တမလန်းသစ်သည် ကာကွယ်ထားသော သစ်မျိုးဖြစ်သဖြင့် ဝန်ကြီးဌာနကသာလျှင် တရားဝင် ထုတ်လုပ်ခွင့်ရှိသော်လည်း ကြီးမားသော တရားမဝင်ဈေးကွက်အရ မြန်မာနှင့် တရုတ်အကြား ကုန်သွယ်မှုအပြုဆုံး သစ်တစ်မျိုးဖြစ်လာဟု ဆို

တမလန်းသစ်သည် ကာကွယ်ထားသော သစ်မျိုးဖြစ်သဖြင့် ဝန်ကြီးဌာနကသာလျှင် တရားဝင် ထုတ်လုပ်ခွင့်ရှိသော်လည်း ကြီးမားသော တရားမဝင်ဈေးကွက်အရ မြန်မာနှင့် တရုတ်အကြား ကုန်သွယ်မှုအပြုဆုံး သစ်တစ်မျိုးဖြစ်လာဟု ဆို
Published 20 September 2015
နီလာ

တမလန်းသစ်သည် ကာကွယ်ထားသော သစ်မျိုးဖြစ်သောကြောင့် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနကသာလျှင် တရားဝင်ထုတ်လုပ်ခွင့် ရှိသော်လည်း ကြီးမားသော တရားမဝင်ဈေးကွက်အရ ၎င်းသစ်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှုအပြုဆုံး သစ်တစ်မျိုးဖြစ်လာခဲ့ကြောင်း ဗြိတိန်အခြေစိုက် Environmental Investigation Agency (EIA)  က ထုတ်ပြန်သည့် “မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား တရားမဝင်ကုန်လမ်းကြောင်းသစ် ကုန်သွယ်မှု”အစီရင်ခံစာအရ သိရသည်။ရရှိသော အချက်အလက်များအရ မြန်မာနိုင်ငံမှ သစ်အလုံးလိုက်တင်ပို့မှု ပိတ်ပင်ခြင်း အတည်ဖြစ်သည့် တစ်လအတွင်းမှာပင် အမေရိကန်ဒေါ်လာ ၅၂ သန်းတန်ဖိုးရှိသော တမလန်းသစ်လုံးများကို နယ်စပ်ဖြတ်ကျော် တင်ပို့ခဲ့ကြကြောင်း သိရသည်။အဆိုပါ EIA ၏ သုတေသနပြုလုပ်ချက်အရ လက်ရှိ အခြေအနေများအရ အဓိက ပစ်မှတ်ထားနေကြသော မြန်မာသစ်နှစ်မျိုးဖြစ်သည့် တမလန်းနှင့် ပိတောက်တို့သည် သစ်ခုတ်မှုကြောင့် သုံးနှစ်အတွင်းမှာပင် စီးပွားဖြစ် မလုပ်နိုင်တော့သည့် အခြေအနေအထိ မျိုးသုဉ်းသွားနိုင်ကြောင်း ဖော်ပြထားသည်။EIA သည် ၂၀၁၂ ခုနှစ်မှစပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ နူကျန်၊ ဘောင်ရှန်နှင့် ဒီဟောင်မြို့နယ်စီရင်စုနယ်များ၊ ကူမင်းနှင့် ကွမ်ကျိုးရှိ သစ်ထုတ်လုပ်မှု ဗဟိုချက်နေရာ များတွင် ဖြစ်ပွားနေသော မြန်မာနှင့် တရုတ်အကြား တရားမဝင်နယ်စပ် သစ်ကုန်သွယ်မှုများကို စုံစမ်းစစ်ဆေးမှု အများအပြားပြုလုပ်ခဲ့သည်။EIA ၏ တွေ့ရှိချက်များအရ ၂၀၀၅ တွင် တစ်နှစ်လျှင် တရားမဝင် သစ်ကုန်သွယ်မှု ကုဗမီတာ တစ်သန်းခန့်ရောက်ရှိသည်အထိ ဖြစ်လာခဲ့ကြောင်း သိရသည်။ ၂၀၀၆ ခုနှစ် နှိမ်နင်းမှုများ၏ ကျန်ရှိသော အရိပ်အယောင်မှာ တရုတ်နိုင်ငံဘက်မှ သစ်တင်သွင်းရေး