နယ် အလယ်ပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းထိပ် လမ်းမဘေးတွင် စတင် စုဝေးကာ ဗိုလ်ချုပ်လမ်း၊ သီရိလမ်း၊ အနော်ရထာလမ်း၊ သီဟလမ်းအတိုင်း လှည့်လည်ကာ အင်ကြင်းလမ်းဆုံ အထိ စီတန်းလှည့်လည်၍ ဆန္ဒပြခဲ့ကြသည်။
ထိုသို့ ဆန္ဒပြ တောင်းဆိုခြင်းမှာ ဦးပိုင် အခွန်ပြေစာ၊ သီစား စာရင်းရှိပြီး ဓားမဦးချ လုပ်ကိုင်လာသည့် လယ်ယာမြေများကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအား မြစ်ဝကြီးကွင်းဒေသ ရေနက်ကွင်း စီမံကိန်း အကောင်အထည် ဖော်ရန်အတွက် ၁၉၉၉ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်များတွင် အနောက်တောင်တိုင်း စစ်ဋ္ဌာနချုပ် ၏ အမိန့်ဖြင့် ဖိုးလမင်း ကုမ္ပဏီက မြေယာဧက ၂၃၈၄ ဧကရရှိခဲ့ပြီး ထိုလယ်မြေဧကများတွင် လယ်သမားများနှင့် ဆက်စပ်သည့် ဧက ၁၀၀၀ ကျော် ပါဝင်နေသည့် အတွက် ပြန်လည်ရရှိရန် ဒုတိယ အကြိမ်မြောက် ဆန္ဒပြ ကြခြင်းဖြစ်ကြောင်း လယ်သမားများထံမှ သိရသည်။
ယင်းသို့ ဆန္ဒပြရာတွင် မြစ်၀ ရေကြီးကွင်းဒေသ လယ်သမားဘဝများ လွတ်မြောက်ရေး၊ လယ်ယာမြေပေါ်မှ အင်းလုပ်ငန်းများကို ဖျက်သိမ်းပေး၊ မြန်မာပြည် တောင်သူလယ်သမားများ လယ်ယာမြေ ပိုင်ဆိုင်ခွင့် ရရှိရေး၊ ပြည်သူ့ဘ၀ လွတ်မြောက်ရေး၊ လယ်ယာမြေ ဓားပြ အင်းသူကြီး ဖိုးလမင်းကုမ္ပဏီနှင့် အပေါင်းပါ အကျိုးတူများကို အရေးယူပေး၊ နိုင်ငံတော်မှ ထုတ်ပေးသော လယ်ယာမြေ မှတ်ပုံတင် အမြန်ဆုံး ထုတ်ပေး၊ လယ်မလုပ်သူ လယ်ပိုင်သည့် စီမံကိန်းများ ဖျက်သိမ်းပေး၊ တောင်သူ လယ်သမား အရေးတော်ပုံ မုချ အောင်ရမည်၊ မတရားသော အမိန့်အာဏာ ဟူသမျှ ဒို့ပြည်သူများ ဆန့်ကျင်ကြ စသည့် စာတန်းများကို ကိုင်ဆောင်၍ ‘မြစ်၀ ရေကြီးကွင်းဒေသ လယ်သမား ဘဝများ လွတ်မြောက်ရေး...ဒို့အရေး’ ‘လယ်ယာမြေပေါ်မှ အင်းလုပ်ငန်းများ ဖျက်သိမ်းရေး...ဒို့အရေး’ ‘တောင်သူ လယ်သမားများ လယ်ယာမြေ ပိုင်ဆိုင်ခွင့် ရရှိရေး...ဒို့အရေး’ ‘နိုင်ငံတော်မှ ထုတ်ပေးသော လယ်ယာမြေ မှတ်ပုံတင်...ချက်ခြင်းပေး’ ‘လယ်မလုပ်သူ လယ်ပိုင်သည့် စီမံကိန်းများ...ဖျက်သိမ်းပေး’ ‘တောင်သူ လယ်သမား အရေးတော်ပုံ...အောင်ရမည်’ စသည့် ကြွေးကြော်သံ များဖြင့် ဆန္ဒပြခဲ့ကြောင်း သိရသည်။
‘‘ကျွန်မတို့ မြစ်၀ ရေကြီးကွင်း ဒေသမှာ ဖိုးလမင်း ကုမ္ပဏီက မတရား လယ်ယာမြေ သိမ်းဆည်းခဲ့တဲ့ အတွက် ဆန္ဒပြခြင်း ဖြစ်ပါတယ်။ တကယ်တော့ ဒီလယ်ယာမြေတွေက သူတို့နဲ့ လုံးဝမဆိုင်ပါဘူး။ လယ်သမားတွေ ပိုင်တဲ့ လယ်ယာမြေတွေပါ။ သိမ်းခံရတဲ့ လယ်ယာမြေတွေက ဦးပိုင် အခွန်ပြေစာ ရှိတဲ့ လယ်ယာ မြေတွေ အများဆုံး ပါပါတယ်။ လက်ငုတ် ကန်သင်းတွေလည်း ရှိတယ်။ အခွန်ပြေစာရှိတဲ့ လယ်မြေတွေကို နိုင်ငံတော်မှာ သီးစား ချခဲ့ပါ တယ်။ ၂၀၀၁ ခုနှစ်မှာ ဖိုးလမင်း ကုမ္ပဏီက အနောက်တောင်တိုင်း စစ်ဌာနချုပ် အမိန့်နဲ့ဆိုပြီး လယ်ယာမြေတွေကို မတရား သိမ်းဆည်းခဲ့တဲ့အတွက် ကျွန်မတို့ လယ်သမားတွေ ဒုက္ခ ရောက်ခဲ့ရတယ်။ အဲဒါကြောင့် အလုပ်အကိုင်မဲ့ ဖြစ်ခဲ့ရတယ်’’ဟု ဆန္ဒပြ တောင်းဆိုရာတွင် ပါဝင်သည့် မြေယာ သိမ်းဆည်းခံ တောင်သူ မနော်လီဝင်းကThe Daily Eleven သတင်းစာသို့ ပြောကြားသည်။
ဖိုးလမင်းကုမ္ပဏီက သိမ်းဆည်းထားသည့် လယ်မြေ ဧကများကို ပြန်လည်ရရှိရန် ၂၀၁၅ ခုနှစ် ဧပြီလ အတွင်းက နိုင်ငံတော်သမ္မတနှင့် ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ်တို့ထံသို့ လယ်သမားများသည် တိုင်စာ ပေးပို့ထားကြောင်း သိရသည်။
လက်ရှိတွင် လယ်သမားများနှင့် ဖိုးလမင်းကုမ္ပဏီမှ တာဝန်ရှိသူများသည် လယ်ယာမြေ ပိုင်ဆိုင်မှု အငြင်းပွားနေကာ ပန်းတနော် မြို့နယ် တရားရုံးတွင် အပြန်အလှန် တရားစွဲဆိုထားကြောင်း သိရသည်။
ဧရာဝတီတိုင်း ပန်းတနော် မြို့နယ်ရှိ ကျေးရွာ ငါးရွာမှ လယ်သမား ၂၀၀ ကျော် သိမ်းဆည်း ခံထားရသည့် ဓားမ ဦးချ လယ်ယာမြေများ ပြန်လည်ရရှိရန် ဆန္ဒပြတောင်းဆို















