ရည်းစားဟောင်း မိန်းကလေး၏ ဓာတ်ပုံများကို ညစ်ညမ်းပုံများနှင့် ပေါင်းစပ်၍ Facebook ၌ ဖြန့်ဝေသည်ဟုဆိုသော တက္ကသိုလ်ကျောင်းသားတစ်ဦးအား အမှုဖွင့်

ရည်းစားဟောင်း မိန်းကလေး၏ ဓာတ်ပုံများကို ညစ်ညမ်းပုံများနှင့် ပေါင်းစပ်၍ Facebook ၌ ဖြန့်ဝေသည်ဟုဆိုသော တက္ကသိုလ်ကျောင်းသားတစ်ဦးအား အမှုဖွင့်
Published 26 September 2015
မင်းသိန်းနိုင်

လွန်ခဲ့သည့် ၉ လခန့်က လမ်းခွဲခဲ့သည့် ရည်းစားဟောင်း မိန်းကလေး၏ ဓာတ်ပုံများကို ကွန်ပျူတာတွင် ညစ်ညမ်းပုံများနှင့် ပေါင်းစပ်၍ Facebook ၌ ဖြန့်ဝေသည်ဟုဆိုသော တက္ကသိုလ်ကျောင်းသားတစ်ဦးအား မရမ်းကုန်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ စက်တင်ဘာ ၂၅ ရက်တွင် စုံစမ်းသိရှိရသည်။
 
ကာယကံရှင် မိန်းကလေးဘက်မှ အမှုဖွင့်တိုင်ကြားသည့် ဖြစ်စဉ်မှာ မရမ်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်နေ မ. . . . (၂၂)နှစ် ၂၀၁၃ ခုနှစ်က ဗဟန်းမြို့နယ်၊ ဂွတ္တလစ်၊ ဆရာစံအရှေ့ရပ်ကွက်နေ ဒဂုံတက္ကသိုလ် တတိယနှစ် ကျောင်းသားဖြစ်သည့် ကို. . . . (၂၃)နှစ်ဆို သူနှင့် လူငယ်သဘာ၀ မေတ္တာမျှခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် လမ်းခွဲခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။
 
ယင်းနောက် မကြာမီတွင် ကို. . . . မှ အင်တာနက်လူမှုကွန်ရက်ဖြစ်သည့် Facebook တွင် Zayar Lin အမည်ရှိ အကောင့်ဖြင့် မ. . . . ၏ ဓာတ်ပုံများဖြင့် ကြေးစားမိန်းကလေး အဖြစ်လည်းကောင်း၊ မ. . . . ၏ မျက်နှာ နှင့် အခြားညစ်ညမ်းသောပုံများကို ကွန်ပျူတာဖြင့် ပေါင်းစပ်ကာ လူမှုကွန်ရက်စာမျက်နှာများတွင် ဖြန့်ဝေခြင်း၊ မ. . . . ကိုင်ဆောင်သော ဖုန်းနံပါတ်သို့ Viber မှ တစ်ဆင့် ညစ်ညမ်းစွာဆဲဆိုခြင်း ပြုလုပ်နေသည်ဟုဆိုကာ မ . . . .  က ဘုရင့်နောင်နယ်မြေရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
“ကျူးလွန်တယ်လို့ဆို တဲ့ ကောင်လေးကို ဖမ်းဆီးစစ်ဆေးဖို့အတွက် ဆောင်ရွက်နေပါတယ်။ ဒီအမှုက ထောင်ဒဏ်သုံးနှစ်လောက် ကျခံရနိုင်တဲ့အမှုမျိုးဖြစ်တဲ့အတွက်  အာမခံပေးလို့ရတဲ့အမှု မဟုတ်ပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
 
အဆိုပါ တိုင်တန်းမှုအား ဘုရင့်နောင်နယ်မြေရဲစခန်းက (ပ) ၅၀၇/ ၁၅ ၊၂၀၁၃ခုနှစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                         

Most Read

Most Recent