အစ္စလာမ်ဘာသာဝင်တို့၏ အိဒ်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က အစ္စလာမ်ဘာသာဝင်များသို့ နှုတ်ခွန်းဆက်စကားပြောကြားဆိုသော ထုတ်ပြန်ချက်အတု အွန်လိုင်း၌ ထွက်ပေါ်

အစ္စလာမ်ဘာသာဝင်တို့၏ အိဒ်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က အစ္စလာမ်ဘာသာဝင်များသို့ နှုတ်ခွန်းဆက်စကားပြောကြားဆိုသော ထုတ်ပြန်ချက်အတု အွန်လိုင်း၌ ထွက်ပေါ်
Published 25 September 2015

ဒေါ်အောင်ဆန်းစုကြည်က အစ္စလာမ် ဘာသာဝင်တို့၏ အိဒ်နေ့တွင် အစ္စလာမ် ဘာသာဝင်များသို့ နှုတ်ခွန်းဆက်စကား ပြောကြားသည်ဆိုသော ထုတ်ပြန်ချက်အတု တစ်ခု ဖေ့ဘွတ်ခ်အကောင့် တစ်ခု၌ ထွက် ပေါ်လာကြောင်း သိရသည်။
 
Zawyu Htoon ဆိုသော ဖေ့ဘွတ်ခ်အကောင့်တစ်ခုမှ Myanmar New အမည်ရှိ ဖေ့ဘွတ်ခ်ဂရု(ပ်) တစ်ခုထဲသို့ ယင်းထုတ်ပြန် ကြေညာချက်အတုကို ပေးပို့ရာမှတစ်ဆင့် ပျံ့နှံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
ယင်းစာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အစ္စလာမ်ဘာသာဝင်များသို့ နှုတ်ခွန်းဆက်စကားဟု ခေါင်းစဉ်တပ်ထားကာ အစ္စလာမ်ဘာသာဝင်များ အထွတ်အမြတ်ထားသည့် ရက်မြတ် အိဒ်နေ့တွင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစေရန် ဆုတောင်းကြောင်း၊ ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီမှ ကိုယ်စားလှယ် ၁၁၅၁ ဦး ဝင်ပြိုင်မည်ဖြစ်ကြောင်း၊ ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင် ဘာသာရေးနှင့်ပတ်သက်ပြီး ထူးထူးခြားခြား တင်ပြမထားသော်လည်း လူ့အခွင့်အရေးအရ အစ္စလာမ်ဘာသာဝင်များအား လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ဗလီတည်ဆောက်ခွင့်၊ လွတ်လပ်စွာရွှေ့ပြောင်းသွားလာခွင့်များ အပါအဝင် နိုင်ငံသားတစ်ဦး၏ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးမည်ဟု ထုတ်ပြန်ချက်အတုတွင် ရေးသားထားသည်။
 
ထို့ပြင် အစ္စလာမ်ဘာသာဝင်များ လိုလားတောင့်တနေသည့် အိုအိုင်စီကိုလည်း မြန်မာနိုင်ငံတွင် ဖွင့်လှစ်နိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မည်ဟု အာမခံကြောင်း၊ အစိုးရဖွဲ့နိုင်လျှင် ယင်းသို့ဆောင်ရွက်နိုင်မည့်အတွက် အစိုးရဖွဲ့နိုင်ရန် ဒီချုပ်ကိုယ်စားလှယ်များကို မဲပေးရန် တိုက်တွန်းကြောင်း ယင်းထုတ်ပြန်ချက်အတုတွင် ဆက်လက်ရေးသားထားသည်။
 
ယင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ထုတ်တဲ့ ထုတ်ပြန်ချက်လုံး၀ မဟုတ်ပါဘူး။ ဒါက ထုတ်ပြန်ချက်အတုပါလို့ပဲ ပြောချင်ပါတယ်။ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမည့်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အားကောင်းနေပါတယ်။ ဒါကို မလိုတဲ့သူတွေက လုပ်တယ်လို့ပဲ မြင်ပါတယ်။ဒါမျိုးတွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပြီးသားပါ” ဟု The Daily Eleven  သို့ ပြောကြားသည်။
 
 

Most Read

Most Recent