ဘာသာရေးကို နိုင်ငံရေးအတွင်း အသုံးချပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်သဖြင့် အရေးယူနိုင်ပြီး NLD အနေဖြင့် ဘာသာရေးကိုအခြေခံ၍ မဲဆွယ်တိုက်ခိုက်ခြင်း မလုပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း

ဘာသာရေးကို နိုင်ငံရေးအတွင်း အသုံးချပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်သဖြင့် အရေးယူနိုင်ပြီး NLD အနေဖြင့် ဘာသာရေးကိုအခြေခံ၍ မဲဆွယ်တိုက်ခိုက်ခြင်း မလုပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း
Published 6 September 2015

ဘာသာရေးကို နိုင်ငံရေးအတွင်း အသုံးချပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်သဖြင့် အရေးယူနိုင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဘာသာရေးကို အခြေခံ၍ မဲဆွယ်တိုက်ခိုက်ခြင်း မလုပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 
ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင် စက်တင်ဘာ ၅ ရက်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲသွားအပြီး ဒေသခံတစ်ဦးက အင်တာနက်စာမျက်နှာများတွင် NLD ပါတီအား ဘာသာရေးဖြင့် တိုက်ခိုက်မှုများ ရှိနေပြီး အဆိုပါ ဝါဒဖြန့်ရေးသားမှုများအား ဗုဒ္ဓဘာသာ ကိုးကွယ်သည့် တိုင်းရင်းသားအများစုမှာ ထင်ယောင်ထင်မှားဖြစ်နေသောကြောင့် ဖြေရှင်းပြောကြားပေးရန် တောင်းဆိုမှုအား ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
“ဘာသာရေးအရ နိုင်ငံရေးမှာ စည်းရုံးပိုင်ခွင့်ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆန့်ကျင်ပါတယ်။ အဲဒါ မလုပ်ရဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သေသေချာချာကို ရေးထားပါတယ်။ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးမချရဘူးတဲ့။ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်တဲ့အတွက် ဥပဒေအရ အရေးယူနိုင်ပါတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်တော့မှ ဘယ်သူ့ကိုမှ ဘာသာရေးကို အခြေခံပြီး မဲလည်းမဆွယ်ဘူး။ တိုက်ခိုက်တာလည်း မလုပ်ဘူး။ တခြားလူတွေ မှန်မှန်ကန်ကန် လုပ်တာ မလုပ်တာဟာ ကာယကံရှင်တွေနဲ့ပဲ ဆိုင်ပါတယ်။ ကျွန်မတို့အဖွဲ့ချုပ်အနေနဲ့တော့  တရားဥပဒေစိုးမိုးရေးကို ယုံကြည်တဲ့အဖွဲ့ ဖြစ်တာကြောင့်မို့လို့ တရားဥပဒေအရ ခွင့်ပြုတဲ့ အတိုင်းအတာတစ်ခုအထိပဲ စည်းရုံးရေးလုပ်ပါတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 
 
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများကို သတိပေးချင်ကြောင်း၊ အချင်းချင်း စိတ်ဝမ်းကွဲစေမည့်စကားများကို နားမယောင်စေလိုကြောင်း၊ အချင်းချင်း စိတ်ဝမ်းကွဲပါက  နွားကွဲလျှင် ကျားဆွဲသည်ဆိုသကဲ့သို့ အချင်းချင်းကွဲနေလျှင် နိုင်ငံ၏ အနာဂတ် လှနိုင်မည်မဟုတ်ကြောင်း၊ အထူးသဖြင့် နိုင်ငံရေးအတွက် အကျိုးအမြတ်ထုတ်ချင်သဖြင့် ဘာသာရေးကို သုံးသည်ဆိုသည်မှာ မလုပ်သင့် မလုပ်ထိုက်သည့်ကိစ္စဖြစ်သည့်အတွက် အင်မတန် အန္တရာယ်ကြီးပါသည်ဟု သတိပေးပြောကြားသည်။
 
အာဏာရပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ကျင်းပသည့် အလှူပွဲအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်အား အပုပ်ချဝေဖန်တိုက်ခိုက်ထားသည့် စာရွက်များဝေငှမှုဖြစ်စဉ်အချို့ ရှိခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းတာဝန်ရှိသူများ အဆိုပါကိစ္စရပ်များအား ပြည်ခိုင်ဖြိုးပါတီမှ ဆောင်ရွက်ခြင်းမဟုတ်ကြောင်း ငြင်းဆိုထားသည်။