အတွက် တရားဝင် စာရွက်စာတမ်းလိုအပ်ခြင်းမျှသာ ကျန်ရှိတော့ကြောင်း၊ အဆိုပါ စာရွက်စာတမ်းတွင် တင်သွင်းလာသော သစ်များသည် မြန်မာနိုင်ငံဘက်မှ တရားဝင်ကြောင်း အသိအမှတ်ပြုသည့်  စာရွက်စာတမ်းများ ပါဝင်ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ လက်ရှိသစ်တောဥပဒေများအရ ၂၀၁၄ ခုနှစ် ဧပြီလ သစ်အလုံးလိုက် တင်ပို့ခြင်း ပိတ်ပင်မှုရှိခြင်းနှင့် မြန်မာ့သစ်လုပ်ငန်း လက်အောက်မှ ထွက်သော သစ်များနှင့် ရန်ကုန်ကုန်သွယ်ပေါက်မှ တင်ပို့သော သစ်များသာလျှင် တရားဝင်သည်ဆိုခြင်းကြောင့် အဆိုပါ တရုတ်နိုင်ငံဘက်ခြမ်းမှ တရားဝင်သည်ဆိုသည့် မြန်မာနိုင်ငံဘက်မှ စာရွက်စာတမ်းများသည် အစစ်မဖြစ်နိုင်ပေဟု EIA က ဆိုသည်။ကချင်နှင့် ယူနန်နယ်စပ်တစ်လျှောက် EIA က ဆက်လက်တွေ့ရှိရသည်များမှာ အမျိုးမျိုးကွဲပြားနေသာ နယ်စပ်ဖြတ်သည့်နေရာများသည် ဒေသတွင်း မတည်ငြိမ်မှုနှင့် သစ်ခုတ်သောနေရာနှင့် မနီးမဝေးကို အခြေခံ၍ အမျိုးမျိုးလမ်းကြောင်းပြောင်းနေသည်ကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။၂၀၁၁ ခုနှစ် ဇွန်လတွင် မြန်မာစစ်တပ် နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားရာ ခိုးထုတ်ရေးလမ်းကြောင်းများနှင့် နယ်စပ်ဖြတ်သောနေရာများကို သက်ရောက်မှုရှိခဲ့သော်လည်း ကုန်သွယ်မှုကြီးတစ်ခုလုံး၏ အတိုင်းအတာကို ထိခိုက်မှုမရှိခဲ့ကြောင်း ဖော်ပြထားသည်။EIA ၏ လျှို့ဝှက်တွေ့ဆုံမှုများအတွင်း တရုတ်ကုန်သည်များက နယ်စပ်နေရာများတွင် အလွန်အကျွံ သစ်ခုတ်ခြင်းကြောင့် တောပြုန်းလာသည့်အတွက် သစ်ခုတ်မှုများသည် ကချင်ပြည်နယ်အတွင်းသို့ အတွင်းကျကျ ရောက်ရှိလာခဲ့ကြောင်း ထုတ်ဖော်ခဲ့ကြသည်ဟုဆိုသည်။ အလားတူပင် နယ်စပ်ရှိ တရားမဝင် ကုန်သွယ်နေသောသစ်များသည် ကချင်ပြည်နယ် ပြင်ပစစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှ တမလန်းနှင့် ကျွန်းသစ် များသထက်များလာသည်ကိုလည်း ဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။နယ်စပ်တစ်လျှောက် တရားမဝင် တမလန်းသစ်ခိုးထုတ်မှု ကြီးမားစွာမြင့်တက်မှုများ ၂၀၁၃ ခုနှစ်တွင် ပေါ်ပေါက်ခဲ့ပြီး တမလန်း သစ်၂၂၀၀၀၀ ကုဗမီတာ၏ ပေါက်ဈေးသည် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရောက်သည် အထိ ဖြစ်သွားခဲ့ကြောင်း EIA ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။              

Most Read

Most Recent