ဗဟန်းမဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ရန် ဒေါက်တာညိုညိုသင်း အမည်စာရင်း တင်သွင်း

ဗဟန်းမဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ရန် ဒေါက်တာညိုညိုသင်း အမည်စာရင်း တင်သွင်း
Published 16 August 2015

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာညိုညိုသင်းသည် သြဂုတ်  ၁၃ ရက်က  ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
၂၀၁၅ ရွေးကောက်ပွဲတွင် ဗဟန်းမြို့နယ်မှ တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး NLD ကိုလည်း ဆက်လက်ဝန်းရံသွားမည်ဖြစ်ကြောင်း ဒေါက်တာ ညိုညိုသင်းက သြဂုတ် ၇ ရက်တွင် ရှင်းလင်းပြောကြားသည်။
 
ရွေးကောက်ပွဲ ဝင်ရောက်ရခြင်း အကြောင်းနှင့်ပတ်သက်၍  “ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို ခိုင်မာစေတဲ့အကြောင်းအရာတွေက ဘာလဲဆိုတော့ ကျွန်မလွှတ်တော်မှာ တစ်လျှောက်လုပ်ခဲ့တာတွေ ရှိပါတယ်။ လုပ်ခဲ့တဲ့ အတောအတွင်းမှာ ပြည်သူလူထု အကျိုးရှိတာတွေရှိပါတယ်။ လုပ်လက်စ တန်းလန်းတွေလည်း  အများကြီးရှိပါတယ်။ လုပ်လက်စ အလုပ်တွေကို ဆက်လုပ်ဖို့အတွက်ဆိုရင် ကျွန်မသည် လွှတ်တော်ထဲမှာ ရှိရမှာဖြစ်ပါတယ်”ဟု ဒေါက်တာညိုညိုသင်းက ရှင်းလင်းပြောကြားသည်။
 
၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ဗဟန်းမဲဆန္ဒနယ်တွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဦးသိန်းဟန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာကိုရဲအောင်၊ တစ်သီးပုဂ္ဂလအနေဖြင့် ဒေါက်တာ ညိုညိုသင်း၊ ဦးတင်ထွန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးထွန်းမြင့်နှင့် အမျိုးသားတိုးတက်ရေးပါတီမှ ဦးသက်ညွန့်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။
 
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအရေအတွက်မှာ ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၁၃ ရက်အထိ စုစုပေါင်း ၂၃၂  ဦးရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။
 
ဒေါက်တာညိုညိုသင်းသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သက်တမ်းအတွင်း ရန်ကုန်မြို့သစ်စီမံကိန်းအား ဆိုင်းငံ့ပေးရန် အဆို၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသက် ၇၀ ကျော် သက်ကြီးရွယ်အိုများအား နိုင်ငံပိုင်ဆေးရုံကြီးများ၌ အခမဲ့ ဆေးကုသခွင့်ပေးရန်အဆို၊ Dagon City အိမ်ရာစီမံကိန်းကို ယခုအစိုးရသက်တမ်းအတွင်း ဆိုင်းငံ့ပေးထားရန် စသည့် အရေးကြီးအဆိုများ တင်သွင်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent