ရန်ကုန်မြို့သစ် စီမံကိန်းအတွက် သမ္မတ ဦးသိန်းစိန်နှင့် နီးစပ်သည့် ရွှေသံလွင် ကုမ္ပဏီ၏ ကုမ္ပဏီခွဲ ဖြစ်သော ရွှေပုပ္ပား အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီ အပါအဝင် ကုမ္ပဏီသုံးခု တင်ဒါတင်သွင်း

ရန်ကုန်မြို့သစ် စီမံကိန်းအတွက် သမ္မတ ဦးသိန်းစိန်နှင့် နီးစပ်သည့် ရွှေသံလွင် ကုမ္ပဏီ၏ ကုမ္ပဏီခွဲ ဖြစ်သော ရွှေပုပ္ပား အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီ အပါအဝင် ကုမ္ပဏီသုံးခု တင်ဒါတင်သွင်း
Published 22 September 2015
ကျော်ထင်

ရန်ကုန်မြို့သစ် စီမံကိန်းအတွက် သမ္မတ ဦးသိန်းစိန်နှင့် နီးစပ်သည့် ရွှေသံလွင် ကုမ္ပဏီ၏ ကုမ္ပဏီခွဲ ဖြစ်သော ရွှေပုပ္ပား အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီ အပါအဝင် ကုမ္ပဏီ သုံးခု တင်ဒါ တင်သွင်းခဲ့ကြောင်း စက်တင်ဘာ ၂၂ ရက်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရုံးတွင်ပြုလုပ်သည့် ရန်ကုန်မြို့သစ်စီမံကိန်း တင်ဒါပဏာမ ဖွင့်ဖောက်စိစစ်သည့် အခမ်းအနားမှ သိရသည်။
ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ရင်းနှီး မြှုပ်နှံလိုသူ နိုင်ငံသားများကို ဇူလိုင် ၁၂ ရက်မှ စတင်၍ တင်ဒါ ခေါ်ယူခဲ့ရာ တင်ဒါလျှောက်လွှာ ဝယ်ယူခဲ့သူ ၅၀ ကျော် အနက် ယခု ကုမ္ပဏီ သုံးခု တင်ဒါ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
တင်ဒါ တင်သွင်းသည့် ကုမ္ပဏီ သုံးခုမှာ ရန်ကုန် အနောက်တောင် ဒေသ ဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သောကုမ္ပဏီ၊ Business Capital City Development Ltd နှင့် ရွှေသံလွင်ကုမ္ပဏီ ၏  ကုမ္ပဏီခွဲဖြစ်သည့်  ရွှေပုပ္ပား အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် တို့ဖြစ်ပြီး ပဏာမ တင်ဒါ ဖွင့်ဖောက် စိစစ်မှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သစ်တောနှင့် စွမ်းအင်ဝန်ကြီးက ကြီးကြပ်ခဲ့ခြင်း ဖြစ်သည်။
ရင်းနှီး မြှုပ်နှံမှု အနေဖြင့် ရန်ကုန် အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ၊  Business Capital City Development Ltd မှ ပြည်တွင်း ပြည်ပဘဏ် များမှ ချေးငွေ ရယူခြင်းနှင့် ရှယ်ယာ ခေါ်ယူ ခြင်း၊ ဒါရိုက်တာများ ပိုင်ဆိုင်သည့် ရင်းနှီး မြုှပ်နှံမှုများဖြင့် လုပ်ဆောင်မည်ဟု တင်ပြခဲ့သည်။
ရွှေသံလွင် ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပား အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ ရင်းနှီးမြှုပ်နှံမည့် ပမာဏ အနေဖြင့် ကျပ်ငွေ ဘီလျံ ၅၀၀ နှင့် ပြည်တွင်း ပြည်ပဘဏ်များမှ ချေးငွေ ရယူမည် ဖြစ်ကြောင်း တင်ပြခဲ့သည်။
သို့ဖြစ်ရာ  ရန်ကုန်မြို့သစ် စီမံကိန်းကို တင်ဒါရရှိပါက ယင်းနေရာတွင်  မြစ်ကူးတံတား ငါးစင်း၊ တန်ဖိုးနည်း၊ တန်ဖိုးသင့် အငှားအိမ်ရာ စီမံကိန်းများ၊ ဘိုးဘွားရိပ်သာ၊ အဝေးပြေး ယာဉ်ရပ်နားစခန်း၊  စာကြည့်တိုက်၊  ပြတိုက်များ၊  ရန်ကုန် အနောက်တောင်ဒေသ လေယာဉ်ကွင်း အပြင် သာသနာ့ တက္ကသိုလ်များ၊ ဗုဒ္ဓ ပြတိုက်များကိုလည်း ထည့်သွင်းသွားမည်ဖြစ်ပြီး ဒေသခံ လေးသိန်းခန့် အလုပ် ရရှိနိုင်ရန်လည်း စီစဉ်ထားကြောင်း ဒေသခံများ ပါဝင် စုဖွဲ့ထားသည်ဟု ဆိုသည့် ရန်ကုန် အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး   အများနှင့် သက်ဆိုင်သော ကုမ္ပဏီက တင်ပြခဲ့ပြီး အခြားကုမ္ပဏီ နှစ်ခုကလည်း  ၎င်းတို့၏ အစီအစဉ်များကို တင်ပြခဲ့သည်။
