၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီနှင့် တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် လက်မှတ် မရေးထိုးမီ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ (FFPS) နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) တို့က အစိုးရထံ စက်တင်ဘာ ၂၈ ရက်တွင် ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်သည်။
မိမိတို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းနှင့် နိုင်ငံရေး အကျဉ်း သားဟောင်းများ အဖွဲ့တို့သည် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ အရေးနှင့် ပတ်သက်၍ စောင့်ကြည့်ခြင်း၊ အခွင့်အရေးများ မှန်ကန်စွာ ရရှိရေးနှင့် လွတ်မြောက်ရေးတို့အတွက် အစဉ်တစိုက် ဆောင်ရွက်လျက် ရှိကြောင်း ကနဦး ဖော်ပြထားကာ လက်ရှိအချိန်သည် ၂၀၁၅ ရွေးကောက်ပွဲ အကြိုကာလ၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွတ်လပ် မျှတသော ရွေးကောက်ပွဲ ဖြစ်ရန် မြန်မာပြည်သူများနှင့် နိုင်ငံတကာ အသိုင်း အဝိုင်းက မျှော်လင့်နေချိန်ပင် ဖြစ်သလို တိုင်းပြည် ငြိမ်းချမ်းရေးအတွက် ပဏာမ ကြိုးပမ်းချက် ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် နိုင်ငံတော် အစိုးရတို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် လက်မှတ် ရေးထိုးနိုင်တော့မည့် အချိန်လည်း ဖြစ်သည့်အတွက် ထိုသို့သော အချိန်ကာလတွင် နိုင်ငံရေးအရ ဖမ်းဆီး ထိန်းသိမ်း အကျဉ်းချထားသူများအား လွှတ်မပေးခြင်းသည် တိုင်းပြည်၏ အနာဂတ်ခရီး ချောမောရေးကို ဟန့်တား ပိတ်ဆို့သည့်သဖွယ် ဖြစ်နေကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
တိုင်းပြည်ရေး ကိစ္စများအတွက် တက်ကြွစွာ ဆောင်ရွက်နေကြသော နိုင်ငံသူ နိုင်ငံသားများသည် တိုင်းပြည်၏ ခွန်အားပင် ဖြစ်သလို ၎င်းတို့အား အစိုးရနှင့်သဘောထား မတိုက်ဆိုင် ကွဲလွဲ၍ ပုဒ်မ အမျိုးမျိုးတပ်၍ ဖမ်းဆီး တရားစွဲဆို ထောင်ချနေခြင်းသည် တိုင်းပြည်၏ ရေသောက်မြစ်များအား ဖြတ်တောက်နေ ခြင်းပင် ဖြစ်ကြောင်းနှင့် အနာဂတ် ခရီး ချောမောရေးကို ဟန့်တား ပိတ်ဆို့ရာလည်း ရောက်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။
ထို့အတွက် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန်၊ စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်၊ ဒီမိုကရေစီ စနစ် ထွန်းကားစေရန်အတွက် နိုင်ငံရေးအရ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်မှာ အလွန် အရေးကြီးသော အချက်ဖြစ်သည်ဟု မိမိတို့မှ ယုံကြည်ကြောင်း နှင့် အာဏာပိုင်များ အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု သဘောတူ စာချုပ်မရေးထိုးမီ၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးအရ ဖမ်းဆီး ထောင်ချထားသူများ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေးအတွက် တောင်းဆို လှုပ်ရှားမှုများကြောင့် တရား ရင်ဆိုင်နေရသူများ၏ အမှုများကိုလည်း ပိတ်သိမ်း ပေးရေးတို့အတွက် ဆောင်ရွက်ပေးပါရန် အလေးအနက် တောင်းဆိုကြောင်း ဖော်ပြထားသည်။
ထို့ပြင် အဆိုပါ နိုင်/ကျဉ်း အဖွဲ့အစည်းများက နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ် လောင်းများနှင့် အပစ်ရပ် လက်မှတ်ရေးထိုးကြမည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အနေဖြင့် လည်း နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံရေးအရ တရားရင်ဆိုင် နေရသူများ လွတ်မြောက်ရေးအတွက် ဝိုင်းဝန်း တောင်းဆိုပေးရန်လည်း ကြေညာချက်တွင် ထည့်သွင်း တိုက်တွန်းထားသည်။
၂၀၁၅ ခုနှစ် သြဂုတ်လကုန်အထိ နိုင်ငံတစ်ဝန်း အကျဉ်း ထောင်များအတွင်း နိုင်ငံရေး အကျဉ်းသား ၁၀၈ ဦး ထိန်းသိမ်း ခံထားရဆဲဖြစ်ကာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄၅၉ ဦးတို့မှာ တရားရင်ဆိုင် နေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က စက်တင်ဘာ ၁၂ ရက်က ထုတ်ပြန်သည့် နိုင်ငံရေး အကျဉ်းသားများ အခြေအနေပြ လစဉ် အစီရင်ခံစာအရ သိရသည်။
ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရန် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ (FPPS) ကလည်း ဇူလိုင် လဆန်းပိုင်းက နိုင်ငံတော် သမ္မတထံ အကြံပြုစာ ပေးပို့ တောင်းဆိုထားသည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဟု ထုတ်ပြန် ကြေညာထားသည်။
၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီနှင့် တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် လက်မှတ် မရေးထိုးမီ နိုင်ငံရေးအကျဉ်း သားများ လွှတ်ပေးရန် နိုင်/ကျဉ်းအဖွဲ့အစည်းများ တောင်းဆို















