ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လွိုင်ကော်မြို့ မြို့တော်ခန်းမတွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လွိုင်ကော်မြို့ မြို့တော်ခန်းမတွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံ
Published 23 September 2015
မခိုင် (လွိုင်ကော်)

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင် ဘာ ၂၃ ရက် နံနက် ၈ နာရီခွဲတွင် လွိုင်ကော်မြို့ မြို့တော်ခန်းမတွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံ၍  ပြည်နယ် အစိုးရအား ငွေနှင့် ပညာရေးအတွက် အထောက်အကူ ပြုနိုင်ရန် ဆက်စပ်ပစ္စည်းများ လှူဒါန်းပြီးနောက် မော်ချီး သတ္တုတွင်း ဒေသသို့ နံနက် ၉ နာရီ ၄၂ မိနစ်တွင် တပ်မတော် စစ်ရဟတ်ယာဉ်ဖြင့် ထွက်ခွာသွားသည်ဟု သတင်းရရှိသည်။
ထိုသို့ မော်ချီး သတ္တုတွင်းဒေသသို့ နံနက် ၁၀ နာရီခန့် သွားရောက်ရာတွင် တစ်ရပ်ကွက်လျှင် လူ ၄၀ မဖြစ်မနေ တက်ရောက်ရန် အုပ်ချုပ်ရေး တာဝန်ရှိသူများက ပြောကြားကြောင်း၊ တောင်ပေါ် ရပ်ကွက်မှ ကျောင်းသား၊ ကျောင်းသူကလေးများ အား ကြိုဆိုရန်အတွက် ကျောင်းချိန်အား ခေတ္တ ရပ်နား၍ ကြိုဆိုကြရကြောင်း၊ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ ခန့်တွင် ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။
“သူတို့ ရဟတ်ယာဉ်တွေကို လိုခါးလို ရပ်ကွက်မှာ ဆင်းတယ်။ လမ်းကြောင်း ရှင်းလာတဲ့ တပ်မတော်သား နှစ်ယောက်က တောင်ပေါ် ဘောလုံးကွင်းထဲက ဆိုင်ကယ်လေးစီးကို ရွှေ့မရတော့ ဇက်တွေ ချိုးပစ်လိုက်သေး တယ်။ ပြန်တော့ ပြင်ရမှာပေါ့ ။ တွေ့ဆုံပွဲက တောင်ပေါ် သတ္တုတွင်း ကုမ္ပဏီ ရုံးခန်းမှာ လုပ်တယ်။ လူတွေ သိပ်မလာကြပါဘူး။ ကျောင်းက ကလေးတွေ ကြိုဖို့စာသင်တာ ခဏနားတာပေါ့လေ။ ဝန်ထမ်းတွေ သက်သက်ပဲ တက်တာများတယ်။ မော်ချီး လူမှုရေး အသင်းအဖွဲ့ကို ကားတစ်စီး လှူခဲ့တယ်။ ဘာကားလဲတော့
ကျွန်တော် သိပ်နားမလည်ဘူး။ နောက်တော့ မော်ချီးကို နှစ်လအတွင်း ဖုန်းလိုင်းရအောင်လည်း လုပ်ပေးမယ်လို့ ပြောသွားပါတယ်။ဘာလို့ လာတာလဲ ဆိုတာတော့ ကျွန်တော်တို့ နားမလည်ပါဘူး။ သူပြောတဲ့ စကားထဲမှာတော့ ဖွံ့ဖြိုးရေးကို ခဏခဏေ ပြာတာ ကြားရတယ်”ဟု မော်ချီးဒေသ ဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့ဝင် စောအယ်ကလူက ပြော ကြားသည် ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် လွိုင်ကော် လေဆိပ်သို့ တပ်မတော် စစ်ရဟတ်ယာဉ် နှစ်စင်းဖြင့် ရောက်ရှိလာပြီး စက်တင်ဘာ ၂၃ ရက် နံနက် ၈ နာရီခန့်တွင် ရွှေတောင် ဘုန်းတော်ကြီး ကျောင်းသို့သွားရောက်၍ ကျောင်းအုပ် ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပြီးနောက် မြို့တော်ခန်းမတွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံပြီးနောက် ကြည်း၊ ရေ၊ လေ တပ်မတော်သားများက အလှူငွေသိန်း ၃၀၀ နှင့် ကွန်ပျူတာများ၊ ဗလာစာအုပ်များ လှူဒါန်းပြီးနောက် မော်ချီး သတ္တုတွင်း ဒေသသို့ သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ လွိုင်ကော် မြို့တော်ခန်းမတွင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ”ကယားပြည်နယ်ဟာ တည်ငြိမ် အေးချမ်းမှုတွေ မရှိတဲ့အတွက်ကြောင့် ဖွံ့ဖြိုး တိုးတက်မှုတွေ နောက်ကျပြီးကျန်ခဲ့တာ ဒီအပေါ်မှာ အင်မတန်ကို စာလည်း စာနာပါတယ်။ ဒါကြောင့် တည်ငြိမ်အေး ချမ်းဖို့အတွက် အစွမ်းကုန် ကျွန်တော်တို့ ကြိုးစားပြီးမှ ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်  စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် ကယားပြည်နယ်မှာ ဆောင်ရွက်စဉ်က စစ်ရေးကို အထူးဦးစားပေး လုပ်ဆောင်ခဲ့ပြီး တစ်ဖက်ကလည်း ဒေသ ဖွံ့ဖြိုးရေးအတွက်ကို လုပ်တာပေါ့လေ။ ဒီဘက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်တဲ့အခါကျတော့ ငြိမ်းချမ်းရေးကို ရအောင် ကြိုးစားပြီးတော့ ဒေသဖွံ့ဖြိုးရေးကို တစ်ဖက်ကလည်း ဆောင်ရွက်တာ။ အဲဒီတော့ ဘာပြောပြော ကျွန်တော်တို့ မကြာခင်မှာလည်း တစ်နိုင်ငံလုံ းအပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ကို ရေးထိုးနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ဒီ လကုန်လောက်မှာ နိုင်ငံတော်ကို သတင်းကောင်း တစ်ခုပေးနိုင်မယ်လို့ ကျွန်တော် အပြည့်အ၀ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ပြင်းပြတဲ့ ဆန္ဒကတော့ တိုင်းပြည်က တည်ငြိမ် အေးချမ်းပြီးတော့မှ တိုင်းပြည်မှာ ရှိကြတဲ့ တိုင်းရင်းသား ပြည်သူအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တိုင်းပြည် တိုးတက်အောင် လုပ်ကြမယ် ဆိုတဲ့စိတ်ပါပဲ။ ဒီစိတ်ဟာ ကျွန်တော့်အတွက် အပြင်းပြဆုံးသော ဆန္ဒ ဖြစ်တယ် ဆိုတာလည်း ကျွန်တော် ပြောပါရစေ”ဟု ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည် ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကယားပြည်နယ်သို့ စစ်ဆင်ရေး အထူးအဖွဲ့မှူး တာဝန်ဖြင့် လေးကြိမ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ဖြင့် ယခုအကြိမ် အပါအဝင် လေးကြိမ် စုစုပေါင်း ရှစ်ကြိမ် လာရောက် ခဲ့ဖူးကြောင်း သိရသည်။

Most Read

Most Recent