ယင်းအခမ်းအနားကို ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက လာရောက် စောင့်ကြည့် လေ့လာခဲ့ပြီး  ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မာနှင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှ ဒေသခံအချို့လည်း တက်ရောက်ခဲ့ကြသည်။
“ဒီနေ့ သူတို့ တင်ပြခဲ့တဲ့ ရင်းနှီး မြှုပ်နှံမှု ဆိုတဲ့အထဲမှာ ကုမ္ပဏီ တစ်ခုက ဒါရိုက်တာတွေ ပိုင်ဆိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပါမယ်လို့ ပြောသွားတယ်။ အဲဒီ ဒါရိုက်တာအဖွဲ့တွေက ဘယ်သူတွေ ပါသလဲ၊  ဘယ်လို ဖွဲ့ထားတာလဲ မပါဘူး။ အရမ်းကို ယေဘုယျဆန်တယ်။ အသေးစိတ် မပါဘူး။ ဒီထက် ပွင့်လင်းမြင်သာမှု ရှိဖို့လိုပါသေးတယ်။ ပြီးတော့ အစိုးရအနေနဲ့ ရန်ကုန်မြို့သစ် စီမံကိန်း  ဖော်ဆောင်ရေး ပညာရှင် အဖွဲ့ဆိုပြီး  သတ်သတ် ဖွဲ့ပေးရတော့မယ်။  နိုင်ငံတကာ ပညာရှင်တွေလည်း ပါရမယ်။ အစိုးရက ဒီနေ့ ဒီလို တင်ဒါဖွင့်ဖောက် စိစစ်တာလေးကို ချပြပြီးတော့ နောက်ပိုင်း ကိုယ်လုပ်ချင်ရာ လုပ်လို့မရဘူး။ ဒီနေ့ ပြည်သူ တွေကို အသိပေးနိုင်တာ နည်းနည်းပဲ ရှိသေးတယ်။ ဒီ ရင်းနှီးမြှုပ်နှံမယ့် ငွေကြေးတွေက ငွေဖြူ ဖြစ်ရဲ့လား၊  အဲဒီနေရာမှာ  ကုမ္ပဏီတွေက မြေပိုင်မှုတွေ ဘယ်လောက် ရှိနေသလဲဆိုတာပါ  ပြည်သူကို  ပေးသိရမယ်” ဟု  ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက သုံးသပ်ခဲ့သည်။
ယခု တင်သွင်းခဲ့သည့် တင်ဒါများနှင့် ပတ်သက်၍ တင်ဒါ စိစစ်ရေးအဖွဲ့က အသေးစိပ်  ဆက်လက် စိစစ်သွားမည် ဖြစ်ကြောင်း၊ ငွေဖြူ၊ ငွေမည်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနများက နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောကြားသည်။
“ဒီနေ့ သူတို့တင်ပြတာတွေကိုတော့ အားရတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကို ထပ်ပြီးတော့ တိုင်ပင် ဆွေးနွေးရဦးမယ်။ ဒေသခံတွေရဲ့ အလုပ်အကိုင်အတွက် ဒေသရဲ့လိုအပ်ချက်၊ လူနေမှုနဲ့ လိုက်လျော ညီထွေ ဖြစ်တာတွေ တောင်းဆိုမှာပါ” ဟု ယင်း အခမ်းအနားသို့ တက်ရောက်လာသည့် ကြည့်မြင်တိုင် တစ်ဖက်ကမ်း ဝါးရုံဆိပ် ကျေးရွာမှ ဒေသခံ ဦးတင်စိန်က ပြောကြားသည်။
ရန်ကုန်မြို့သစ် စီမံကိန်းကို လက်ရှိ ရန်ကုန်မြို့၏ အနောက်ဘက်၊  ပန်းလှိုင်မြစ်နှင့် တွံတေး တူးမြောင်းအကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး ကားလမ်းအကြား မြေနေရာများကို လျာထားပြီး ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ တွံတေးမြို့နယ်ရှိ မြေနေရာများ ပါဝင်ကာ  ယင်းစီမံကိန်းနှင့် ပတ်သက်၍ ဝေဖန်မှု များစွာရှိနေသည်။
Business Capital City Development Ltd ကုမ္ပဏီမှာ ယခုနောက်ပိုင်းကျမှ တည်ထောင် ထားသည့် ကုမ္ပဏီသစ် တစ်ခု ဖြစ်ဖွယ်ရှိပြီး ဒေါက်တာကိုကိုကြီး၏ Capital Diamond Star Group နှင့် ပတ်သက်ဆက်စပ်မှု ရှိမရှိ မသိရှိရသေးပေ။

Most Read

Most Recent