ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ၏ ထုပ်ပိုးပစ္စည်းများ သာမက ကွမ်းယာထုပ်များတွင်ပါ ကျန်းမာရေး အသိပေး ရုပ်ပုံဖော်ပြရန် စီစဉ်

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ၏ ထုပ်ပိုးပစ္စည်းများ သာမက ကွမ်းယာထုပ်များတွင်ပါ ကျန်းမာရေး အသိပေး ရုပ်ပုံဖော်ပြရန် စီစဉ်
Published 18 September 2015
အိသဉ္ဇာကျော်၊ ထွယ်ဆန်အောင်

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ၏ ထုပ်ပိုးပစ္စည်းများ သာမက ကွမ်းယာထုပ်များတွင်ပါ ကျန်းမာရေး အသိပေး ရုပ်ပုံများ ထည့်သွင်းဖော်ပြရန် ကျန်းမာရေး ဝန်ကြီးဌာနမှ စီစဉ်နေကြောင်း သိရသည်။ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေတွင် လိုအပ်နေသည့် အချက်များကို မကြာမီ ပြဋ္ဌာန်းမည့် နည်းဥပဒေ၌ ဖြည့်စွက် ရေးဆွဲထားပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ၏ ထုပ်ပိုး ပစ္စည်းများတွင် ကျန်းမာရေး အသိပေး ရုပ်ပုံများ ဖော်ပြမှုကို ၇၅ရာခိုင်နှုန်းအထိ ပါဝင်ရမည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက စတင် သတ်မှတ်ခဲ့ကြောင်း၊ အသိပေး ရုပ်ပုံများ စတင်ထည့်သွင်းရန်၊ ဥပဒေကြောင်းအရ စာသားနှင့်ပုံများ ဆီလျော်မှုရှိမရှိ ရှေ့နေချုပ်ရုံးသို့ တင်ပြထားခဲ့ကြောင်းနှင့် အတည်ပြု ချက် ရရှိရန် သက်ဆိုင်ရာ ဌာနများသို့ ပေးပို့ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။“ စီးကရက်ဘူးတွေမှာ ထည့်သွင်းသွားမယ့် ပုံတွေက အမျိုးမျိုးရှိပေမယ့် အဓိက သုံးသွားမယ့်ပုံတွေက လက်ရှိ မြန်မာနိုင်ငံက လူနာတွေရဲ့ ပုံတွေ၊ ကင်ဆာဌာနတွေမှာ လာပြတဲ့ သူတွေရဲ့ ပုံတွေကိုပဲ အသုံးပြုသွားမယ်။ မိခင်က ဆေးလိပ် သောက်တယ်ဆိုရင် ဘယ်လိုကလေးမျိုး မွေးသလဲ ဆိုတာတွေကိုလည်း ထည့်သွားဖို့ရှိတယ်။ ပုံတွေကို ခြောက်လတစ်ခါ ပြောင်းထည့်သွားဖို့လည်း စီးကရက် ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေနဲ့ စီစဉ် ထားတဲ့ အပိုင်းတွေလည်း ရှိပါတယ်။အတည်ပြုချက် ရပြီးသွားတဲ့ ပုံတွေတော့ ရှိနေပါပြီ။ ဒါတွေကို ဒီနှစ်အတွင်းမှာ လုပ်သွားဖို့ စီစဉ်နေပါတယ်။ အခု အတည်ပြုချက် ရလို့ရှိရင် ဆေးလိပ်ဘူးတွေအပြင် ကွမ်းယာထုပ်တွေ၊ ဆေးပေါ့လိပ်ထုပ်တွေမှာလည်း ထည့်သွားမှာပါ ” ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသူဇာချစ်တင်က ပြောကြားသည်။မြန်မာနိုင်ငံ၌ စီးကရက်ဘူးများ၏ ဘေးတွင် “ စီးကရက် သောက်သုံးခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသည် ” ဆိုသည့် သတိပေး စာတန်းတစ်ခုသာ ပါပြီး ထိုစာတန်းကို