ဗုံးလုပ်ရာတွင် အသုံးပြုသော ခဲသီး တွေ့ရှိသည်ဟုဆိုကာ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရစဉ် သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားအတွက် အမှုမှန်ပေါ်ပေါက်ရေး မဟာမိတ်အဖွဲ့နှင့် သံရုံး ပူးပေါင်းကြိုးပမ်းမည်

ဗုံးလုပ်ရာတွင် အသုံးပြုသော ခဲသီး တွေ့ရှိသည်ဟုဆိုကာ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရစဉ် သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားအတွက် အမှုမှန်ပေါ်ပေါက်ရေး မဟာမိတ်အဖွဲ့နှင့် သံရုံး ပူးပေါင်းကြိုးပမ်းမည်
Published 20 September 2015
ဉာဏ်ဝင်းရှိန်

ထိုင်းနိုင်ငံ မဟာချိုင်နယ်မြေ၌ ဗုံးပြု လုပ်ရာတွင် အသုံးပြုသည့် ခဲသီးတွေ့ရှိသည်ဟုဆိုကာ ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခံထားရစဉ် အချုပ်ထောင်အတွင်း၌ သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား ဦးခင်မောင်၏ အမှုမှန်ပေါ်ပေါက်ရေးနှင့် နစ်နာကြေးရရှိနိုင်ရန်အတွက် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်ကော်မတီမှ သံရုံးနှင့် ပူးပေါင်းကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော သမီးရှိရာသို့  ဆေးကုသရန် ရောက်ရှိနေသည့် အသက် ၆၁နှစ်ရှိ ဦးခင်မောင်အား စက်တင်ဘာ၄ ရက်က ထချလုံရပ်ကွက်ရှိ ၎င်းနေအိမ်တွင် ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ငါးဖမ်းပိုက်တွင်အသုံးပြုသည့် ခဲသီးတွေ့ ရှိခဲ့သဖြင့် ဗုံးပြုလုပ်ရာတွင် အသုံးပြုသည့် ခဲသီးဟုစွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၆ ရက် ရုံးထုတ်စစ်ဆေးအပြီးတွင် အချုပ်ထောင်အတွင်း၌ သေဆုံးသွားခြင်း ဖြစ်သည်။မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်ကော်မတီမှ ကိုရဲမင်းက “အခု လောလောဆယ်တော့ ရဲစစ်ချက်မှာလည်း ဘာမှ တိတိကျကျရေးထားတာ မရှိဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘက်က မသင်္ကာဖြစ်တာကတော့ အလောင်းမှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ တွေ့တယ်။ အညိုအမည်းတွေ စွဲနေတယ်။ နောက်ပြီးတွေ့တာကလည်း ဗုံးမဟုတ်ဘူး။ ငါးဖမ်းပိုက်တွေမှာ အသုံးပြုတဲ့  ကလေးတွေ ဆော့ကစားနေတဲ့ ခဲသီးပဲဖြစ်တယ်။ စပြီး ဖမ်းကတည်းက ပိုက်ဆံ ဘတ်သုံးသောင်း တောင်းတယ်။ ပေးရင်လွှတ်ပေးမယ်ဆိုပြီး ပြောတယ်။ မပေးနိုင်တော့ လက်ပစ်ဗုံးလုပ်တယ်ဆိုပြီး အမှုဆင် ဖမ်းသွားတာဖြစ်တယ်”ဟု  စက်တင်ဘာ ၁၉ ရက်က ပြောကြားသည်။ထိုသို့ အမှုဆင်ဖမ်းဆီးခံထားရစဉ်အတွင်း သေဆုံးခဲ့သည့်အတွက် နစ်နာကြေးရရှိရန်နှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ကိုရဲမင်းက ဆက်လက်ပြောကြားသည်။၎င်းက “နစ်နာကြေးတောင်းဖို့ အတွက် ကျွန်တော်တို့ စီစဉ်နေပါတယ်” ဟု ပြောကြားသည်။ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယအတွင်းဝန် ဦးထွန်းအေးက “ဒီကိစ္စကို အလုပ်သမားကူညီစောင့်ရှောက်တဲ့အဖွဲ့တွေက ကူညီဆောင်ရွက်နေဆဲပါ။ ကျွန်တော်တို့ဆီကိုတော့ စာရွက်စာတမ်းတွေ ရောက်မလာသေးလို့ပါ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ လိုအပ်တဲ့ ကူညီထောက်ခံမှုတွေ ပေးမှာပါ။ ကျွန်တော်တို့ သံရုံးကတော့ တရားဥပဒေဘောင်အတွင်းက လုပ်လို့ရတာမှန်သမျှ အကုန်လုပ်မှာပါ” ဟု ပြောကြားသည်။ဦးခင်မောင်၏ ရုပ်ကလာပ်အား မဟာချိုင်ဝပ်ဟုတ်ဘုန်းကြီးကျောင်းတွင် ထားရှိပြီး စက်တင်ဘာ၂၀ ရက်(ယနေ့) ညနေပိုင်းတွင် မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။ဘန်ကောက်တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး နယ်စပ်မြို့များတွင် ရွှေ့ပြောင်းမြန်မာလုပ်သားအများစု နေထိုင်သည့် စက်ရုံ၊ အလုပ်ရုံနေအိမ်များကို ထိုင်းရဲတပ်ဖွဲ့မှ ဝင်ရောက်စစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး အဖမ်းခံခဲ့ရသည့် တရားမဝင် မြန်မာလုပ်သားများမှာ ရာနှင့်ချီရှိကြောင်း ကိုရဲမင်းထံမှ သိရသည်။                       

Most Read

Most Recent