ရှစ်လေးလုံး ဒီမိုကရေစီရေး လှုပ်ရှားမှု ကာလက အာဏာသိမ်း အစိုးရ၏ ပစ်ခတ်မှု ခံရ၍ သေဆုံးခဲ့ရသည့် မဝင်းမော်ဦး ကွယ်လွန်ခြင်း (၂၇) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား မိသားစုဝင်များ ပြုလုပ်

ရှစ်လေးလုံး ဒီမိုကရေစီရေး လှုပ်ရှားမှု ကာလက အာဏာသိမ်း အစိုးရ၏ ပစ်ခတ်မှု ခံရ၍ သေဆုံးခဲ့ရသည့် မဝင်းမော်ဦး ကွယ်လွန်ခြင်း (၂၇) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား မိသားစုဝင်များ ပြုလုပ်
Published 20 September 2015
အောင်ဇော်ထွန်း

မြန်မာနိုင်ငံ၌ ၁၉၈၈ ခုနှစ်က ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူများအားလုံး ပါဝင်သည့် တစ်ပါတီ အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြပြီး စစ်မှန်သည့် ဒီမိုကရေစီ ရရှိရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး စစ်အာဏာသိမ်း အစိုးရ၏ ပစ်ခတ်မှု နှိမ်နင်းမှုကြောင့် သေဆုံးခဲ့ရသည့် မဝင်းမော်ဦး ကွယ်လွန်ခြင်း ၂၇နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို စက်တင်ဘာ ၁၉ရက်က ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၂၀ ရပ်ကွက်၊ အပိုင်း (၃) ဗိုလ်တေဇလမ်းရှိ မဝင်းမော်ဦး၏ မိဘများ နေအိမ်တွင် ပြုလုပ်ခဲ့သည်။မဝင်းမော်ဦး ကွယ်လွန်ခြင်း ၂၇ နှစ် ပြည့် အခမ်းအနားတွင် သံဃာတော်များအား ဆွမ်းကပ်ခြင်း ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း အပါအဝင် နိုင်ငံရေး ပါတီအချို့၊ နိုင်ငံရေး အင်အားစုများမှ ပုဂ္ဂိုလ်များ လာရောက်ခဲ့ကြောင်း သိရသည်။မဝင်းမော်ဦး၏ မိခင်ဖြစ်သူ ဒေါ်ခင်ဌေးဝင်းက “ ဒီအမှတ်တရကို နှစ်တိုင်း နှစ်တိုင်း မိသားစုက ရှိရှိ၊ မရှိရှိ အမြဲတမ်း လုပ်ဖြစ်ပါတယ်။ မနက်ပိုင်းကို ဘုန်းကြီး ဆွမ်းကပ်တယ်။ သမီးလိုချင်တဲ့ ဒီမိုကရေစီ ပန်းတိုင်ကို မရောက်သေးတဲ့အတွက် ဒီမနက် အမျှတောင် မဝေလိုက်ပါဘူး ” ဟု ပြောကြားသည်။၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် တပ်မတော်မှ နိုင်ငံတော် အာဏာသိမ်းယူခဲ့ကြောင်း၊ စက်တင်ဘာ ၁၉ ရက် ဒီမိုကရေစီ တောင်းဆိုသည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် မဝင်းမော်ဦးသည် ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့်တွင် ပစ်ခတ် ခံခဲ့ရကြောင်း၊ မဝင်းမော်ဦးသည် ပစ်ခတ် ခံခဲ့ရသည့် ဒဏ်ရာများကို ဆေးကုသမှု ခံယူနေရင်း စက်တင်ဘာ ၁၉ ရက် ညနေ ၅ နာရီခွဲ ဝန်းကျင်တွင် ကွယ်လွန်ခဲ့ကြောင်း၊ မဝင်းမော်ဦးက  ဒီမိုကရေစီ မရမချင်း အမျှမဝေရန် ဖခင်ဖြစ်သူထံသို့ ၎င်းမကွယ်လွန်မီ တောင်းဆိုခဲ့ကြောင်း၊ အဋ္ဌမတန်း ကျောင်းသူ မဝင်းမော်ဦးသည် ကွယ်လွန်ချိန်တွင် အသက် ၁၆ နှစ် အရွယ်ရှိပြီဖြစ်ကြောင်း မဝင်းမော်ဦး၏ မိသားစုဝင်များက ပြောပြသည်။မဝင်းမော်ဦး၏  ဖခင် ဦးဝင်းကြူက“ သမီးအတွက် ကုသိုလ်ကောင်းမှု ပြုတိုင်းပြုတိုင်း သူ့အတွက် သူ့နာမည်ထည့်ပြီး အခုအချိန်ထိတော့ အမျှမဝေနိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကိုယ်၌ကိုယ်ကလည်း အဖေ့ဆီက ကတိတောင်းခဲ့တယ်။ အဖေတဲ့ အဖေဆီက ကတိတစ်ခု တောင်းချင်တယ်တဲ့။ အဖေတဲ့ သမီးတစ်ခုခု ဖြစ်ခဲ့လို့ရှိရင် သမီးနာမည်ကို ခေါ်ပြီးတော့ အဖေအမျှမဝေပါဘူး ဆိုတဲ့ ကတိပေး မလားတဲ့။ သူက အဲဒီလို တောင်းတယ်။ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေအတွက် သူတောင်မှ သူ့အသက်ကို စတေးခံ ရဲသေးတာ သူတောင်းတဲ့ ကတိကို ဦးလေးက ဘာလို့ မပေးရဲရမှာလဲ။ အဲဒီကတိ ရသွားတဲ့နေ့မှာပဲ ကျဆုံးသွားခဲ့ပါတယ်။ သမီးကျဆုံးသွားတဲ့ အနေအထားကလည်း ခိုးဆိုးတိုက်ခိုက်လို့ မကောင်းမှု ဒုစရိုက်တွေနဲ့ ကျဆုံးတာ မဟုတ်ဘဲ တိုင်းပြည်နဲ့ လူမျိုးပြည်သူ လူထုရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုမှာ ကလေးတစ်ယောက်အနေနဲ့ အကြောက်အရွံ့ မရှိလုပ်ခဲ့တဲ့ သမီးတစ်ယောက်အတွက် အမြဲတမ်း ဂုဏ်လည်းယူပါတယ်။ ဝမ်းလည်း နည်းပါတယ် ” ဟု ပြောကြားသည်။ဆက်လက်၍ ဦးဝင်းကြူက “ အခု အခြေအနေ အတိုင်းအတာအထိ အခုလာမယ့် ရွေးကောက်ပွဲပြီးလို့ နောက်တက်မယ့် အစိုးရက ဒီပုံစံအတိုင်း ဒီမူအတိုင်း သွားနေမယ် ဆိုလို့ရှိရင် ဒီကလေးတွေ တောင့်တတဲ့ ဒီမိုကရေစီ နိုင်ငံဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီတော့ အခြေအနေ အချိန်အခါကို ကြည့်ပြီးတော့မှ ကျွန်တော်လည်း ကျွန်တော့်ဆုံးဖြတ်ချက်နဲ့ သမီးအတွက် အမျှမဝေသေးပါဘူး။ ပြည်သူလူထုက ရပြီဟေ့ဆိုတဲ့ အခါကျတော့မှ သူ့ကိုပေးခဲ့တဲ့ ကတိအတိုင်း ဆက်လက်ပြီး အမျှေ၀ သွားမှာပါ ” ဟု ပြောကြားသည်။