ကိုကာကိုလာဂိုဒေါင် မီးလောင်မှု စုစုပေါင်းတန်ဖိုး ၁၁၂၅ သိန်း ဆုံးရှုံးခဲ့ပြီး မီးလောင်မှုအကြောင်းရင်းကို မသိရသေး

ကိုကာကိုလာဂိုဒေါင် မီးလောင်မှု စုစုပေါင်းတန်ဖိုး ၁၁၂၅ သိန်း ဆုံးရှုံးခဲ့ပြီး မီးလောင်မှုအကြောင်းရင်းကို မသိရသေး
Published 25 September 2015
ကြည်နိုင်

ရန်ကုန်စက်မှုဇုန်ဝင်းအတွင်းရှိ ကိုကာကိုလာ အချိုရည်စက်ရုံ၏ ဂိုဒေါင်မီးလောင်မှု မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ စုစုပေါင်းတန်ဖိုး ၁၁၂၅ သိန်း ဆုံးရှုံးခဲ့ပြီး မီးလောင်မှုအကြောင်းအရင်းကို မသိရသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။ 
 
ထို့အပြင် အဆိုပါမီးလောင်မှု အကြောင်းရင်းနှင့်ပတ်သက်၍ ရှာဖွေရာတွင် သက်သေခံအနေဖြင့် ဂိုဒေါင်ဝန်ထမ်းများ နေထိုင်သော အခန်းနေရာမှ ခြင်ဆေးခွေထွန်းရာတွင် အသုံးပြုသော သံပြားကို တွေ့ရှိထားကြောင်း မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ဝင်းရွှေက စက်တင်ဘာ ၂၅ ရက်က ပြောကြားသည်။ 
 
“အကြောင်းရင်းကတော့ တိတိကျကျ မထွက်သေးဘူး။ ဒါပေမဲ့ စတိုတာဝန်ခံတစ်ဦးနဲ့ ဖော့ကလစ် မောင်းတဲ့တစ်ဦးကိုတော့ အရေးယူ အမှုဖွင့်ထားတယ်။ သူတို့နေတဲ့ အခန်းနေရာမှာ ခြင်ဆေးခွေထွန်းရင်သုံးတဲ့ သံပြားကို သက်သေခံအနေနဲ့ သိမ်းဆည်းထားတယ် ” ဟု မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။ 
 
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် မင်္ဂလာဒုံမြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး ခြေထောက်တွင် သကြားရည် ပူလောင်ခံရ၍ ခွဲစိတ်ရမည်ဟု အကြမ်းဖျင်းသိရှိထားပြီး မြောက်ဥက္ကလာပဆေးရုံတွင် ကုသမှုခံယူနေကြောင်း ၎င်းအား ဆေးရုံလိုက်ပါပို့ဆောင်ပေးခဲ့သည့်ကြက်ခြေနီဝန်ထမ်းများက ပြောကြားသည်။ 
 
 အဆိုပါဂိုဒေါင်သည် စက်တင်ဘာ ၂၄ ရက်၊နံနက် ၇ နာရီ မိနစ် ၃၀ ခန့်တွင် စတင်လောင်ကျွမ်းခဲ့ရာ ၆ နာရီခန့်ကြာ ငြှိမ်းသတ်ခဲ့ရပြီး မွန်းလွဲ ၁ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပြီး ဂိုဒေါင်တစ်ခုလုံးနီးပါး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။ 
 
 အဆိုပါ ဂိုဒေါင်အတွင်း၌ သကြားအိတ်များ၊ ပလတ်စတစ်ဘူးများ၊ သတ္တုဘူးများ စသည့် အချိုရည်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများ သိုလှောင်ထားကြောင်းသိရပြီး လောင်ကျွမ်းမှုကို မြို့နယ်ပေါင်းစုံမှ Water Tower  အပါအဝင် မီးသတ်ယာဉ်စုစုပေါင်း ၆၉ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၆၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅၀ ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှု အဆင့် (၃) အဖြစ် သတ်မှတ်ခဲ့သည်။
 
ယင်းဂိုဒေါင် မီးလောင်ကျွမ်းမှုအား ဝိုင်းဝန်းငြှိမ်းသတ်နေသော မင်္ဂလာဒုံမြို့နယ် မီးသတ်တပ်ဖွဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး  ခြေထောက်တွင် သကြားရည်အပူလောင်ဒဏ်ရာ ရရှိခဲ့ပြီး  မြောက်ဥက္ကလာပဆေးရုံတွင် ကုသမှုခံယူခဲ့ကြောင်း သိရသည်။ 
 

Most Read

Most Recent