ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတရားခွင်တွင် နောက်ဆုံး တရားခံပြသက်သေများအဖြစ် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဒုအတွင်းဝန်အပါအဝင် သုံးဦးအားစစ်ဆေး

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတရားခွင်တွင် နောက်ဆုံး တရားခံပြသက်သေများအဖြစ် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဒုအတွင်းဝန်အပါအဝင် သုံးဦးအားစစ်ဆေး
Published 26 September 2015

စက်တင်ဘာ ၂၅ ရက်က ကော့စမွီခရိုင် တရားရုံးတွင် ဆက်လက်ခေါ်ယူခဲ့သည့် လိပ်ကျွန်းလူသတ်မှု တရားခွင်တွင် နောက်ဆုံးတရားခံပြ သက်သေသုံးဦးကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ ထိုနေ့ရုံးချိန်းတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဒုတိယအတွင်းဝန် ဦးထွန်းအေး၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ စကားပြန် ဦးအောင်စိုးနှင့် လမ်းကန်းဟန်တက္ကသိုလ်မှ မြန်မာစာဆရာမ ဒေါ်သူဇာနွယ်တို့က စွပ်စွဲခံထားရသူများဘက်မှ သက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့ကြောင်း မြန်မာသံရုံးရှေ့နေ ဦးအောင်မျိုးသန့်ထံမှ သိရသည်။
 
၎င်းက “ဒီနေ့ တရားခံပြသက်သေ သုံးယောက်စစ်ပါတယ်။ ပထမဆုံး တက္ကသိုလ်က ဆရာမကို စစ်တယ်။ ပြီးတော့ သံရုံးက စကားပြန် ဦးအောင်စိုးကို စစ်တယ်။ နောက်ဆုံးက ဒုအတွင်းဝန် ဦးထွန်းအေးကို စစ်တယ်”ဟု ပြောကြားသည်။
 
ယင်းနေ့ တရားခွင်တွင် တရားခံပြသက်သေအဖြစ် ထွက်ဆိုခဲ့သည့် ထိုင်းနိုင်ငံလမ်း ကန်ဟန်တက္ကသိုလ်မှ ဆရာမဒေါ်သူဇာနွယ်မှ ထိုအမှုတွင် ထိုင်းရဲများ၏ စကားပြန်အဖြစ် အသုံးပြုခဲ့သည့် ကမာဆိုသူမှာ ဘင်္ဂါလီဖြစ်ကြောင်းနှင့် ဘာသာပြန်ဆိုချက်များမှာ လွဲမှားကြောင်း ထောက်ပြထွက်ဆိုခဲ့ကြောင်း သိရသည်။ ထို့ပြင် ဦးအောင်စိုးနှင့် ဒုအတွင်းဝန် ဦးထွန်းအေးတို့မှလည်း ၎င်းတို့အနေဖြင့် သက်သေဖြစ်သည့် မောင်မောင်နှင့်အတူ စွပ်စွဲခံထားရသူများကို တွေ့ဆုံမေးမြန်းခဲ့သည့်ကာလများတွင် ထွက်ဆိုခဲ့သည့် အချက်များကို ပြန်လည်ထွက်ဆို အတည်ပြုခဲ့ကြောင်း သိရသည်။
 
ထိုအမှုတွင် ယခုထွက်ဆိုခဲ့သည့် တရားခံပြ သက်သေများမှာနောက်ဆုံးဖြစ်ပြီး လာမည့်ရုံးချိန်းများတွင် စွပ်စွဲခံထားရသူများကို စစ်ဆေးမည်ဖြစ်ကာ အဆိုပါအမှုကို အောက်တိုဘာ လကုန်ပိုင်းတွင် အပြီးသတ်အမိန့်ချနိုင်ဖွယ်ရှိကြောင်း ရှေ့နေဦးအောင်မျိုးသန့်ထံမှ သိရသည်။ ၎င်းက “လာမယ့်ရုံးချိန်းကိုတော့ အောက်တိုဘာ ၁၀ ရက်၊ ၁၁ ရက်ကို ချိန်းလိုက်ပါတယ်။ အဲဒီရုံးချိန်းမှာတော့ စွပ်စွဲခံထားရတဲ့သူ နှစ်ဦးကို စစ်ပါမယ်။ ပြီးရင်တော့ ပြီးပါပြီ”ဟု ပြောကြားသည်။
 
၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဗြိတိန်ခရီးသွားနှစ်ဦးဖြစ်သည့် ဒေးဗစ်မီလာ နှင့် ဟန်နာဝှစ်သာရစ်တို့မှာ ထိုင်းနိုင်ငံ လိပ်ကျွန်းဟု လူသိများသည့် ခိုထောင်ကျွန်းတွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး ထိုအမှုနှင့်ပတ်သက်ပြီး မြန်မာနှစ်ဦးကို တရားခံဟု စွပ်စွဲဖမ်းဆီး တရားစွဲဆိုထားခြင်းဖြစ်သည်။ သို့သော် ယခုအချိန်ထိ အဆိုပါအမှုမှာ မြန်မာလုပ်သားနှစ်ဦး ကျူးလွန်သည်ဟု အခိုင်အမာ သက်သေပြနိုင်ခြင်းမရှိကြောင်း သိရသည်။

Most Read

Most Recent