စီးကရက် ရောင်းချသည့်ဆိုင်အချို့တွင် သတိပေး စာတန်းအဖြစ်သာ ဖော်ပြထားကြောင်း၊ ဆေးပေါ့လိပ်များနှင့် အခြားသော ဆေးရွက်ကြီးထွက် ပစ္စည်းများကို ထုပ်ထားသော ထုပ်ပိုး ပစ္စည်းများတွင် ဖော်ပြထားခြင်း မရှိကြောင်းနှင့် အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း များစွာတွင် ကျန်းမာရေး အသိပေး စာတန်းနှင့် ရုပ်ပုံများကို ဖော်ပြကြသည့်အပြင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများတွင် ပါဝင်သော ဓာတုပစ္စည်း များကိုပါ ဖော်ပြထားကြောင်း သိရသည်။ပြည်တွင်းသို့ တင်သွင်းလာသည့် ပြည်ပမှ တရားဝင် (သို့) တရားမဝင် တင်သွင်းသော စီးကရက်ဘူးများတွင် မူရင်းထုတ်လုပ်သော နိုင်ငံပေါ် မူတည်၍ သတိပေး စာတန်းအပြင် ရုပ်ပုံများ ပါရှိသော်လည်း စီးကရက်ဘူး အများစုတွင် ထုတ်လုပ်သည့် နိုင်ငံနှင့် နေရာများ မဖော်ပြသကဲ့သို့ စီးကရက်တွင် ပါဝင်သော ဓာတုပစ္စည်းများ၏ အမျိုးအမည်၊ အရေအတွက် စသည်တို့ကို ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ ထုပ်ပိုးခြင်းနှင့် ကြော်ငြာတံဆိပ်၊ အမှတ်တံဆိပ်များ၊ အမှတ်အသား ရေးသားခြင်းများနှင့် ပတ်သက်၍ ဥပဒေပုဒ်မ (၁၁) တွင် အချက်ရှစ်ချက် ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း သိရသည်။အဆိုပါ အချက်ရှစ်ချက်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း ထုပ်ပိုးပစ္စည်းများတွင် ကျန်းမာရေး သတိပေးစာတန်း ပါရှိရမည်၊ ကျန်းမာရေး သတိပေး စာတန်းများကို အလှည့်ကျဖော် ပြပေးရမည်၊ ကျန်းမာရေး သတိပေးစာတန်းများ ရှင်းလင်းထင်သာ မြင်သာပေါ်လွင်ရမည်၊ ကျန်းမာရေး သတိပေးစာတန်းများကို ထုပ်ပိုးပစ္စည်းများ၏ မြင်သာသော မျက်နှာနှစ်ဖက်တွင် ဖြစ်နိုင်လျှင် ရာခိုင်နှုန်း ၅၀ (သို့) ထိုထက် မနည်းသော ဧရိယာပေါ်တွင် ရှိရမည်၊ ရာခိုင်နှုန်း ၃၀ ထက် မနည်း ရှိရမည်၊ ကျန်းမာရေး သတိပေး စာတန်းအပြင် ရုပ်ပုံများပါ ထည့်သွင်းရမည်၊ ကျန်းမာရေး သတိပေးစာတန်းနှင့် ရုပ်ပုံများအပြင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများတွင် ပါဝင်သော ဓာတုပစ္စည်းများကိုပါ ဖော်ပြရမည်၊ ပြည်တွင်း ပြည်ပ (တင်သွင်း) ထုတ်လုပ်သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ၊ ထုပ်ပိုးပစ္စည်းများ အားလုံးနှင့် သက်ဆိုင်သည်၊ ထင်ယောင်ထင်မှား၊ အသိမှားစေသော စာသားများပါသည့် စာတန်းများ၊ ဥပမာ-ပျော့၊ ပေါ့၊ အလွန်ပေါ့  စသည်များ၊ ကြော်ငြာတံဆိပ်၊ အမှတ်တံဆိပ်များ၊ အမှတ်အသား ရေးသားခြင်းများကို ရှောင်ရမည်ဟူ၍ ပါရှိကြောင်း သိရသည်။

Most Read

Most Recent